ပုစွန်ခြောက်ဈေး နှစ်ဆတက်

0
1564

အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြိတ်ဒေသထွက် ပုစွန်ခြောက်ဈေးနှုန်းနှစ်ဆ တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အာဏာမသိမ်းမီအချိန်က ပုစွန်ခြောက်အကြီး တစ်ပိဿာလျှင် လေးသောင်းကျပ်သာရှိခဲ့ပြီး လက်ရှိတွင် ခုနှစ်သောင်းကျော်မှ ရှစ်သောင်းအထိ ရှိလာနေကြောင်း ပုစွန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူအချို့က ပြောသည်။

“ကုန်ဈေးနှုန်းတွေ တအားတက်လာတာကိုး။ ပုစွန်ခြောက်က နဂိုကတည်းက ဈေးကောင်းရနေတာ။ ပင်လယ်ဘက်က ဝယ်ရင်းဈေးတောင် ခြောက်သောင်းကျော်နေပြီ” ဟု ပုစွန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပုစွန်ခြောက်ဈေးနှုန်းမှာ ၂၀၂၁ ခုနှစ် နှစ်လယ်ခန့်မှစတင်ကာ တဖြေးဖြေးမြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှစပြီး တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းပင် ၇၅၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိ ရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် ပုစွန်ခြောက်အလတ်ဆိုဒ်ကို ၅၆၀၀၀ ကျပ် ၊ အသေးဆိုဒ်ကို ၅၃၀၀၀ ကျပ်၊ အသေးဆုံးဆိုဒ်ကို ၂၀၀၀၀ ကျပ်၊ အကြေ ၃၅၀၀၀ ကျပ်၊ ဆိုဒ်ရော ၅၀၀၀၀ ကျပ် စသည့်ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြကြောင်း ယင်းဈေးကွက်မှ သိရသည်။

“ပုစွန်ခြောက် တစ်အိတ်ရောက်တာနဲ့ ခါတိုင်း ဆယ့်ငါးရက်မှ ကုန်တာ အခုက ငါးရက်ပဲရောင်းရတယ် ကုန်ပြီ။ ကုန်ဈေး‌နှုန်းတွေ တက်လာတာရော ပုစွန်ခြောက်အဝယ်များလာလို့လည်း ဈေးတက်သွားတာလို့ ပြောလို့ရတယ်” ဟု ရေထွက်ပစ္စည်းလက်ဆောင် အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

နေအိမ်တို့တွင် အများဆုံးအသုံးပြုကြသည့် ပုစွန်ခြောက်အသေးတစ်ထုတ်လျှင် ယခင်က နှစ်ရာကျပ်မှ လက်ရှိတွင် ငါးရာကျပ်အထိ ပေးဝယ်နေရပြီဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

ပုစွန်ခြောက်ဈေး ပို၍သော်လည်း အခြားတစ်ဖက်တွင် ကုန်ကျစရိတ်ပိုများလာ သဖြင့် အကျိုးအမြတ်ပိုလာခြင်း မရှိကြောင်း ပုစွန်ခြောက်လုပ်သူများက ဆိုသည်။

“လုပ်အားခရော၊ ဆီစရိတ်ပါ ဆတိုးတက်နေတာ။ ရွာဈေးက ‌ငါးသောင်းကျော် ခြောက်သောင်း‌ကျော်အထိရတယ်။ မြို့ပေါ်ကျတော့ ဈေးပိုရတာပေါ့” ဟု ကျွန်းစုမြို့နေ ပဲ့တိုင်ရွာနေ ပုစွန်ခြောက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပုစွန်ခြောက်တို့အား ဒေသတွင်းစားသုံးကြပြီး မြိတ်ဒေသထွက် လက်ဆောင်အဖြစ် ရောင်းချကြသလို ရန်ကုန်ဈေးကွက်အထိလည်း တင်ပို့ရောင်းချလေ့ရှိကြသည်။