ကံပေါက်တွင် ဓားပြတိုက်ခံရ

0
3143

ရေဖြူမြို့နယ် ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာအုပ်စု တောင်ပယရွာက နေအိမ်တစ်ဆောင် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းတွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

ဓားပြတိုက်ခံရသည့် နေအိမ်မှာ တောင်ပယကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဦးအုန်းမြင့်၏ နေအိမ်ဖြစ်သည်။

“ည ၇နာရီခွဲလောက်မှာ ဖြစ်တာပါ။ အိမ်မှာ ယောက်ျားတွေ ဘုန်းကြီးကျောင်းတက်သွားလို့ တစ်ယောက်မှ မရှိတဲ့အချိန် ဂံ (ဗမာစကားပြောသူ) သုံးယောက် အိမ်‌ပေါ်တက်လာပြီး ဓားထောက် ပစ္စည်းတွေ လုသွားတယ်” ဟု ဓားပြတိုက်ခံရသည့် မိသားစုနှင့်နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရမှုကြောင့် ငွေသား ကျပ်နှစ်သိန်း၊ ရွှေ ငါးကျပ်သား ပါသွားခဲ့‌ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဓားပြတိုက်မှုဖြစ်စဉ်ပြီးနောက် ပယကျေးရွာနှင့် ဇာဒီကျေးရွာအုပ်စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးမှာ ဓားပြတိုက်မှုနှင့် ဆက်စပ်ပတ်သက်မှုမရှိဘဲ အခြားအကြောင်းအရာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

အထက်ပါ ဓားပြတိုက်မှုမှာ အာဏာသိမ်းကာလအတွင်း ကံပေါက်ဒေသတွင် ပထမဆုံးဖြစ်စဉ်တစ်ခု ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကမူ ကံပေါက်ဒေသတွင် ဓားမြတိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။