လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အား ကန့်ကွက်သည့် မြိတ်ဆန္ဒပြပွဲ မြို့ခံအချို့ဝေဖန်

0
3266

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အား ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ခုကို ဇန်နဝါရီလ ၁၂ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့ရာ မြို့ခံအချို့က ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲကို မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုရုံးအနီးရှိ အရှေ့သိမ်ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲကို နှာခေါင်းစည်းတပ်ဆင်ထားသည့် လူတစ်စုကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနှင့် စစ်ကောင်စီ ‌ထောက်ခံသူများပါဝင်ကြောင်း  မြို့ခံများက ဆိုသည်။

ဆန္ဒပြသူများမှာ အင်အားတစ်ရာဝန်းကျင်ခန့်သာရှိကြောင်း ဆန္ဒပြပွဲကျင်းပသည့်နေရာကို ပျူစောထီးအဖွဲ့ဝင်များက လုံခြုံရေးပေးထားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကဆိုသည်။

ယခုအချိန်တွင် ဆန္ဒပြမှုကိုပေါ်ပေါ်ထင်ထင် လုပ်ခွင့်ရသူများမှာ စစ်တပ်ထောက်ခံသူများသာရှိကြောင်း ယုံကြည်ချက်ကြောင့် လုပ်ခြင်းမဟုတ်ဘဲ အကျိုးအမြတ်ရှိ၍သာ ဆန္ဒပြရာတွင် ပါဝင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ဒီလောက်ဒုက္ခရောက်နေကြတာ အခုအထိလည်း ရှိနေတုန်းပဲ ငါး‌‌ထောင်စားတွေလေ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆန္ဒပြပွဲတွင် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေး ၊ အကြမ်းဖက် အားပေး ပြည်ပနိုင်ငံများ အလိုမရှိ၊ မြန်မာ့ဒီမိုကရေစီအရေး နှောက်နှေးမည့်အရေး ဒို့လက်မခံ စသည့် ဆိုင်းဘုတ်များနှင့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ကကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင်  အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတရားဖမ်းဆီးထားသူများ လွှတ်ပေးရန်တို့ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုထားသည်။