ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

0
3425
Photo - Myanmar Letwei Collection

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ ၅ ချီ ယှဉ်ပြိုင်ထိုးသတ်ရသော ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချီပြည့်သည်အထိ အနိုင်အရှုံး အဖြေမပေါ်ခဲ့သည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

ယခုပွဲစဉ်ကို ၃ မိနစ်ထိုး ၂ မိနစ်နားပုံစံဖြင့် ၁၅ မိနစ်ကြာ ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး The Great Lethwei (TGL) ပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်။

နည်းစနစ်ပိုင်းဆိုင်ရာတွင် နာမည်ကောင်းရရှိထားသော သွေးသစ်ဝင်းလှိုင်သည် ပါဝါအားကောင်းသော ထွန်းထွန်းမင်းကို လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ပွဲချီ လေးချီမြောက်တွင် သွေးသစ်ဝင်းလှိုင်၏ ထိုးသတ်ချက်များကြောင့် ထွန်းထွန်းမင်းမှာ နှစ်ကြိမ်တိုင် အမှတ်စဉ် ရေတွက်ခံရသည်အထိ ဖြစ်သွားခဲ့သည်။

သွေးသစ်ဝင်းလှိုင်သည် ယခုပွဲစဉ်တွင် ထွန်းထွန်းမင်းကို အနိုင်ရရှိလိုက်သည့်အတွက် လက်ရှိချန်ပီယံ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရှိသွားခဲ့ပြီလည်းဖြစ်သည်။

လက်ရှိ လက်ဝှေ့ချန်ပီယံဒေဝ (Dave Leduc) သည် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ မထိုးသတ်မီတွင် ”ဒီပွဲမှာ နိုင်တဲ့သူကို ကျွန်တော့်အနေနဲ့ စိန်ခေါ်ခွင့်ပေးပါမယ်။ ဘုရင်ဖြစ်ဖို့ဆိုရင် ဘုရင်ကို အနိုင်ယူပြီးမှ ရတာပါ။ ကျွန်တော့်အနေနဲ့ နောက်ထပ်စိန်ခေါ်မယ့်သူအတွက် အဆင်သင့်ဖြစ်ပါပြီ။ ဖိုက်တာနှစ်ယောက်စလုံး ကံကောင်းပါစေ” ဟု ပြောကြားထားခဲ့သည်။