ပုလော ကျောက္ကာရွာ ဂျင်းမွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

0
3116

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဂျင်း (သွေးဂုံး ခေါ် ဂျင်းခရု) မွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က အဆိုပါဖောင်အဆောက်အအုံငါးခုကို လက်နက်ကိုင်လူတစ်စုက လှေဖြင့်လာရောက်ကာ မီးရှို့ခဲ့ပြီး ရွာပေါ်ရှိ ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။

“မီးရှို့လိုက်တော့ (ပျူစောထီး) ပြည်သူ့စစ်တွေက ကမ်းပေါ်ကနေ ထိုးပစ်ကြတယ်။ ပစ်ခတ်မှုတွေ နည်းနည်း ဖြစ်သွားတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မီးရှို့ခံရသည့်ဖောင်များမှာ ယင်းရွာဒေသခံနှစ်ဦး၏ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်တွင် အလုပ်သမားတစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ဖမ်းသွားတယ်လို့လည်း မြင်တဲ့သူတွေက ပြောနေကြတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

လာရောက်မီးရှို့သူများမှာ ပုလောအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည်ဟု ပြောဆိုခဲ့ကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာတွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဂျင်းဖောင် မီးရှို့မှုဖြစ်ပွားခဲ့ပြီး မြိတ်မြို့မှ လာရောက် ဂျင်းလာဝယ်သူ အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလအတွင်း မီးရှို့မှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ဂျင်းမွေးမြူရေး လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး သတိပေးစာထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သွားရောက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမသတင်းဌာနကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောဆိုထားခဲ့သည်။

ပုလောမြို့နယ်အတွင်း ကျေးရွာများအနီးရှိ သဘာဝဂျင်းရှိသည့် ကုန်းများတွင် ရွာသူရွာသားများ မျိုးရိုးစဉ်ဆက်အလိုက် ယခင်က ရှာဖွေစားသောက်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် စီးပွားရေးသမားများက စစ်ကောင်စီထံတွင် လုပ်ကိုင်ခွင့် လျှောက်ထားပြီး ပိုင်ဆိုင်မှုပြုလုပ်ခဲ့ပြီးနောက် ရှာဖွေစားသောက်ခွင့် မရရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက္ကာကျေးရွာသည် အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိသည့် ရွာကြီးတရွာဖြစ်ပြီး ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။