မောရဝတီရေတပ်တွင် အဖမ်းခံထားရသည့် ဖောင်းတောရွာသား သေဆုံး

0
265
ပုံစာ - ဦးဝင်းဘို

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီရေတပ်တွင် အဖမ်းခံထားရသည့် အသက် ၅ဝ ဝန်းကျင် အမျိုးသားတစ်ဦး ဧပြီလ ၂၄ ရက် ညနေပိုင်းက သေဆုံးသွားကြောင်း မိသားစုထံမှသိရသည်။

ဧပြီလ ၁၈ ရက်နေ့က အဖမ်းခံလိုက်ရသည့် သားအဖ ၂ ဦးအနက် ဖခင်ဖြစ်သူ ဦးဝင်းဘို သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားပြီဖြစ်ကြောင်းကို ဧပြီလ ၂၄ ရက်ညနေပိုင်းတွင် မောရဝတီရေတပ်မှ မိသားစုကို ဆက်သွယ်အသိပေးခဲ့သည်ဟု သိရသည်။

” (၂၄ ရက်နေ့) ညနေပိုင်းလောက် အရေးကြီးလို့လာတွေ့ပါပြောတယ်။ နောက်တစ်ကြိမ် ထပ်ဆက်သွယ်လာတော့ သေသွားပြီလို့ပြောတယ် ။ မိသားစုဆွေမျိုးတွေနဲ့ ရွာကလူတွေ ညက အလောင်းသွားသယ်ပြီး ဒဏ်ရာတွေစစ်ကြတော့ ဒဏ်ရာကြီးကြီးမားမားမရှိဘူး။ လက်ကောက်ဝတ်မှာပဲ ဖမ်းသွားတုန်းက လက်ထိပ်ခတ်ထားတဲ့ ဒဏ်ရာရှိတယ်။ ရေတပ်ဆေးရုံရဲ့ ဆေးစစ်ချက်ကတော့ ဦးနှောက်သွေးကြောပြတ်တယ်လို့ပြောတယ် ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သားဖြစ်သူကိုလည်း ယနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလကလည်း ကလိန်အောင်မြို့မရဲစခန်းတွင် အချုပ်ကျနေသည့် အသက် ၅၀ ကျော်အရွယ် ရှိ ဦးဖြူဆိုသူ အမျိုးသားလည်း ဖမ်းဆီးခံရရင်း သေဆုံးခဲ့ဖူးသည်။