မောင်မယ်ရှောင်တွင် စစ်ကားမိုင်းဆွဲခံရ၊ အနီးတွင်စိုက်ခင်းလုပ်နေသည့် သားအဖ ဖမ်းဆီးခံရ

0
2949

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံလိုက်ပြီး ယင်းအနီး ဟင်းသီးဟင်းရွက်ပင် စိုက်ပျိုးနေသည့် သားအဖနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။  

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၈ နာရီဝန်းကျင်က ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ကား နှစ်စီးသည် မောင်မယ်ရှောင်ရွာအထွက်တွင် မိုင်းဆွဲခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဗွီဂိုးကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လိုက်ပါလာသည့် ကားနှစ်စီး မိုင်းဆွဲခံရခြင်းဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် ကားပေါ်က လက်နက်ငယ်ဖြင့် လမ်းဘေးဝဲယာသို့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“မိုင်းပေါက်တာက နှစ်ချက်ပေါက်တယ်။ လက်နက်ငယ်နဲ့ ပစ်တာအချက်ရေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် အထိအခိုက် ရှိမရှိ မသိရသေးသလို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုလည်း အတည်မပြုနိုင်သေးပေ။

မိုင်းပေါက်ကွဲပြီးနောက် ကားလမ်းမဘေးရှိ လယ်ထဲတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသည့် မောင်မယ်ရှောင်ရွာသား လယ်သမား သားအဖကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။  

ဖမ်းဆီးခံလိုက်ရသူများမှာ မောင်မယ်ရှောင်ရွာသား ဦးဘဝင်းနှင့် ၎င်း၏သားဖြစ်သူ အသက် ၂၀ ကျော်အရွယ် မောင်ခမ်းငယ်ဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သားဖြစ်သူကိုတော့ ရိုက်နှက်ပြီး ဖမ်းသွားတယ်။ သူတို့က စိုက်ခင်းထဲမှာ ဟင်းရွက်ပင်တွေ စိုက်နေသူတွေပါ” ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါသားအဖနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားရသည်ကို မသိရသေးပေ။

ရေဖြူ-ထားဝယ် လမ်းပိုင်းရှိ မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက် ရလေ့ ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ရေဖြူဘက်မှ ထားဝယ်သို့လာသည့်လာသည့် စစ်ကောင်စီတပ်ကားတန်း ယင်းနေရာတွင်ပင် မိုင်းဆွဲခံလိုက်ရသေးသည်။

ယင်းဖြစ်ရပ်တွင် စစ်ကောင်စီတပ်ကားတိုက်သဖြင့် ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတည်းတွင် အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း သုံးကြိမ်ထက်မနည်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုလည်း တိုက်ခိုက်ခံရသေးသည်။