ရေးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

0
2459

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးကာ၊ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုသိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ သာယာကုန်းရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဦးလွင်မိုးအေးနှင့်အတူ အသက် ၃၀ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၈ နှစ်အရွယ်ကလေး ၁ ဦး စီးနင်းလာသည့်ကား ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဦးလွင်မိုးအေးတို့ ၃ ဦးသည် မော်လမြိုင်တွင် ဆေးခန်းပြရန် ကားမောင်းနှင်လာစဥ် ကျောင်းရွာကျေးရွာ အနောက်ဘက်အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလွင်မိုးအေးသည် ရင်ဘတ်၊ နားထင်၊ ခြေထောက်တို့တွင် ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးနှင့် ကလေးကတော့ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

“ယာဥ်မောင်းကတော့ သေသွားတယ်။ သူ့အမျိုးသမီးနဲ့ သားကတော့ ဒဏ်ရာရတယ်။ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာတော့ မသိသေးဘူ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အိမ်စီးကား ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ယနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမရှိသေးသဖြင့်မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သည်ကို မသိရှိရသေးပေ။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ရွာသစ်ကျေးရွာလမ်းဝ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမတွင် ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးသွားခဲ့သေးသည်။

ရေးမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက် မကြာခဏဖြစ်ပွားလေ့ရှိသည်။