သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၂)

0
3623
မင်းသမီးစခန်းက အာဇာနည်ကုန်းမှာ ကျဆုံးရဲဘော်တဦးအား အလေးပြုနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၇၂- (နိဂုံး)

(၁) အိမ်ပြန်ချိန်မှာ မိဘ-မောင်နှမတွေကို ဘယ်လိုရှင်းပြရမလဲ

ဒီဖြစ်စဉ်တွေကို ပြန်ပြောနေခြင်းဟာ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးသွားတဲ့ “ရဲဘော်သူငယ်ချင်း” တွေကို မမေ့ပျောက်စေပဲ သမိုင်းမှတ်တမ်း တခုအနေနဲ့ အသေချာရှိနေစေဖို့ ကျနော် ရည်ရွယ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ကာယကံရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့စည်းတွေက ဆက်လက် တာဝန်ယူရမယ့်ကိစ္စလို့ ထင်ပါတယ်။

ကျနော်တဦးတည်း အမြင်ကတော့ ဒါတွေကို ပြန်လည်ဖော်ထုတ် အရေးယူရေးဆိုတာထက် တောင်အဖရိကနိုင်ငံမှာ လုပ်သလိုမျိုး အမှန်တရားဖော်ထုတ်ရေး ကော်မရှင်တခုဖွဲ့ပြီး အားလုံး အမှန်တိုင်းပြောကြဖို့၊ သမိုင်းမှတ်တမ်း တခုအနေနဲ့ ထိမ်းသိမ်းထားတာမျိုးကို ပိုလိုချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် (၂၀၁၂ ခုနှစ်ဝန်းကျင်ကို ဆိုလို) ABSDF ဥက္ကဌဟောင်း (၃) ဦးတောင် (ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်နှင့် ဒေါက်တာနိုင်အောင်) ပြည်တော်ပြန်ပြီးတဲ့ အခြေနေအထိ ရောက်နေပြီဆိုတော့ ဒီဖြစ်စဉ်တွေကို တနေ့မဟုတ်တနေ့ အနှေးနဲ့အမြန် ကျနော်တို့ ထုတ်ပြောရမှာပဲ ဖြစ်ပါတယ်။

ဥက္ကဌဟောင်း (၃) ဦးရဲ့ အိမ်ပြန်ခြင်းခရီးစဉ်ဟာ တောခိုကာစက ကျနော်တို့ မျှော်လင့်ထားသလို အိမ်ပြန်ခြင်းမျိုး မဟုတ်သေးပေမယ့်လည်း အခြေနေအရ ဒါမျိုးပြန်ရတာကို အပြစ်ပြောဖို့ ခက်ပါတယ်။

လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ဒါတွေကို ထုတ်ပြောလိုက်ရင် ဘုံရန်သူ စစ်အစိုးရအကြိုက်ဖြစ်ပြီး ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြား အချင်းချင်း ပဋိပက္ခပိုကြီးလာမလားလို့ စိုးရိမ်ရင်းနဲ့ မြိုသိမ့်ထားခဲ့ရတယ်လို့ ကျနော် နားလည်ခဲ့ပါတယ်။

ဒီကိစ္စတွေကို တချိန်ချိန်မှာ ထုတ်ပြောရမှာ ဖြစ်တယ်ဆိုတာကိုတော့ တောခိုကျောင်းသားတိုင်းက ခံယူထားပြီး ထုတ်ပြောသင့်တဲ့အချိန်၊ ထုတ်ပြောပုံပြောနည်းပေါ်မှာပဲ အမြင်နည်းနည်း ကွဲနေတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။

ဒီကိစ္စဟာ ABSDF ဗဟိုမှာ တာဝန်ရှိသလို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ခံတွေ၊ စခန်းတာဝန်ခံတွေ၊ အဲဒီစခန်းတွေဆီ တောခိုတုန်းက အတူတူထွက်လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ရဲဘော်ရဲဘက်တွေ၊ ရဲဘော်ဟောင်းတွေ တဦးချင်းစီမှာလည်း ဒီတာဝန်တွေရှိနေတယ်လို့ ကျနော် မြင်ပါတယ်။

ဥက္ကဌဟောင်း (၃) ဦး ပြည်တော်ပြန်ချိန်မှာ လူဦးရေ (၁၀၀၀) ကျော်ရှိတဲ့ ဒီ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရာ ကိစ္စတွေကို သူတို့ ရှင်းပြတာ မကြားမိပဲ မြောက်ပိုင်းက အမှုနဲ့ပဲ လုံးခြာလည်နေတာကိုသာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဥက္ကဌဟောင်းတွေနဲ့အတူ ပါသွားတဲ့ အမေရိကန်ရောက် တောခိုကျောင်းသားဟောင်းတဦးကတော့ သားပျောက်၊ သမီးပျောက် မိခင်တွေက လာမေးတဲ့အတွက် ABSDF ကျဆုံး၊ သေဆုံးစာရင်းနဲ့ နိုင်ငံခြားရောက် တောခိုကျောင်းသားတွေ အခြေအနေကို သူကြိုးစားပြီး အကျဉ်းရုံး ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။

မင်းသမီး အာဇာနည်းကုန်းအား တွေ့ရစဉ်။

အသေးစိတ်ကို ထပ်ရှင်းပြနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ကျဆုံး၊ သေဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သူတို့သားသမီးတွေ ကျဆုံးပုံအကြောင်း အသေချာရှင်းပြဖို့၊ တရားဝင် ကောင်းမှုကုသိုလ်ပြု၊ အမျှေ၀ အခမ်းအနားတွေ ကျင်းပနိုင်ဖို့၊ နောက်တခါ မိသားစုတွေကို အားပေးစကားပြောဖို့ လိုနေတယ်လို့ အဲဒီကျောင်းသားက ကျနော်အပါဝင် ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။

သူပြောသွားတဲ့ အတိုင်းပါပဲ။ ကျနော်ကိုယ်တိုင်လည်း ကိုတင်လေးရဲ့ မိဘတွေအပါဝင် ထားဝယ်နယ်က ကျဆုံး၊ ပျောက်ဆုံး ရဲဘော်တွေအတွက် သူတို့မိဘဆွေမျိုးတွေကို ဘယ်လိုရှင်းပြရမှန်း မသိသေးပါ။ ဒါပေမယ့် တနေ့မှာတော့ ဒါတွေကို မလွဲမသွေ ရှင်းပြရမှာ သေချာပါတယ်။ အဲဒီတနေ့ဟာ သိပ်မကြာတော့ဘူးလို့ ထင်ရပေမယ့် ဘယ်နေ့ အိမ်ပြန်နိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ ပြန်ခွင့်ရမလဲ ဆိုတာကိုတော့ ကျနော်ကိုယ်တိုင်လည်း မသိသေးပါ။

ဒါကြောင့် လောလောဆယ် ကျနော်တို့ အိမ်မပြန်နိုင်သေးခင်၊ ဘာမှ တရားဝင် ရှင်းမပြနိုင်သေးခင်မှာတော့ ကျနော်တို့ တောခိုခါစက အလွန်နည်မည်ကြီးခဲ့တဲ့ တော်လှန်ရေးသီချင်းတပုဒ်ကို စာဖတ်ပရိသတ်အားလုံး နားဆင်ရင်း … ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဖြစ်သွားကြတဲ့ ကျနော်တို့ရဲ့ “ရဲဘော်သူငယ်ချင်း” အားလုံးအတွက် အမျှေ၀ ဆုတောင်းပေးကြပါလို့ တိုက်တွန်းရင်းနဲ့ “သူပုန်ကျောင်းသားတဦးရဲ့  မာရသွန်ခရီးစဉ်” ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။.   ။

(မှတ်ချက်။ ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ABSDF ဗဟို တာဝန်ရှိသူတွေက ကျဆုံး-သေဆုံး ရဲဘော်များအတွက် ပြည်နယ်-တိုင်း အလိုက် အမှတ်တရအခမ်းအနားတွေကျင်းပပေးပြီး သက်ဆိုင်ရာမိဘဆွေမျိုးများထံ ကျဆုံးရခြင်းအကြောင်းရင်း မှတ်တမ်းနှင့် ဂုဏ်ပြုလွှာများပေးအပ်ပြီးဖြစ်ပါသည်)။

—————————–

တပ်ရင်းမှုး ကိုဇော်သန်း၊ ဒုရင်းမှူးကိုမင်းဇော်သူအပါဝင် ကျဆုံးသူအချို့ကို -ကြွေလွင့်သွားသော ကြယ်ပွင့်များ- စာအုပ်တွင် တွေ့ရပုံ။

(၂) သီချင်းခေါင်းစဉ်က “အာဇာနည် သူရဲကောင်းများသို့” တဲ့ …

* ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့တန်းတနေရာ … အသက်ပေးသွားတဲ့ သူငယ်ချင်းတို့ရယ် … ဦးညွတ်လျှက် ဂုဏ်ပြုလိုက်ပါတယ်။

* အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ တိုက်ပွဲဝင်ကာ … ကျဆုံးသွားတဲ့ သူငယ်ချင်းတို့ရယ် … အကြွေစောလို့ နှမျှောမိပါတယ်။

# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။

* နိုင်ငံတော်အတွက် အသက်ပေးကာရယ် … တိုက်ပွဲဝင်တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းရာသုဂတိ လားကြပါစေကွယ်။

* မြန်မာပြည်မှာ တို့ကျောင်းသားတွေ … အောင်လံထူကာ ဂုဏ်လွှင့်ခဲ့တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းမှုအားလုံး အမျှပေးဝေပါတယ်။

# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။

*****

အာဇာနည်းကုန်းနှင့် ကျဆုံးရဲဘော်အချို့ပုံကို -ကြွေလွင့်သွားသော ကြယ်ပွင့်များ- စာအုပ်တွင် တွေ့ရပုံ။

—————-

(၃) နောက်ဆက်တွဲ … တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ (၅၉) ဦးစာရင်း

(၁၉၈၈) ကနေ (၁၉၉၇) အထိ (၁၀) နှစ်တာကာလအတွင်း စစ်မြေပြင်မှာ ကျဆုံးသွားသူ မင်းသမီးစခန်း အမှတ် (၂၀၁) တပ်ရင်းက (၅၉) ဦးစာရင်းကို တာဝန်ယူမှုအလိုက် တန်းစီ ပြောရမယ်ဆိုရင် …..

၂၀၁၄ ခုနှစ်က မြိတ်မြို့မှာကျင်းပတဲ့ ABSDF ကျဆုံး-သေဆုံး ရဲဘော်များအား မှတ်တမ်းလွှာပေးအပ်ပွဲကို တွေ့ရစဉ်။

—————————–

(၄) ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများ

ငှက်ဖျားအပါဝင် ရောဂါနဲ့သေဆုံးသူ (၁၀) ဦးကတော့ စခန်းကော်မတီဝင်ဟောင်း ကိုဉာဏ်စိုး (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ စားပေးစာယူ ဒုတိယနှစ် သမိုင်း)။ ၁၉၉၉ ဇူလိုင်လ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံတခုမှာ ကွယ်လွန်။ အထူးတာဝန် စောလားဒို (တံတားဖြူအနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။ ပထမနှစ် သချာၤ၊ လှိုင်နယ်မြေ)။ ၁၉၈၉ မတ်လ ၁၃ ရက်။ ပဲဖျားရွာ သရက်ချောင်းမြို့နယ်မှာ ကွယ်လွန်။

တပ်စိပ်မှူး ဝင်းမောင် (ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်း)။ ၁၉၉၇။ ဘောတီရွာ။ တပ်မဟာ ၄ နယ်မြေမှာ ကွယ်လွန်။ တပ်စိပ်မှူး မြင့်ဇော် (ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်။ ၁၀ တန်း)။ ၁၉၉၂ အောက်တိုဘာ။ မင်းချမ်းတောင် ကျွန်းစုမြို့နယ်မှာ ကွယ်လွန်။ တပ်စိပ်မှူး အောင်ကျော်ထူး (ပုလောမြို့ နယ်၊ နန်းတောင်ရွာ)။ ၁၉၉၉ မတ်လ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။

ဆက်သွယ်ရေး တပ်သား အောင်ဆန်း (ပုလောမြို့ အမှတ် ၂ ရက်ကွက်။ ၁၀ တန်း)။ ၁၉၉၁ နိုဝင်ဘာလ။ မင်းသမီးစခန်းဆေးရုံမှာ ကွယ်လွန်။ တပ်သား ရဲထွတ် (ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ။ ၁၀ တန်း)။ ၁၉၈၉ သြဂုတ်လ။ ထားဝယ်မြို့နယ် အိုင်ဝိုင်းရွာမှာ ကွယ်လွန်။

ကျောင်းဆရာ ကိုသက် (ရန်ကုန်။ ဒုတိယနှစ် မြန်မာစာ ရန်ကုန်တက္ကသိုလ်)။ ၁၉၉၂ ဇန်နာဝါရီ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။ တပ်သား ဝင်းတင် (လောင်း လုံးမြို့နယ်၊ နခံတောရွာ)။ ၁၉၉၀။ ကထောင်းနီရွာ ထားဝယ်မြို့နယ်မှာ ကွယ်လွန်နဲ့ တပ်သား အောင်စိုး (ပုလောမြို့နယ်၊ ကျောက္ကာရွာ)။ ၁၉၉၅။ ထပ်စကဲဆေးရုံ၊ ထိုင်းနိုင်ငံမှာ ကွယ်လွန်တို့ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထားဝယ်မှာကျင်းပတဲ့ ABSDF ကျဆုံး-သေဆုံး ရဲဘော်များအား မှတ်တမ်းလွှာပေးအပ်ပွဲမှာ ဒုဥက္ကဌ ကိုမျိုးဝင်းအား တွေ့ရစဉ်။

——-

ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ ၂ ဦးကတော့ တပ်စုမှူး အောင်ဇင် (မြိတ်မြို့။ မြို့မ ၂ရပ်ကွက်)။ ၁၉၉၁ အောက်တိုဘာလ။ ထားဝယ်မြို့နယ် ကလက်ကီးရွာမှာ တာဝန်ထမ်းနေစဉ်နဲ့ ဆေးရဲမေ မကြူကြူလွင် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅ ဇွန်လ။ မင်းသမီးစခန်း ဘုန်းကြီးကျောင်းဝင်းအတွင်း သေဆုံးတို့ ဖြစ်ပါတယ်။

ရေနစ်သေဆုံးသူ ၂ ဦးကတော့ ကိုညီညီလွင် (ထားဝယ်မြို့၊ အေးထီဆိုင်။ ထားဝယ်ကောလိပ်၊ ဒုတိယနှစ် ဓာတုဗေဒ) ၁၉၈၈၊ အောက်တိုဘာလ။ ကျောက်ထူရွာအနီး ထားဝယ်မြို့နယ်နဲ့ ကိုပြုံးချို။ (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၁ နိုဝင်ဘာလ။ ပြည်ခြားရွာအနီး ပုလောမြို့နယ်တို့ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထားဝယ်မှာကျင်းပတဲ့ ABSDF ကျဆုံး-သေဆုံး ရဲဘော်များအား မှတ်တမ်းလွှာပေးအပ်ပွဲကို တွေ့ရစဉ်။

………………………………………

ထက်အောင်ကျော်