ထားဝယ်အရှေ့တောတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

0
3277

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

ဝကုန်းကျေးရွာနှင့် ဗဲ့မဲ့တတ်တောင်ကြောနေရာနှစ်ခုတွင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝကုန်းရွာအနီးက ဘဝပင်လမ်းဆုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနေ့က ဆိတ်လိုက်ဖမ်းသည့် ဒေသခံနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဝကုန်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“နှစ်ဖက်ထိခိုက်မှုအခြေအနေက ကျွန်တော်တို့ဘက်မှာတော့ ဘာမှမဖြစ်ဘူး။ ရန်သူဘက်ခြမ်းမှာတော့ ထိမယ်။ ကျွန်တော်တို့က အနီးကပ်ပစ်ထားတာကိုး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ဝကုန်းကျေးရွာနှင့် သင်္ကန်းတုံးရွာကြား ဗဲ့မဲ့တတ်တောင်ကြောတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ယင်းနောက် ညနေ ၃ နာရီခန့်အထိ စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) – T1 မှ ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စထိမှန်သဖြင့် ခြေဖနောင့်တွင် မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း အဆိုပါတပ်ရင်းမှ သိရသည်။

ဝကုန်းရွာဘက်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းလာနေပြီဟု သတင်းကြားစဉ်ကပင် ဒေသခံရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဝကုန်းရွာထဲကို ဝင်ရောက်စဉ် အိမ်နှစ်လုံး မီးရှို့လိုက်သည်ဟု ကြားသိရသော်လည်း ရွာကို မပြန်ရဲကြသေးသဖြင့် အတည်မပြုနိုင်သေးကြောင်း ဝကုန်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဝကုန်းရွာဘုန်းကြီးကျောင်း အနောက်ဘက်တွင် နေထိုင်သည့် အမျိုးသမီးကြီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဘုန်းကြီးကျောင်းတွင်နေထိုင်ရန်ပြောဆိုပြီး ခေတ္တထိန်းသိမ်းထားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့မှာ ဝကုန်းရွာတွင် မရှိတော့သော်လည်း ရွာသားအများစုမှာ နေအိမ်မပြန်ရဲသေးသဖြင့် ပုန်းခိုနေဆဲဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။