သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁)

0
3738
(၈-၈-၈၈) ကာလ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်သားသမဂ္ဂအဖွဲ့ဝင်များ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၀)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၇၁-

(၁)   သေနေ့ရောက်လို့ သေသွားသူတွေချည်းတော့ မဟုတ်ပါ

လူဆိုတာ သေနေ့ရောက်ရင်၊ သေကံစေ့ရင် သေရမှာဖြစ်တယ်လို့ ဆိုကြပေမယ့် နှစ် (၆၀) ကျော် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးသွားသူ အားလုံးဟာ သေနေ့ရောက်လို့၊ သေကံစေ့လို့ သေသွားသူတွေချည်းတော့ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

အလားတူပဲ (၈-၈-၈၈) ရှစ် လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသားကျောင်းသူ၊ နောက်တခါ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားသူတွေဟာလည်း သေကံရောက်လို့ သေသွားသူတွေချည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဒါဆိုရင် လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်းနဲ့ တောတောင်တွေကြားမှာ လူမသိသူမသိ ကျဆုံးသွားကျတဲ့ လုပ်ဖော်ကိုင်ဖက် “ရဲဘော်သူငယ်ချင်း” တွေကိုရော သေကံရောက်လို့ သေသွားသူတွေလို့ ကျနော်တို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။

ABSDF ဗဟို (absdf.com) စစ်ရုံးချုပ်က ထုတ်ပြန်ထားတဲ့ (၂၀၁၁) ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့အထိ တရားဝင် စာရင်းဇယားတွေအရ နှစ် (၂၀) ကျော် ကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက် ဒဏ်ရာရ ကျောင်းသားဦးရေဟာ (၁၀၂၄) ဦး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ တိုက်ပွဲအတွင်း ကျဆုံးသူ (၃၅၃) ဦး၊ ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ သေဆုံးသူ (၂၇၂) ဦး၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူ (၃၉၉) ဦး ပါဝင်ပါတယ်။

ABSDF ဟာ အခုချိန်အထိ လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရစာရင်း ထပ်တိုးနိုင်သေးတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အထူးသဖြင့် လက်ရှိအစိုးရကို လက်နက်ကိုင် တိုက်နေဆဲဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အတူ ကျောင်းသားတပ်မတော် – မြောက်ပိုင်း (ABSDF-NB) တပ်တွေဟာ စစ်အစိုးရတဖြစ်လဲ အရပ်သားအစိုးရ (၂၀၁၂ ဝန်းကျင်ကို ဆိုလို) တပ်တွေကို ခုခံတော်လှန်နေဆဲ ဖြစ်ပါတယ်။

ABSDF တခုလုံးရဲ့ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရစာရင်းထဲကနေ ကျနော်သိတဲ့၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ အမှတ် (၂၀၁) တပ်ရင်း မင်းသမီးစခန်းနဲ့ အိမ်နီးချင်း (၂၀၃) တပ်ရင်းက အကျဆုံးစာရင်း တချို့ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။

(၁၉၉၈) ခုနှစ်မှာ (၂၀၁) တပ်ရင်း မင်းသမီးစခန်းက ရဲဘော်ဟောင်းတွေ ထုတ်ပြန်ထားတဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” မှတ်တမ်းစာအုပ်ငယ်အရ (၁၉၈၈) ကနေ (၁၉၉၇) မင်းသမီးစခန်း ခွာစစ်ပြီးချိန်အထိ ကျဆုံး၊ သေဆုံးဦးရေ (၈၁) ဦးရှိပါတယ်။ ဒါဟာ တပ်ဖွဲ့ဝင်အား (၃၀၀) ကျော်ရှိခဲ့ဖူးတဲ့ (၂၀၁) တပ်ရင်း မင်းသမီးစခန်း တခုတည်းရဲ့ ကျဆုံးစာရင်း ဖြစ်ပါတယ်။

အဲဒီထဲမှာ တော်လှန်ရေးအစောပိုင်း ကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ (၈) ဦး၊ ငှက်ဖျားအပါအဝင် ရောဂါပေါင်းစုံနဲ့ သေဆုံးသူ (၁၀) ဦး၊ ရေနစ်သေဆုံးသူ (၂) ဦး၊ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသူ (၂) ဦးကလွဲရင် ကျန် (၅၉) ဦးစလုံးဟာ တိုက်ပွဲအတွင်း ကျဆုံးသူနဲ့ ရှေ့တန်းနယ်မြေအတွင်း တဖက်ရန်သူရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသူတွေ ဖြစ်ပါတယ်။

လူဦးရေ (၃၀၀) ကျော်ရှိတဲ့ တပ်ရင်းတခုမှာ ကျဆုံး၊ သေဆုံးဦးရေ (၈၁) ဦးဆိုတာဟာ ABSDF တပ်ရင်းတွေထဲ အကျအဆုံးအများဆုံး တပ်ရင်းလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။

——————-

ပျောက်ဆုံးသွားသူတွေထဲက ကိုတင်းလေးနှင့် ကိုမြင့်သိန်းကို KNU ခရိုင်ရုံးရှေ့မှာ တွေ့ရစဉ်။

(၂) ကိုတင်လေး၊ ကိုမြင့်သိန်းနှင့် ထူးဆန်းစွာ ပျောက်ဆုံးသွားသူ (၈)ဦး

“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ဆောင်းပါးအစ ပထမဆုံးအခန်းမှာ ဖော်ပြပါရှိခဲ့တဲ့အတိုင်း ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်တွေမှာ (၅) နှစ်နီးပါး ကျနော်နဲ့အတူ ကျောင်းတက်ခဲ့သူ၊ အားကစား အတူတူလုပ်ခဲ့ဲ့သူ၊ မီတာ (၄၀၀) အပြေးနဲ့ ရေကူးချန်ပီယံ၊ ထားဝယ်မြစ်ကိုတောင် လက်ပစ်ကူးနိုင်သူ၊ ရုက္ခဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုတင်လေး။

(၈-၈-၈၈) ရှစ်လေးလုံးကာလအတွင်း ထားဝယ် တနယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ကျနော်တို့နဲ့အတူ တောခိုလာခဲ့သူ ကိုတင်လေး။ သီဘောဘိုးစခန်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ABSDF ဖွဲ့စည်းရေး အစည်းဝေးဆီ မင်းသမီးခစန်း ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ကိုတင်လေး။

ထားဝယ် ကျောင်းသားတွေတင်မက မင်းသမီးစခန်းရောက် ကျောင်းသားအားလုံးနဲ့ ဗဟိုဖက်က ကျောင်းသားတွေကပါ လေးစားခဲ့တဲ့ ကိုတင်လေးဟာ တောထဲရောက်ပြီး သိပ်မကြာခင် (၁၉၈၈) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။

ထားဝယ်မြို့ ပုံကျွန်းရပ်နေ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားသူ တခြား (၂) ဦးကတော့ ဇရစ်ရပ်နေ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသား ကိုအောင်မိုးမြတ်နဲ့ ကညုံရပ်နေ စိတ်ပညာ ဒုတိယနှစ် (ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) ကျောင်းသား ကိုကျော်အောင်တို့ ဖြစ်ပါတယ်။

ပျောက်ဆုံးတဲ့နေရာဟာ KUN တပ်မဟာ (၄) ဌာနချုပ်၊ မြိတ်-ထားဝယ်ခရိုင်ရုံးနဲ့ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ဆီအသွား (ထီးခီးဂိတ်နဲ့ ဖုန်နန်းမလွန်ရွာအကြား) လမ်းပေါ်မှာ ဖြစ်တယ်လို့ မင်းသမီးစခန်း ရဲဘော်ဟောင်းတွေ ထုတ်ပြန်တဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ်မှာ အသေးစိပ်နီးပါး ဖော်ပြထားပါတယ်။

နောက်တခါ (၁၉၇၄) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားမှာ ပါဝင်မှုနဲ့ ဆေးတက္ကသိုလ်ကနေ ကျောင်းထုတ်ခံရသူ၊ ထောင်ချခံရသူ၊ ပြီးတဲ့နောက် ဆေးကျောင်းဆက်တက်ခွင့် မရတော့တဲ့အတွက် စာပေးစာယူနဲ့ ဥပဒေဘွဲ့ရအောင် ကြိုးစားခဲ့သူ။

ထားဝယ် တနယ်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ဦး အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ရှေ့နေသမဂ္ဂမှ ကိုမြင့်သိန်းကတော့ (၁၉၈၉) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ အလားတူ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်လို့ အဲဒီစာအုပ်ငယ်က ဆိုပါတယ်။

ကိုတင်လေး၊ ကိုမြင့်သိန်း၊ ကိုအောင်မိုးမြတ်၊ ကိုကျော်အောင် တို့ကို အခြားကျောင်းသားကိုယ်စားလှယ်များနှင့်အတူ KNU ခရိုင်ရုံးရှေ့မှာ တွေ့ရစဉ်။

ထားဝယ်မြို့ ဦးကျော်ရင် (မီးပုံးပျံ) လမ်းနေ ကိုမြင့်သိန်းနဲ့အတူ ပျောက်ဆုံးသွားတဲ့ တခြား (၂) ဦးကတော့ ဦးကျော်ရင်လမ်းနေ ဒုတိယနှစ် အရှေ့တိုင်းပညာ (ရန်ကုန်တက္ကသိုလ်) က ကိုစိုးစိုးနဲ့ ဇရစ်ရပ်နေ ဒုတိယနှစ် ဓာတုဗေဒ (ထားဝယ်ကောလိပ်) က ကိုစိုးအောင်ခင်တို့ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာကတော့ တနင်္သာရီမြစ်နံဘေး ဆင်ဖြူတိုင်ရွာ ဝန်းကျင်မှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။

ABSDF ဗဟိုပြန်ကြားရေးအဖွဲ့ဝင်၊ ဝရဇိန်စာစောင် အဖွဲ့ဝင်အဖြစ်နဲ့ ဘန်ကောက်နဲ့ မင်းသမီးစခန်းအကြား  ကင်မရာလွယ်ပြီး အဝင်အထွက် လုပ်နေရင်းနဲ့ ပျောက်ဆုံးသွားသူ တဦးကတော့ ကိုထွန်းထွန်းအောင်ဖြစ်ပါတယ်။ သူဟာ ပဲခူးဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေက သမိုင်းဘာသာရပ်ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။

(၁၉၉၀) ပြည့်နှစ် အောက်တိုဘာလ (၂၁) ရက်နေ့မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာကတော့ တပ်မဟာ (၄) ဌာနချုပ် ထီးခီးနဲ့ ကျောင်းသားစခန်းရှိရာ အမရာရွာ အကြားမှာဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်ကဆိုပါတယ်။

နောက်ဆုံးတဦးဖြစ်တဲ့ ပုလောမြို့၊ စပယ်လမ်းက ဝင်းဇော် ခေါ် မဲတုံးကတော့ (၁၉၉၅) ခုနှစ် ဇန်နဝါရီလမှာ ပျောက်ဆုံးတာဖြစ်ပြီး နေရာကတော့ မင်းသမီးစခန်းနဲ့ ပြည်ခြားရွာဆီအသွား တနင်္သာရီမြစ်ဘေး တနေရာမှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။

ဒီပြဿနာတွေဖြစ်ချိန်မှာ ကျနော်ဟာ မဲဆောက်နဲ့ မာနယ်ပလောဘက် ရောက်နေပြီး KNU ဒေသ ABSDF နယ်မြေကော်မတီမှာ တာဝန်ထမ်းနေတဲ့အတွက် ဒါတွေကို အတိအကျ မသိလိုက်ပါဘူး။

အကြမ်းအားဖြင့်ကတော့ တော်လှန်ရေးအစောပိုင်းကာလ အခြေနေဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ရဲဘော်အချင်းချင်းကြား တယောက်အကြောင်းတယောက် အသေအချာ မသိကြသေးသလို မဟာမိတ်တွေကလည်း အားလုံးကို သံသယ မျက်လုံးတွေနဲ့ စုံစမ်းနေဆဲကာလမျိုး ဖြစ်ပါတယ်။

ကျနော်တို့ စခန်းကော်မတီအဖြစ် တာဝန်ယူနေစဉ်ကာလ (၁၉၉၀) အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ကိုထွန်းထွန်းအောင် ပျောက်ဆုံးမှုကိုတော့ ABSDF ဗဟိုက ထုတ်ဝေတဲ့ Dawn စာစောင်ထဲ အထိထည့်ပြီး ဒီအမှုကို အများသိအောင် ကျနော်တို့ ကြိုးစားခဲ့ပါတယ်။

နောက်တခါ ကျနော်တို့ မင်းသမီးခစန်းကော်မတီနဲ့ KNU မြိတ်-ထားဝယ် ခရိုင်ကော်မီတီတို့အကြား ပူးတွဲစုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီး ဒီအမှုကို စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အခြေနေအမျိုးမျိုးကြောင့် အမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ပါဘူး။

———-

ပျောက်ဆုံးသွားသူတွေထဲက ကိုမြင့်သိန်း၊ ကိုစိုးစိုးနှင့် ကိုစိုးအောင်ခင်တို့ကို တွေ့ရစဉ်။

(၃) တပ်ရင်း (၂၀၃)က ရဲဘော် (၁၃) ဦး ပျောက်ဆုံးမှု

ဒီလိုအမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့တဲ့ ပူးတွဲစုံစမ်းရေးကော်မရှင်နဲ့ ပတ်သက်ပြီး တဆက်တည်း ထပ်ပြောရမယ်ဆိုရင် (၂၀၃) တပ်ရင်းက ရဲဘော် (၁၃) ဦး ပျောက်ဆုံးမှုကိစ္စကိုလည်း အလားတူ ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ဖူးပါသေးတယ်။

(၂၀၃) နဲ့ (၂၀၁) ဟာ သီးခြားစီဖြစ်ပေမယ့် (၁၀၁)၊ (၂၀၁) နဲ့ (၂၀၃) တပ်ရင်း (၃) ခုပေါ်မှာ ဗလဖ ခေါ် ဗဟိုအလုပ်အဖွဲ့ (တောင်ပိုင်း) မှာ ကျနော်ပါတဲ့အတွက် အဲဒီစုံစမ်းရေးအဖွဲ့ထဲ ပါဝင်ခဲ့ဖူးပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် ABSDF (ဗလဖ) က အဖွဲ့ခေါင်းဆောင်အဖြစ် ကိုမျိုးဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့ (၄) ဦးပါဝင်ပါတယ်။ KNU ဖက်ကတော့ ခရိုင်အတွင်းရေးမှူး ပဒိုနီးနီးနဲ့ (၃) ဦးပါဝင်ပါတယ်။

တပ်မဟာ (၄) ဌာနချုပ် ထီးခီးရုံးမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာအထိ သွားရောက်စုံစမ်းဖို့ဆိုပြီး ကျနော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ တနင်္သာရီ မြစ်အတိုင်း (၂) ရက်ကျော် (၃) ရက်လောက် လှေစီးရတဲ့ ကော့မပြင်းရွာအနီးအထိ ရောက်လာပါတယ်။

ထူးဆန်းစွာပျောက်ဆုံးသွားသူ (၈)ဦးထဲက ၆ ဦးရဲ့ပုံကို “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ်မှာ ဖေါ်ပြထားပုံ။

ကော့မပြင်း အပေါ်နားရှိ တနင်္သာရီမြစ်ဘေးက တဲတလုံးမှာ စခန်းချရင်းနဲ့ သရာဘွင်ချောင်းဖျား၊ ပ၀ ချောင်းဖျားဆီတက်ဖို့၊ အဲဒီကတဆင့် အခင်းဖြစ်တဲ့ တနင်္သာရီမြို့နယ် ကဝက်ရွာ အနီးအထိသွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မိုးအရမ်းရွာနေပြီး ရေကြီးနေတဲ့အတွက် ခရီးစဉ်အထမမြောက်ပဲ ကျနော်တို့ ပြန်လာခဲ့ရပါတယ်။

ရာသီဥတု ကောင်းတဲ့အချိန်မှာ ပြန်သွားတဲ့ နောက်တကြိမ် ခရီးစဉ်မှာတော့ ကျနော်တာဝန်နဲ့ ထိုင်းထဲ ခရီးလွန်နေလို့ မပါတော့ပါဘူး။ အဲဒီခရီးစဉ်မှာ ကိုသိန်းဆောင်က အဖွဲ့ခေါင်းဆောင်၊ ကိုသောင်းထွန်းနဲ့ တခြားတဦး ပါဝင်တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့နေရာအထိ သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှ အတိအကျ သိခွင့်မရခဲ့၊ သက်သေ အထောက်ထားလည်း ဘာမှမရခဲ့တဲ့အတွက် အဖြေထွက်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အဲဒီကော်မရှင်မှာ ပါဝင်သူတွေက ပြောပါတယ်။

(၂၀၃) တပ်ရင်းကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားသူ (၁၃) ဦးကတော့ တပ်ကြပ်ကြီး ဘဦး၊ တပ်ကြပ်ကြီး အောင်ဘု၊ ဆက်သွယ်ရေး တပ်သား ဗလကြီး၊ တပ်သားတွေဖြစ်တဲ့ အောင်ဝင်း၊ မြင့်လွင်၊ ငါးခူ၊ ကြည်ငွေ၊ ခင်အေး၊ ဝင်းကျော်၊ အောင်ဌေး၊ ခင်ကျော်၊ တင်သိန်းနဲ့ ကျော်ညွန့်တို့ ဖြစ်တယ်လို့ ABSDF ဗဟိုက ထုတ်ပြန်တဲ့ ကျဆုံးစာရင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်က (၁၉၉၂) ခု၊ နေရာကတော့ တနင်္သာရီမြို့နယ် ကဝက်ရွာမှာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

(တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ (၅၉) ဦးနဲ့ ငှက်ဖျားအပါအဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများစာရင်းကို ဆောင်းပါးအဆုံးမှာ ဖော်ပြထားပါတယ်)

 “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ် မျက်နှာဖုံးပုံ။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၂) >>>>>

ထက်အောင်ကျော်