မြိတ်တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန် ဆိုင်ကယ်‌ပျောက်သူများလာ

0
2298

မြိတ်မြို့တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန်၌ ဆိုင်ကယ်ပျောက်ဆုံးမှု များလာကြောင်း ဆိုင်ကယ်အခိုးခံရသူနှင့် မြို့ပေါ်ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

မြိတ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအချိန်အဖြစ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။

သို့သော် ပြည်သူအများစုမှာ ည ၉ နာရီခန့်ကတည်းကပင် အပြင်ထွက်လေ့မရှိကြကြောင်း မြို့ခံအချို့က ဆိုသည်။

လက်ရှိတွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်၌ ဆိုင်ကယ်အခိုးခံရမှုများ ရှိလာခြင်းဖြစ်ကြောင်း မြိတ်တောင်နယ်မြေ‌နေသူအချို့က ပြောသည်။

“ဆိုင်ကယ်မောင်းတဲ့အသံ ခြေသံ‌တွေ ကြားတယ် ထွက်မကြည့်ရဲဘူး။ မနက်လင်းတော့ အိမ်ရှေ့က ဆိုင်ကယ်မရှိတော့ဘူး” ဟု မြိတ်တောင်နယ်မြေ ရပ်ကွက်တစ်ခုတွင်နေထိုင်သည့် ဆိုင်ကယ်ပျောက်ဆုံးခဲ့သူ တစ်ဦးက ဆိုသည်။

ဆိုင်ကယ်ပျောက်သည့် မတ်လ ၁၁ ရက်နေ့ ညတွင် ဆိုင်ကယ်မောင်းနှင်သည့်အသံအပြင် ခွေးဟောင်သံ၊ ခြေသံများကြားရသော်လည်း ကင်းလှည့်နေကြသည့် စစ်ကောင်စီတပ်နှင့် တွေ့မည်ကိုစိုးရိမ်သဖြင့် အပြင်ထွက် မကြည့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သာမန်အားဖြင့် မြိတ်မြို့ရှိ ဈေးများ၊ နေအိမ်များ၊ အမြန်ရေယာဉ်ဆိပ်နှင့် အများပြည်သူများသွားလာသည့် နေရာများတွင် နေ့ခင်းဘက်တွင်သာ ဆိုင်ကယ်ပျောက်ဆုံးမှုများ ရှိခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

“အခုက နေ့ခင်းဘက်မဟုတ်ဘူး ။ ညဘက်ကြီးအခိုးခံရတာ ကြားလာနေရပြီ၊ လူမထွက်ရဲတဲ့အချိန် အခွင့်ကောင်းယူပြီး ခိုးနေကြတာ၊ အရပ်ထဲက ဆိုင်ကယ်တစ်စီးလည်း ညဘက်ပဲ အခိုးခံလိုက်ရတယ်” မြိတ်တောင်ကျေးရွာအုပ်စုရှိ အောင်မင်္ဂလာရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပမှ မော်‌‌တော်ဆိုင်ကယ်အသစ်များ ဝင်ရောက်လာခြင်းမရှိတော့သည့်အတွက် တစ်ပတ်ရစ်ဆိုင်ကယ်ဈေးနှုန်းမှာ နှစ်ဆနီးပါး စျေးမြင့်တက်လာကြောင်း ဆိုင်ကယ်အရောင်းအဝယ် လုပ်ကိုင်သူအချို့က ဆိုသည်။

ယင်းကဲ့သို့ ဆိုင်ကယ်ဈေးနှုန်းမြင့်တက်သည့် အချိန်မှစပြီး ဆိုင်ကယ်ပျောက်ဆုံးမှုလည်း ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း မြို့ခံအချို့က ပြောသည်။