တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2692

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်၀ဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ

အရပ်သားသတ်ဖြတ်မှုကြောင့် အင်ဒိုနီးရှားစစ်သား ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

အင်ဒိုနီးနိုင်ငံအရှေ့ပိုင်း ပါပူဝါခရိုင်မှာ အရပ်သား ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှားစစ်သား ၄ ဦးကို စစ်ခုံရုံးကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။

စစ်သား ၄ ဦးဟာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ပါပူဝါ စစ်ခုံရုံးကနေ စီရင်ချက်ချပြီးတဲ့အခါမှာတော့ ၂ ဦးကို တသက်တကျွန်း၊ ကျန် ၂ ဦးကတော့ ထောင်ဒဏ် ၁၅ နှစ်နဲ့ အနှစ် ၂၀ အသီးသီး ချမှတ်ခံခဲ့ရတာပါ။

အသတ်ခံလိုက်ရတဲ့လူတွေဟာ စစ်သားတွေထံက လက်နက်ဝယ်ဖို့ကြိုးစားကြရာကနေ အဆင်မပြေဖြစ်ပြီးတဲ့နောက် သူတို့ကို သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာ သူတို့ရုပ်အလောင်းတွေကို အပိုင်းပိုင်းဖြတ်၊ အိတ်ထဲထည့်ပြီး Timika မြို့အနီးက မြစ်ထဲကို ပစ်ချခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။

ဒီကိစ္စအတွက် စစ်သား ၆ ယောက် အမှုရင်ဆိုင်ခဲ့ရပေမယ့် တယောက်ကတော့ စီရင်မကျခင်မှာ ကွယ်လွန်သွားကာ အခြားတစ်ယောက်ကတော့ ပြီးခဲ့တဲ့လက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

Ref: CNA

………………………………..

တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၄ သောင်းကျော်လာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ရက်ပေါင်း ၁၀ ရက်ကျော်အတွင်း လူပေါင်း ၄ သောင်းကျော်လာပြီဖြစ်ပါတယ်။

သေဆုံးသူစာရင်းကတော့ နောက်ဆုံးရေတွက်ချိန် ဖေဖော်ဝါရီ ၁၆ ရက်အထိ ၄၃၈၈၅ ဦးအထိ ရှိသွားခဲ့တာပါ။

တူရကီနိုင်ငံမှာ ပြင်းထန်ပြီး ထိခိုက်မှုများတဲ့ ငလျင်ကြီးတွေ ဆက်တိုက်လှုပ်သွားခဲ့ပြီး ဆယ်ရက်ကျော်တဲ့အထိ ကယ်ဆယ်ရေးသမားတွေလည်း လက်မလျော့ပဲ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ကိုင်နေကြသလို အပြိုအပျက်ပုံအောက်ထဲမှာ အသက်ရှင်ကျန်နေသူတွေကိုလည်း ဆက်လက်ကယ်တင်နိုင်ဆဲ ဖြစ်ပါတယ်။

နာရီပေါင်း ၂၄၈ နာရီအကြာတဲ့အထိ အသက်ရှင်သူ ၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပြီး အပျက်အစီးတွေအောက်က အသက်ရှင်ကျန်ရစ်သူတွေထဲ ကလေးငယ်တွေကစ အသက် ၈၀ နားနီး သက်ကြီးတွေထိ ပါဝင်နေခဲ့ပါတယ်။

ပြင်းအား ၇.၈ မဂ္ဂနီကျူ့ရှိတဲ့အင်အားပြင်းငလျင်ဟာ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဂါဇီယန်တပ်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ ၇.၅ မဂ္ဂနီကျူ့ ရှိတဲ့ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ထိုင်းတောဝက်ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်မှာ ရုတ်တရက်သေဆုံး

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမှာ ရေကြီးလို့ လှိုဏ်ဂူထဲ နှစ်ပတ်ကြာပိတ်မိနေခဲ့ရာကနေ ကယ်တင်နိုင်ခဲ့တဲ့ လူငယ်ဘောလုံအသင်းထဲက အသင်းခေါင်းဆောင်ဖြစ်သူဟာ ဗြိတိန်နိုင်ငံမှာ ပညာသင်ဆုရလို့ သင်တန်းတက်နေရင်း ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ သေဆုံးချိန်မှာ အသက် ၁၇ နှစ်ပဲရှိသေးပြီး သူ ဘာကြောင့်သေဆုံးရတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကနေ ဒီသတင်းကို မျှဝေပေးခဲ့တာပါ။

၂၀၁၈ ခုနှစ် ဇွန်လတုန်းက ဆယ်ကျော်သက်ဘောလုံးသမား ကလေးငယ် ၁၂ ဦးနဲ့ လက်ထောက်နည်းပြတို့ဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်က Tham Luang လိုဏ်ဂူထဲကို စူးစမ်းလေ့လာရေး ခရီးထွက်ချိန် ရေလွှမ်းမိုးမှုကြောင့် ပိတ်မိသွားခဲ့ပါတယ်။

သူတို့ကို ကိုးရက်အကြာမှ လိုဏ်ဂူအဝင်ဝကနေ နှစ်မိုင်ခွဲအကွာမှာ ပြန်တွေ့ရှိရပြီး နောက်ထပ် ၆ ရက်အကြာမှာ ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Ref: BBC

………………………………..

ငလျင်ဒဏ်သင့် ဆီးရီးယားလက်နက်ကိုင်ထိန်းချုပ်နယ်မြေကို ကုလအကူအညီရောက်ရှိ

အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းဒေသက နယ်စပ်ဂိတ်ကို ဆီးရီးယားအစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂအကူအညီပေးရေး မော်တော်ယာဉ်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အဲဒီဒေသကို သွားရောက်နိုင်ပြီလို့ သိရပါတယ်။

အဆိုပါဒေသဟာ ငလျင်ဒဏ်ကြောင့် သေကြေပျက်စီးမှုတွေရှိပေမယ့် အကူအညီတွေကောင်းကောင်းမရဘဲ ဖြစ်နေတာပါ။

ဆီးရီးယားအစိုးရက Bab al-Salama နယ်စပ်ဂိတ်ကနေ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ယာဉ်တွေ ဖြတ်သန်းခွင့်ပြုပြီးတဲ့နောက် ကယ်ဆယ်ရေးယာဉ် ၁၁ စီးဟာ တူရကီနိုင်ငံဘက်ကနေ ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီယာဉ်တွေမှာ လူသားစာနာမှုဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ အမိုးအကာတွေ ၊ မွေ့ယာတွေ၊ ကော်ဇော်တွေနဲ့ ခြုံစောင်တွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တဖွဲ့က တူရကီကနေ ဆီးရီးယားက လက်နက်ကိုင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ပထမဆုံးအကြိမ် သွားရောက်နိုင်ခဲ့ပါတယ်။

Ref: Atalayar

………………………………..

အမေရိကန်က လေပေါ်မှာရှိတဲ့ အမျိုးအစား မသိရသော အရာတ္ထု ၃ ခုကို ပစ်ချ

အမေရိကန်မြောက်ပိုင်းမှာ အမျိုးအစားအတိအကျ မသိရသေးဘဲ အရာဝတ္ထု ၃ ခုကို ပစ်ချခဲ့ပြီးနောက် တစ်လထဲ ဝေဟင်ပေါ်ကနေ ၄ ခုကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံး ၃ ခုကတော့ တရုတ်ရဲ့ မိုးပျံပူဖေါင်းလို ထောက်လှမ်းရေးလုပ်ဖို့တော့ ရည်ရွယ်ထားတာမျိုး မတွေ့ရှိရကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်ကနေ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

Huron ရေကန်ကြီးပေါ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပျံသန်းနေတဲ့ အရာဝတ္ထုတခုအပါအဝင် ဒီ အရာဝတ္ထု ၃ ခုဟာ အနိမ့်ပျံသန်းလာတာကြောင့် အရပ်ဘက်လေကြောင်းပျံသန်းမှုတွေမှာ အန္တရာယ်ရှိတယ်လို့လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောကြားခဲ့တာပါ။

ထောက်လှမ်းရေးလုပ်တယ်လို့ အမေရိကန်ကနေ ယူဆထားတဲ့ တရုတ်မိုးပျံပူဖေါင်းကြီးတွေ့ကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပစ်ချခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

အမေရိကန်မှာ အဘိုးအိုတစ်ဦး နှစ် ၅၀ ကျော်အကြာမှ ဒေါက်တာဘွဲ့ရ

နစ်ခ် အက်စ်တန်ဆိုသူ ကျောင်းသားတစ်ဦးကတော့ ၁၉၇၀ ခုနှစ်မှာ Ph.D (ဒေါက်တာဘွဲ့) စတက်ခဲ့ပြီး နှစ် ၅၀ ကျော်ကြာ အသက် ၇၆ နှစ်အရွယ်ရောက်မှ ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။

နစ်ခ်ဟာ ၁၉၇၀ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ University of Pittsburgh မှာ သင်္ချာလူမှုဗေဒဆိုင်ရာ ပါရဂူတန်းတက်ရောက်ဖို့အတွက် Fullbright ပညာသင်ဆုနဲ့ သုတေသနစတင်ခဲ့ပေမဲ့ ငါးနှစ်အကြာမှာ ဒေါက်တာဘွဲ့မပြီးခဲ့ဘဲ ဗြိတိန်ကို ပြန်သွားခဲ့တာပါ။

၂၀၁၆ ခုနှစ် အသက် ၆၉ နှစ်အရောက်မှာတော့ နစ်ခ်က University of Bristol မှာ ဒဿနိကဗေဒဘာသာရပ်နဲ့ မဟာတန်း တက်ခဲ့ပြီး ဒေါက်တာဘွဲ့ယူဖို့ အဲဒီတက္ကသိုလ်မှာပဲ ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ University of Bristol က နစ်ခ်ကို ဒေါက်တာဘွဲ့အပ်နှင်းခဲ့ပါတယ်။

ဒေါက်တာနစ်ခ် ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်က လူတစ်ဦးချင်းစီရဲ့တန်ဖိုးတွေအပေါ် အခြေခံပြီး လူသားတွေရဲ့အပြုအမူကို ရှင်းပြတဲ့သီအိုရီအသစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။

Ref: University of Bristol

………………………………..

သြစတြေးလျမှာ ယာယီနေထိုင်သူ ဒုက္ခသည်တွေကို အမြဲတမ်းနေထိုင်ခွင့်ပေးမည်

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစလို့ ယာယီဗီဇာနဲ့ သြစတြေးလျမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ အမြဲတမ်း နေထိုင်ခွင့်ကို ရရှိကြတော့မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

၂၀၁၃ မတိုင်မီက သြစတြေးလျနိုင်ငံကို ရောက်ရှိနေကြတဲ့ ဒုက္ခသည်ပေါင်း ၁၉၀၀၀ လောက်ဟာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ မသေချာမရေရာတဲ့ဘဝမှာ နေရတာ အဓိပ္ပါယ်မရှိပါဘူးလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Andrew Giles က ပြောကြားလိုက်တာပါ။

အဲဒီသူတွေ ရရှိမယ့် ဗီဇာအသစ်ဟာ အမြဲတမ်း နေထိုင်ခွင့် ရရှိသူတွေရဲ့ အခွင့်အရေးအတိုင်း သက်သာချောင်ချိရေး ခံစားခွင့်နဲ့ အဆင့်မြင့် ပညာရေးကို သင်ယူခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

သူတို့ဟာ သြစတြေးလျနိုင်ငံသား အဖြစ်လည်း လျှောက်ထားနိုင်ပြီး သူတို့ရဲ့ ဆွေမျိုးတွေကိုလည်း သြစတြေးလျ နိုင်ငံကိုလာဖို့ လျှောက်ထားနိုင်မှာပါ။

နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေအနေနဲ့ လှေနဲ့မလာဖို့တော့ သတိပေးထားပါတယ်။

Ref: ABC

………………………………..

ရုရှားနဲ့ ယူကရိန်းတို့ အကျဉ်းသား ၁၀၀ ဦးထပ်မံလဲလှယ်

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အကျဉ်းသားလဲလှယ်မှုတွေ ထပ်မံပြုလုပ်ခဲ့ကြပြီး ယခုတစ်ကြိမ်မှာတော့ အကျဉ်းသား ၁၀၁ ဦးကို လဲလှယ်ခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားပါတယ်။

ယူကရိန်းစစ်ဦးစီးချုပ်က ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၁၀၀ နှင့် သာမန်အရပ်သားပြည်သူတစ်ဦး စုစုပေါင်း ၁၀၁ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့တာပါ။

ယခုပြန်လည်လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်အားလုံးနီးပါးကတော့ မာရီယိုပိုးလ်မြို့ကို ရုရှားလက်ထဲမကျရောက်ဖို့ ဝိုင်းကာကွယ်ခဲ့ကြရာကနေ အဖမ်းခံခဲ့ရတယ်လို ဆိုပါတယ်။

ရုရှားကတော့ ပြန်လည်လွတ်မြောက်လာတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ပို့ဆောင်ကာ ကျန်းမာရေးကုသမှုနဲ့ စိတ်ရော ကိုယ်ပါပြန်လည်ထူထောင်ဖို့ ပို့ဆောင်ပေးမှာလို့ ဆိုထားပါတယ်။

Ref: REUTERS

………………………………..

တာဂျစ်ကစ္စတန်မှာ နှင်းထုပြိုကျလို့ လူ ၂၀ ထက်မနည်း သေဆုံး

တာဂျစ်ကစ္စတန်အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း နှင်းထုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၂၀ အထိ ရှိလာခဲ့တယ်လို့ အစိုးရက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရာနဲ့ချီတဲ့ မိသားစုတွေကိုလည်း နေအိမ်တွေကနေ ထွက်ခွာကြဖို့ ပြောကြားထားတာပါ။

ဆီးနှင်းထုပြိုကျမှု အများစုဟာ နယ်စပ်ဒေသ ဂေါ်နို ဘာဒက်ရှန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်များခဲ့ပြီး အိမ်ထောင်စု ၄၀၀ ကျော်ကိုလည်း အန္တရာယ်ရှိတဲ့ နယ်မြေတွေနဲ့ ဝေးရာကို ရွှေ့ပြောင်းပေးထားရပါတယ်။

ဆီးနှင်းပြိုကျမှုတွေကြောင့် နေအိမ်တွေ လမ်းတွေ ထိခိုက်ခဲ့လို့ နိုင်ငံတကာ သွားလာမှု အားလုံးကို ရပ်ဆိုင်းထားရတယ်လို့ အစိုးရက ပြောပါတယ်။

Ref: Arab News

………………………………..

အိန္ဒိယရှိ ဘီဘီစီရုံးခန်းတွေ ရှောင်တခင် စစ်ဆေးခံရ

အိန္ဒိယ အခွန်အရာရှိတွေဟာ နယူးဒေလီနဲ့ မွမ်ဘိုင်းရှိ ဗြိတိန်အသံလွှင့်ဌာန ဘီဘီစီ ရုံးခန်းတွေကို ရှောင်တခင် စစ်ဆေးရေးအဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ဝင်ရောက်စစ်ဆေးတာတွေကို ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး ဘီဘီစီ အယ်ဒီတာနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတချို့ အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ လက်ပ်တော့ပ်တွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတာနဲ့ပက်သက်လို့ ဘီဘီစီသတင်းဌာနကလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ဆိုထားပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိခဲ့တဲ့ ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို အစိုးရက ဒေါသတကြီး တုံ့ပြန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ခုလို အခွန်ဌာနရဲ့ အရေးယူမှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၂ ခုနှစ်က ဂူဂျာရတ်မှာ ဖြစ်ပွားခဲ့တဲ့ လူစုလူဝေး အဓိကရုဏ်းဖြစ်ခဲ့တုန်းက ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ရှိနေခဲ့တာပါ။

Ref: BBC

………………………………..