ရေးတွင် စစ်ကောင်စီအမြှောက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ငါးဦးသေဆုံး

0
2838

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မော့ကနင်ရွာသစ်တွင် စစ်ကောင်စီအမြှောက်တပ်ရင်းက တပ်ဖွဲ့ဝင် များကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးကြောင်း YGF က ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၂ဝရက် နံနက် ၉နာရီခန့်က မော့ကနင်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ရင်း (၃၁၇) က တပ်ဖွဲ့ဝင် ခြောက်ဦး ဆိုင်ကယ်သုံးစီးဖြင့် လာနေစဉ် YGF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး တစ်ဦးမှာ လွတ်မြောက်သွားကာ သေနတ် သုံးလက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် အမြှောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ခိုက်မှုဖြစ်ပြီးတော့ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရကြောင်းလည်း အထက်ပါဒေသခံက ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု YGF က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဇန်နဝါရီလ ၆ ရက်ကလည်း လမိုင်းမြို့က ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းကို YGF က ပစ်သတ်ခဲ့သေးသည်။

ရေးပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် စစ်ကောင်စီတပ်စခန်းများ၊ ဌာနဆိုင်ရာရုံးများကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။