လောင်းလုံးရှိ စစ်ဘေးရှောင်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အကူအညီပေးနေ

0
2350
ပုံစာ - အောက်ကျောက်ဝပ်ရွာ စစ်ဘေးရှောင်များ

နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ယာယီအဆောက်အအုံများ လိုအပ်ပါက လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီမည်ဖြစ်ပြီး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာလာရသူ ၁၄၀၀ ခန့်ကို ရိက္ခာ၊ဆေးဝါးနှင့် ယာယီအဆောက်အအုံ အတွက် မိုးကာစများ ကူညီထောက်ပံ့ထားပြီးဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဟိဏ်းထက်က ဆိုသည်။

နီးစပ်ရာတောတောင်များအတွင်း တိမ်းရှောင်နေပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်လှမ်းမမီသည့်နေရာ ရောက်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဆွေမျိုးသားချင်းနေအိမ်များတွင် နေထိုင်သော်လည်း နာတာရှည်ရောဂါနှင့် အရေးပေါ်ကျန်းမာရေး အခြေအနေအရ ဆေးရုံတင်ကုသရမည့်လူနာများအတွက်ပါ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကို ဆက်သွယ်မယ်ဆိုရင် Page ကနေ ဆက်သွယ်လို့ရတယ်။ ပြီးရင် သက်ဆိုင်ရာ မြေပြင်မှာရှိတဲ့ ကိုယ်နဲ့သိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို ချိတ်ဆက်ဆောင်ရွက်လို့ရတယ်”ဟု ကိုဟိဏ်းထက်က ပြောသည်။

မတ်လ ပထမအပတ်နှင့် ဒုတိယအပတ်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ကျောက်ဝပ်၊ ကရင်ကြီးရွာနှင့် ပညစ်ရွာစသည့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

ယင်းနောက် အဆိုပါကျေးရွာများရှိ ဒေသခံများကို သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် နေအိမ်များရှိ ပစ္စည်းများကို ယူဆောင်သွားခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယင်းအခြေအနေများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ၃၁၀၀ ခန့်မှာနေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ အခြားရပ်ရွာရှိ ဆွေမျိုးမိတ်ဆွေနေအိမ်များတွင် ခိုလှုံသူများရှိသလို နီးစပ်ရာတောတောင် ဥယျာဉ်ခြံများအတွင်း တိမ်းရှောင်နေရသူများလည်းရှိကြောင်း ကိုဟိဏ်းထက်က ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ လက်လှမ်းမီသည့်နေရာများရှိ နေအိမ်စွန့်ခွာရသူများကို တော်လှန်ရေးအဖွဲ့များ ၊ ရပ်ကျေး ပြည်သူအုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်းမှုဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ယာယီအဆောက်အုံများကို လက်ဝယ်အရောက် ပံ့ပိုးကူညီနေကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။

အကူညီတောင်းခံလာသည့် နေအိမ်စွန့်ခွာပြည်သူများ၏ လုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ထားသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။