ထီးခီးနယ်စပ်တွင် ကရင်တပ်ဖွဲ့နှစ်ခု ပစ်ခတ်မှုဖြစ်နေ

0
3012

ထားဝယ်-ထိုင်းနယ်စပ် ထီးခီးနယ်စပ်တွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် KTLA တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။

ထီးခီးနယ်စပ် အမိုရွာအနီးတည်ရှိသည့် KTLA တပ်ခွဲ (၅) စခန်းကို KNU တပ်မဟာ (၄) KNLA တပ်ရင်းက ဝင်တိုက်ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပြင်းထန်ခဲ့ကြောင်း KTLA တပ်ခွဲ (၃) မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီက ဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ဝနာရီဝန်းကျင်တွင် KNLA က ကော်သူးလေ KTLA တပ်ခွဲ (၅) ကို အဝေးမှ လှမ်းပစ်ပြီး ဝင်ရောက်တိုက်ခိုက်သဖြင့် မိနစ် ၃ဝခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း KNLA တပ်ရင်းက လက်နက်ကြီးနှင့် အဝေးမှ ဦးစွာလှမ်းပစ်ပြီးနောက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စခန်းကို ဝင်တိုက်သဖြင့် သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ကြောင်း ဗိုလ်နှင်းဆီက ပြောသည်။

“မနက်မိုးလင်းစောစောမှာ သူတို့က ကျွန်တော်တို့ တပ်ခွဲ ၅ စခန်းကို အဝေးကနေပြီးပစ်တယ်။ ၁၂ နာရီထိုးတဲ့ အချိန်မှာ ကျွန်တော်တို့ တပ်ခွဲ ၅ စခန်းကို သူတို့ တိုက်တယ်” ဟု ၎င်းက ဆိုသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် KTLA ဘက်က ထိခိုက်မှုမရှိဘဲ KNLA ဘက်က ထိခိုက်မှုများသည်ဟု ဗိုလ်နှင်းဆီးက ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ (၄) နှင့် ကော်သူးလေတို့အကြား စစ်ရေးတင်းမာမှုမှာ မြင့်တက်နေပြီး အပြန်အလှန်ပစ်ခတ်မှုများ၊ နှစ်ဖက် ကြေညာချက်များ အပြိုင်ထုတ်ပြန်ခြင်းများလည်း ဆက်တိုက်ရှိနေသည်။

ယင်းအခြေအနေကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာကြရန် တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများက ဖေဖော်ဝါရီလ ၇ ရက်က တောင်းဆိုထားသည်။

ကရင်လက်နက်ကိုင် နှစ်ဖွဲ့လုံး၏ နယ်မြေများတွင် စစ်ကောင်စီကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိနေပြီး လက်ရှိပဋိပက္ခတွင် ကြားညှပ်မည်ကိုစိုးရိမ်နေကြသလို မည်သည့်ဘက်မှ ဝင်မပါကြရေးအတွက်လည်း ဆွေးနွေးမှုများလည်းရှိနေသည်။

“ပဲကြီးလှော်ကြားမှာ ဆားညှပ်စေလို့တော့ မရဘူးပေါ့နော်။ ကျွန်တော်တို့ ထားဝယ်သားတွေအနေနဲ့ လိမ္မာပါးနပ်ဖို့တော့ လိုတာပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်အတွင်းရှိ ပကဖအဖွဲ့များကလည်း စစ်ကောင်စီကိုသာ ဘုံရန်သူအဖြစ်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပကဖလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များကို ညွှန်ကြားထားသည်။

ကွပ်ကဲရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာက တရားဝင် (စာဖြင့်) ညွှန်ကြားချက်မရှိဘဲ အခြားသောလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား စစ်ရေးအရ အရေးယူဆောင်ရွက်ခွင့်မရှိကြောင်းလည်း ပါရှိသည်။