ရန်ကုန်သို့ လူနာပို့ခ ကျပ်ခုနစ်သိန်းဈေးပေါက်

0
2763

ထားဝယ်မြို့မှ ရန်ကုန်မြို့အထိ အရေးပေါ်လူနာပို့ဆောင်ခ ငွေကျပ်ခုနစ်သိန်းအထိ ပေါက်ဈေးရှိ နေကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်ဆေးကုသရန်လိုအပ်သည့် လူနာများကို ထားဝယ်မြို့ရှိ အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့အချို့က ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

လက်ရှိဈေးနှုန်းအရ ထားဝယ်-ရန်ကုန် အသွားအပြန် တစ်ခေါက်အတွက် စက်သုံးဆီးဖိုး ကျပ်ငါးသိန်းခန့် ကုန်ကျသည့်အပြင် ကားပြုပြင်ထိန်းသိမ်းမှုစရိတ်များကြောင့် လူနာတစ်ဦးပို့လျှင် ငွေကျပ်ခုနှစ်သိန်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တွင် ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုသည်။

“ဆီဈေးတက်လို့ ဒီဈေးယူနေရတာပါ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့သို့ လူနာတစ်ခေါက်ပို့လျှင် ငွေကျပ် ခြောက်သိန်းသာ ကောက်ခံရာမှ လက်ရှိတွင် စက်သုံးဆီ၊ ယာဉ်မောင်း ယာဉ်အကူတို့၏ စားစရိတ်နှင့် ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ် များကြောင့် ပြီးခဲ့သည့် တစ်လခန့်က ကောက်ခံသည့်နှုန်းထား ပြောင်းထားကြောင်း ၎င်းက ပြောဆိုသည်။

လူနာပို့ဆောင်ခတွင် သူနာပြုငှားရမ်းခ မပါဝင်သေးကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် အရေးပေါ်လူနာပို့ဆောင်ခြင်းကို တစ်လလျှင် တစ်ခေါက်မှ သုံးခေါက်ခန့် ပို့ဆောင် ပေးနေကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် အရေးပေါ်လူနာများကို ကူညီသယ်ဆောင်ပေးနေသည့် ဇဗ္မူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ကမူ ရန်ကုန်မြို့သို့ လူနာပို့ဆောင်ခြင်းကို ယာယီရပ်နားထားသည်။

လက်ရှိထားဝယ်မြို့တွင် ရန်ကုန်အထိ လူနာပို့ဆောင်ပေးနေသည့် လူနာတင်ယာဉ်အသင်း နှစ်သင်း ရှိသည်။

ခရီးသည်တင်ကားနှင့် လေယာဉ်စီးရန် အဆင်မပြေသည့် အရေးပေါ်လူနာအချို့မှာ လူနာတင်ကားဖြင့် ရန်ကုန်သို့ သွားလေ့ရှိသည်။