နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်

0
2862

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။

ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးတင်အောင်က စခန်းသို့ လာရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဖေဖော်ဝါရီလ ၂ရက်မှ ၁၅ ရက်အတွင်း အပြီးပို့ဆောင်ပေးမည်ဟု သံအရာရှိက ကတိပေးသဖြင့် ဆန္ဒပြမှုကို ဆွေးနွေးမှုအပြီးတွင် စတင်ရပ်လိုက်ခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများထံမှ သိရသည်။

စုဝေးဆန္ဒပြတောင်းဆိုနေသည့်နေရာမှ ယခင်နေထိုင်ခဲ့သည့် အခန်းများသို့ မြန်မာများရောက်ရှိသွားကြပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အခု ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂၀၀ ပို့ပေးမယ်။ တစ်သုတ်ပို့ပြီး ကျန်နေတဲ့သူတွေကို နှစ်ပတ်အတွင်း အကုန်ပို့ပေး မယ်။ တစ်ကြိမ် (သို့) နှစ်ကြိမ်ထပ်ဖြစ်ချင်ဖြစ်မယ်။ လက်ရှိကတော့ သူပြောတဲ့ရက်ကို စောင့်ကြည့်နေခဲ့ရမှာပဲ” ဟု ထိန်းသိမ်းခံမြန်မာတစ်ဦးက ပြောသည်။  

ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ယခင်ကပင် နံပတ်စဉ် ရထားသူများ၊ ကိုယ်ဝန်ဆောင်များ၊ နာမကျန်းသူများကို ဦးစားပေးကာ ပြန်လည်ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အစားအသောက်နှင့် ရေကိုလည်း ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီဖြစ်ပြီး ပြန်လည် ပို့ဆောင်ပေးမည့် အစီအစဉ်ကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာနိုင်ငံသားများက ပြောဆိုကြသည်။

နေရပ်ပြန်ရန် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံဘက်က အရေအတွက်အကန့်သတ်ဖြင့်သာ လက်ခံနေသဖြင့် ထိန်းသိမ်းရေးစခန်းတွင် ခုနစ်လ၊ ရှစ်လကြာသည်အထိ နေနေကြရခြင်းဖြစ်သည်။

ယင်းသို့ နေထိုင်ရာတွင် အခန်းကျည်းထဲ ပြွတ်သိပ်ထိုးနေရခြင်း၊ အစားအသောက် အဆင်မပြေခြင်း၊ ကျန်းမာရေး မကောင်းလျှင် ဆေးကုသခွင့် မရခြင်း စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကြုံနေရသဖြင့် ဖေဖော်ဝါရီလ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။