အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

0
5125

Princes in The Darkness 1990s

အခန်း(၁၀)

ဈာပနပွဲ ပြီးဆုံးခဲ့ပြီ။

တမူးဘက်သို့ ဗေဒါနှင့် ကိုနေဝင်းတို့ ချက်ချင်းပြန်ကူးခဲ့ကြသည်။

ကိုနေဝင်း၏ မိတ်ဆွေအိမ်တွင် တညတည်းခိုပြီး နောက်တစ်ရက်တွင် သူတို့ ချက်ချင်း ကလေးသို့ ပြန်ဆင်းကြရ၏။

သည်လောက် ခက်ခဲဝေးလံသည့် ခရီးလမ်းရှိသည့်  ဈာပနသို့ ကိုနေဝင်းဘာကြောင့် အရေးတကြီးတက်ရသလဲ ဗေဒါစိတ်ထဲ တနုံ့နုံ့ စဉ်းစားနေမိသည်။

စိန်ဓါးမြှောင်ဆိုသည့် အဘိုးကြီးကို လေးစားကြည်ညိုလွန်းသည့် အချက်တစ်ခုတည်းနှင့် မဟုတ်တန်ရာ။

ကလေးမြို့ လေဆိပ်သို့ ရောက်ပြီး လေယာဉ်စောင့်နေစဉ်အချိန်တွင်တော့ ဗေဒါမနေနိုင်တော့။

“ကိုနေဝင်း”

ခရီးဆောင်အိတ်ကို ပြင်ဆင်နေသည့် ကိုနေဝင်းက “ပြော”ဆိုသည့် သဘောဖြင့် ဗေဒါကို ခေါင်းဆတ်ပြသည်။

“ဒီလောက စည်းမျဉ်းတွေကို ကျွန်တော်လည်း နားလည်သင့်သလောက်နားလည်နေပါပြီ..ဒါပေမယ့်.. အခု ဒီခရီးကို ခင်ဗျားနောက် ကျွန်တော်လိုက်လာတာက…စီးပွားရေးတွေမှ မပါပဲကိုး…ခင်ဗျားမှာတော့ စီးပွားရေး ပါကောင်းပါမှာပေါ့..ကျွန်တော် မမေးသင့်မှန်းသိပါတယ်..ဒါပေမယ့်..ကျွန်တော်မနေနိုင်တော့လို့”

ကိုနေဝင်းက ခပ်ပြုံးပြုံးဖြင့် ဗေဒါကို ကြည့်လိုက်သည်။

“အေး..ငါဒီကိုလာတာ..ဒီဈာပနပွဲမှာ ဒေါ်ယုယုမော်နဲ့ တမင်တကာချိန်းထားကြလို့လာတာပဲ..  RAW  တွေ တောက်လျှောက်စောင့်ကြည့်နေတဲ့ကြားကနေ..ငါတို့အလုပ်ကိစ္စ စကားပြောဖို့ပဲ”

“ဘာလဲဗျ… RAW ဆိုတာ”

“ငါတို့ မိုးရေးထဲဝင်တော့ ဂျစ်ကားနဲ့လာကြိုတဲ့ကောင်တွေလေ…Research and Analysis Wing လို့ခေါ်တယ်..အတိုကောက် RAW ပေါ့..ရှင်းရှင်းပြောရရင်.အိန္ဒိယထောက်လှမ်းရေးတွေပေါ့ကွာ”

“စောင့်ကြည့်နေတယ်လည်းပြောတယ်..ကျွန်တော်တို့ကိုလည်းလာကြိုသေးတယ်..ဘယ်လိုမျိုးလဲဗျ”

“ဗေဒါ..မင်း..က အခု လောမိသားစုဆီမှာ အလုပ်လုပ်နေရင်း ထောက်လှမ်းရေးတွေနဲ့ ဆက်ဆံနေတာပဲ.မင်းအနေနဲ့..ဒီထက်တော့ ပိုပါးနပ်ဖို့လိုပြီကွ…ထောက်လှမ်းရေးဆိုတဲ့ကောင်တွေနဲ့ ငါတို့လိုကောင်တွေကြားမှာ…ရန်သူ မိတ်ဆွေ ကိစ္စ ဆိုတာ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ ပန်းလိုပဲ….အချိန်မရွေး ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တာမင်းမှတ်ထား…..သူတို့မျက်စိအောက်မှာ တို့ကို အမြဲတမ်းထားထားတာ..ကူညီနေတာတွေဟာ…ငါတို့ကို ချစ်လွန်းလို့မဟုတ်ဘူးကွ..ဒီလောက်ငါပြောရင်..မင်းပေါက်မှာပါကွာ”

ကိုနေဝင်း၏ စကားက တန်ဖိုးရှိလှသည်။

ဗေဒါ က ဘာစကားမှ ဆက်မပြောဖြစ်တော့။

မကြာမီ လေယာဉ်ဆိုက်လာပြီဖြစ်သဖြင့် လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။

လေယာဉ်သည် ကျွန်းပတ်လေယာဉ်ဖြစ်သဖြင့် အတော်ကြာကြာမောင်းနှင်ရ၏။

ဗေဒါက ကိုနေဝင်း၏ အလုပ်ကိစ္စ ကို မမေးတော့ပဲ ဈာပနပွဲမှ သူစိတ်ဝင်စားသည်များကို မေးမြန်ကြည့်မိသည်။

“အဲ့ဒီ အသုဘမှာ ဝှီးချဲနဲ့လာတဲ့ အဘိုးကြီးက ဘယ်သူလဲဗျ…ကိုနေဝင်း.လူတွေအားလုံးက သူလာတော့ ပြာပြာသလဲ သွားနှုတ်ဆက်ကြလို့”

“အင်း..ဗေဒါ..မင်း လမ်းမတော်ဖိုးတုတ်ဆိုတာ ကြားဖူးလား”

ဗေဒါက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီ..ဘိုးတော်နာမည်က ဉီးထွန်းရင် တဲ့..လမ်းမတော်ဖိုးတုတ်ကြီးရဲ့ လက်ရင်းတပည့်လူမိုက်လက်ဟောင်းကြီးပဲ..အခုတော့..မြင်တဲ့အတိုင်း လမ်းတောင်မလျှောက်နိုင်ရှာဘူး”

“ဪ”

“လူတွေ ပြာပြာသလဲသွားနှုတ်ဆက်ကြတယ်ဆိုတာက..ဒီဘိုးတော်ထက်..သူ့ကို ဝှီးချဲတွန်းပေးတဲ့ အဘွားကြီးဆီ သွားကြတာကွ”

“အဲ့..အဘွားကြီးက ဘယ်သူတုန်း”

“အဲ့ဒီအဘွားကြီး နာမည်က ဒေါ်မြနှစ်တဲ့….သူ့မိန်းမပေါ့ကွာ…စိန်ဓါးမြှောင်ကြီးရဲ့ တပည့်အရင်း ဝါဆို၊ဝါပိုရဲ့နှမ.. သူကလည်း အထက်မြန်မာပြည်က ကျွန်းသစ်ဂွင်အတော်များများကို ချုပ်ကိုင်ထားတာ….ကေအိုင်အေတွေနဲ့ပါ..ပြီးစီးတဲ့ ဘွားတော်ပေါ့”

ကိုနေဝင်းပြောပြမှပင် သူတက်ရောက်ခဲ့သော ဈာပနပွဲ၏ အရေးပါပုံကို ဗေဒါ တွေးမိသည်။ အခြား သူမသိသော သူများလည်း ရှိနိုင်ကောင်းရှိနိုင်ဉီးမည်။

သို့သော် သည်လောက် သိရလျှင်ပင် သူ့အတွက် လုံလောက်ပြီမဟုတ်လား။

ဗေဒါက ကိုနေဝင်းနှင့် စကားဆက်မပြောမိတော့။

ပင်လည်းပင်ပန်းလာသဖြင့် ခေတ္တမျှ မှေးရင်းလိုက်ပါလာမိသည်။

အိပ်မက်ထဲတွင် ဂျာနူးကို သူ တွေ့ရသည်။ တခါတရံ မိနစ်ပိုင်းသာ စကားပြောခဲ့ဖူးသော ဆံတိုမလေးလည်း ဖြတ်ခနဲပါလာတတ်၏။

ဗေဒါ နိုးသောအခါ လေယာဉ်က ရန်ကုန်သို့ ဝင်တော့မည်ဖြစ်သည်။

…………………………………

ရန်ကုန်လေဆိပ်မှ ထွက်ထွက်ချင်းပင်…သူ့အား လာရောက်စောင့်နေသည့် ဂျာနူးနှင့် ကျားရွှမ်ကို တွေ့လိုက်ရ၏။

ကျားရွှမ်သည် ဗေဒါ၏ လက်ထောက်အဖြစ် မစ္စတာလု က ပေးထားသော သူဖြစ်သည်။

သူပြန်လာမည်ကို ဂျာနူးတို့ ဘယ်လိုသိနေသလဲဆိုသည်ကို ဗေဒါ မမေးဖြစ်တော့။

မစ္စတာလု ၏ အလုပ်လုပ်ပုံသည် သူ့လုပ်ငန်းခွင်ထဲမှ လူတစ်ယောက်ချင်းစီ နောက်မှာ အရိပ်တွေ အထပ်ထပ်ဖြင့် ခြေရာခံထားသည်ကို ဗေဒါ သဘောပေါက်ပြီးသား။

အပြင်တွင် အသင့်ရပ်ထားသော ကားတစ်စီး ။ကျားရွှမ်က ဒရိုင်ဘာနေရာတွင် ဝင်ထိုင်လိုက်သည်။

ဂျာနူးက ကျားရွှမ်၏ ဘေးတွင် နေရာယူ၏။ ဗေဒါက နောက်ခန်းမှ တက်လိုက်သည်။

“ရှင့်ကို မစ္စတာလုက ခရီးထွက်ခိုင်းစရာရှိတယ်”

“ခုမှ ခရီးက ပြန်လာတာကိုကွာ..ဘယ်တော့သွားရမှာလဲ”

“ဒီညပဲ.သွားရမှာ..ကျားရွှမ်လည်း ရှင်နဲ့အတူ လိုက်ရလိမ့်မယ်”

ဗေဒါ ဘာမှ ဆက်မမေးတော့ပဲ..စိတ်ပျက်လက်ပျက် ဖြင့် ကားဆိုဖာခုံပေါ် မှီချလိုက်သည်။

ဂျာနူးက ဗေဒါကို နောက်ကြည့်မှန်ထဲမှ အကဲခတ်နေ၏။

ဗေဒါက မျက်လုံးကို စုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်လျက်။

“ကျားရွှမ်….မစ္စတာလုအိမ်က ခွေးတွေ အစာကုန်နေလို့..ရှေ့က ဆိုင်လေးမှာ ခွေးစာဝင်ဝယ်ပေးပါလား”

ကိုးမိုင်ရှိ အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်လေးရှေ့အရောက်တွင် ကျားရွှမ်က ကားရပ်ကာ ကားပေါ်မှ ဆင်းသွားသည်။

ကျားရွှမ်ဆင်းသွားသည်နှင့် ဂျာနူးက ဗေဒါရှိရာသို့ လှည့်လိုက်၏။

“အကို”

ဗေဒါက မသိချင်ယောင်ဆောင်ကာ ဆက်အိပ်နေ၏။

“အကို..ဒီမှာ..ဂျာနူး ပြောစရာရှိလို့ပါ”

ဂျာနူးက ဗေဒါ၏ ဒူးကို သူ၏ လက်ဖြင့် လှုပ်လိုက်သည်။

ဗေဒါ မနေနိုင်တော့။ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

ဂျာနူး၏ အပြုံးက နူးနူးညံ့ညံ့။ ခုနက လေဆိပ်တွင်တွေ့ရသော စက်ရုပ်မ မျက်နှာမျိုးမဟုတ်တော့။

“အကို အရမ်းပင်ပန်းလာမှာပဲ”

“လေယာဉ်စီးလာရတာပဲ…သိပ်အပင်ပန်းကြီးမဟုတ်ပါဘူး”

“ဂျာနူး..အကို့ကို သတိရနေတာ”

ဗေဒါက ဘာမှ ပြန်မပြော။

“အခု..အကို..သွားရမှာ..လားရှိုးဘက်နော်… ကကလှမ်း က ဗိုလ်မှူးကြီးအဆင့်ပါတဲ့အဖွဲ့နဲ့သွားရမှာ…အစစအရာရာ သတိထားပါ”

ကကလှမ်း မှ ဗိုလ်မှူးကြီးအဆင့်ပင်ပါသည်ဆိုသဖြင့် ဗေဒါမှာ အံဩသင့်သွားသည်။

မည်သို့သော ကိစ္စမျိုးဆိုသည်ကိုတော့  မမေးမိ။ ဂျာနူးကလည်း ဖြေမည်မထင်။

“နောက်ပြီး…အကို နဲ့အတူ ဟော့ဒီ ဒေါ်လာ (၇)သိန်း ပါ ထည့်ပေးလိုက်မှာ”

ဂျာနူး က ဗေဒါ၏ ဘေးတွင် ရှိနေသော အိတ်တစ်လုံးကို မျက်စပစ်ပြလိုက်သည်။

ဗေဒါ တသက်နှင့်တကိုယ် ကိုင်ရမည်ဟုပင် မထင်ထားသော ပမာဏ။ ဒေါ်လာ (၇)သိန်း။

“အခုလို ပြောပြပေးလို့ ကျေးဇူးပါပဲ”

ကျားရွှမ်ပြန်ရောက်လာသဖြင့် ဂျာနူးက စကားစကို ရပ်လိုက်၏။

ရှစ်မိုင်စစ်ရုံးအရှေ့ခပ်လှမ်းလှမ်းသို့ရောက်သောအခါ တောင်းအေ့စ်ကားတစ်စီး၏ အနောက်တွင် သူတို့ ကား ကို ရပ်လိုက်သည်။

“ကဲ..ကျွန်မ..ဒီနေရာကပဲ ဆင်းနေခဲ့မယ်..ဒါက ရှင်တို့နှစ်ယောက်လမ်းခရီးမှာသုံးဖို့..မစ္စတာလော ပေးခိုင်းလိုက်တာ”

ဂျာနူးက တစ်ထောင်တန်အုပ်ကြီးတစ်အုပ်စီကို ဗေဒါနှင့် ကျားရွှမ်ထံ ပစ်ပေးလိုက်၏။

ရှေ့တောင်းအေ့စ်ကားပေါ်မှ ပိုင်းလော့ကုပ် အစိမ်းရောင်နှင့် ဂျင်းပန်ကို ဝတ်ထားသော လူတစ်ဉီးဆင်းလာသည်။

နေဝင်လုနီးပြီဖြစ်သော်လည်း ကပ်ဉီးထုပ်နှင့် နေကာမျက်မှန်ကို မချွတ်။

ထိုသူက ဂျာနူးနှင့် ခေတ္တစကားပြောသည်။

ထို့နောက် သူတို့ ကားပြတင်းတံခါးဝသို့ မတ်တပ်လာရပ်၏။

“ကိုဗေဒါ..ကျွန်တော့်ကို မှတ်မိလား”

ထိုသူက မျက်မှန်နှင့် ဉီးထုပ်ကို ချွတ်ပြလိုက်သည်။

“ကျွန်တော် ဗိုလ်ကြီးရန်နိုင်ဝင်းလေဗျာ”

ထိုအခါမှ ပိုင်အိုနီးယားကလပ်တွင် သူ့အား လာခေါ်ထုတ်သွားပေးသော ထောက်လှမ်းရေးစစ်ဗိုလ်ကို ဗေဒါ မှတ်မိတော့၏။

“ရှေ့က ကားမှာတော့ ကျွန်တော်တို့တပ်မှူး ပါ ပါလာတယ်..ကျွန်တော်ကတော့ ကိုဗေဒါတို့နဲ့ အတူလိုက်မှာပါ..တယောက်တလှည့်ကားမောင်းကြတာပေါ့”

ဗိုလ်ကြီးရန်နိုင်ဝင်းက တံခါးကို ဖွင့်ကာ ကျားရွှမ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

ဗေဒါက အပြင်ဘက်တွင် ရပ်နေသော ဂျာနူးအား လှမ်းကြည့်လိုက်၏။

ဂျာနူးက တာ့တာ့ဆိုသည့်သဘောဖြင့် သူ့ကို လက်ကလေးခိုးပြသည်။

ဗေဒါ ပြန်မနုတ်ဆက်မိ။

ဂျာနူးမျက်နှာလေး ငိုမယောင်ဖြစ်နေသည်ကိုလည်း မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

ရှေ့မှ တောင်းအေ့စ်ကား နောက်သို့ ဗေဒါတို့၏ ကားလည်း လိုက်ပါထွက်ခွာသွား၏။

ဗေဒါကတော့ ဒေါ်လာ (၇)သိန်းပါသော အိတ်ကြီးကို ဂျာနူးအမှတ်ဖြင့် ပေါင်ပေါ်တင်ကာ ထွေးပိုက်ထားလိုက်မိတော့သည်။

…………………………………

လားရှိုးသို့။

ခရီးစဉ်တစ်လျှောက် ဗိုလ်ကြီးရန်နိုင်ဝင်းမှတဆင့် ကကလှမ်းမှ တပ်မှူးဆိုသူ ဗိုလ်မှူးကြီးအပါအဝင် အဖွဲ့သားများနှင့် ဗေဒါ အဖွဲ့ကျသွားသည်။

ကျားရွှမ်ကမူ မြန်မာစကားကို ရေရေလည်လည်မပြောတတ်သဖြင့် ခရီးတစ်ခုလုံး အရက်သာ ဖိသောက်လာ၏။

ထောက်လှမ်းရေးအဖွဲ့များနှင့် ရင်းနှီးမှုအတိုင်းအတာတစ်ခုရရှိချိန်တွင်တော့ ခရီးစဉ်အကြောင်းကို ဗေဒါ တစွန်းတစ ရုပ်လုံးဖော်လာနိုင်သည်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ(နအဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။

နအဖစစ်အစိုးရသည် နိုင်ငံအနှံ့ပြန့်ကြဲသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို စစ်ရေးအရ ဖိအားပေးခြင်း၊ အချင်းချင်းသပ်လျှိုသွေးခွဲခြင်း၊ စီးပွားရေးဆိုင်ရာလုပ်ပိုင်ခွင့်များပေးခြင်း စသည် နည်းလမ်းမျိုးစုံဖြင့် အပစ်ရပ်၊ လက်နက်အပ်ရန် ချဉ်းကပ်လာခဲ့သည်။

နိုင်ငံရေးအရ ဖြေရှင်းခြင်းမဟုတ်ပဲ ထိုနည်းလမ်းများဖြင့် ချဉ်းကပ်ခြင်းကြောင့် အပစ်ရပ်အုပ်စုများအကြား အလွှာနှစ်မျိုးခွဲသော စနစ်ပေါ်ထွက်လာသည်။

ပထမအလွှာတွင် အဓိကလက်နက်ကိုင်အုပ်စုများဟု စစ်တပ်က ယူဆသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သည်။

ဒုတိယအလွှာသည် မူလအဖွဲ့အစည်းကြီးများမှ ခွဲထွက်ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ငယ်များဖြစ်သည်။

နအဖအစိုးရသည် ထိုအဖွဲ့ငယ်များကို စီးပွားရေးလုပ်ပိုင်ခွင့်များ၊ အပိုင်နယ်မြေများ ပေးအပ်ကာ မူလအဖွဲ့ကြီးများအတွက် ဖိအားတစ်ရပ်အဖြစ် ပုံဖော်ဖန်တီးယူခဲ့၏။

၁၉၉၁ ခုနှစ်ကတည်းက စစ်တပ်နှင့်ဆက်ဆံရေးကောင်းခဲ့သူ လောမိသားစုသည် နအဖ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့ငယ်များအကြား ငြိမ်းချမ်းရေးအကျိုးဆောင်ပွဲစားနေရာကိုလည်း ရယူထားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ပြန့်ကျဲထွက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်၊ အဖွဲ့လတ်ပေါင်း များစွာမှာ စစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီး စီးပွားရေးလုပ်ပိုင်ခွင့်၊ အပိုင်နယ်မြေများ ရရှိစေရန် လောမိသားစုနှင့် ချိတ်ဆက်ကြရ၏။

ငြိမ်းချမ်းရေးရယူသည်ဆိုသည့် ခေါင်းစဉ်အောက်မှ လက်နက်များဟန်ပြအပ်နှံသည့်အခါ လက်နက်အရေအတွက် များများနှင့် အမျိုးအစားကောင်းများပါသော အဖွဲ့မှာ အခွင့်အရေးပိုရသကဲ့သို့…ထိုဒေသကို ကိုင်တွယ်သည့် စစ်တိုင်းမှူးများမှာလည်း နအဖ အဖွဲ့အတွင်း ဂုဏ်တက်ကာ ရာထူးတက်ရန် အလားအလာကောင်းရရှိတတ်သည်။

ထိုအခြေအနေတွင် လောမိသားစုသည် အလင်းဝင်မည့် လက်နက်ကိုင်အဖွဲ့များရော စစ်တိုင်းမှူးများပါ အဆင်ပြေစေရေးအတွက်  ငွေကြေးစပွန်ဆာပေး၏။

ထို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ပိုင်ခွင့်များရရှိသည့်အခါ လောမိသားစုအတွက်လည်း ရာခိုင်နှုန်းအလိုက် ရှယ်ယာရရှိသည်။

ယခု ခရီးစဉ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်စဲမည့် အဖွဲ့ငယ်၏ လက်နက်အပ်နှံပွဲအတွက် လောမိသားစုမှ ဒေါ်လာ(၇)သိန်း စပွန်ဆာပေးခြင်းပင်။

ကြားထဲမှ ညိှနှိုင်းဆောင်ရွက်ပေးမည်က ကက(လှမ်း)အဖွဲ့များနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဖြစ်သည်။

အစွယ်လိုသူက စစ်တိုင်းမှူးနှင့် ထောက်လှမ်းရေး၊ အသွားစေသူက မစ္စတာလု၊ ထိုငွေကို သယ်ယူလာသူက ဗေဒါ။

လက်နက်ကိုင်အဖွဲ့ငယ်များ အများဆုံးဖြစ်နေသော ရှမ်းပြည်မြောက်ပိုင်းကို ကိုင်တွယ်ရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှာ လောမိသားစုနှင့် အပြန်အလှန်အကျိုးစီးပွားကို စတင်တည်ဆောက်နေကြပြီဖြစ်၏။

ဗေဒါနှင့်အတူ ပါလာသော ကျားရွှမ်မှာလည်း လောမိသားစု၏ လက်နက်ကိုင်တပ်တွင် မူဝါဒရေးရာအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် ထိုနယ်မြေကို အထူးကျွမ်းကျင်သည်။

ကျားရွှမ်သည် အရက်လိုင်းဖြစ်သဖြင့် ဗေဒါက သူ့အကြိုက်ကိုလိုက်ကာ အတူတူသောက်စားကြသဖြင့် ကျားရွှမ်ထံမှလည်း လောမိသားစုနှင့်ပတ်သက်သည့် အချို့အချက်အလက်များကို ဗေဒါ သိရ၏။

၁၉၅၀ နှစ်များအတွင်းက မာလိပါးတောင်းတန်းခေါ်   ကိုးကန့်ဒေသ၏  နယ်စားပယ်စားယန်းမိသားစု အဆက်အနွယ်ဖြစ်သည့် အောလစ်ဗ်ယန်း ဆိုသည့် အမျိုးသမီး သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသော တရုတ်ဖြူ ကူမင်တန် အဖွဲ့၏ ကျောထောက်နောက်ခံနှင့်အတူ ထိုဒေသ၏ ပထမဆုံး စစ်ဘုရင်မ ဖြစ်လာသည်။

ထိုင်းနယ်စပ်သို့ လားများဖြင့် ဘိန်းတင်ပို့သည့် လုပ်ငန်းသည် အော်လစ်ယန်း ရဲ့ ပေါ်ပီပန်းပလ္လင်ကို ပိုမို မြင့်သည်ထက် မြင့်လာစေသည်။

၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရ သော်လည်း စစ်ဘုရင်ယဉ်ကျေးမှု နှင့် သူမ၏ ဘိန်းအင်ပါယာက ဆက်လက် ရှင်သန်နေခဲ့သည်။

အစ်ကိုဖြစ်သူ ဂျင်မီယန်း က တရုတ်ဖြူကူမင်တန်တပ်များနှင့် နိုင်ငံရေးအရ ဆက်လက် ပူးပေါင်းခဲ့သလို စီးပွားရေးလုပ်ငန်းများလည်း ဆက် လုပ်ခဲ့သည်။ ဂျင်မီယန်းသည် ပညာတတ်တဦး ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သား သမီးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံရှိ ချုံကင်း (Chongqing) တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၀ တွင်ကိုးကန့် ဒေသ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ နောက် နှစ်အနည်းငယ် ကြာသည့်အခါ East Burma ဘဏ်ကို တည်ထောင်ခဲ့သည်။

တပြိုင်နက်တည်းတွင် တချိန်က အော်လစ်ယန်း၏ လက်အောက်ခံတပ်မှူးတစ်ဉီးဖြစ်ခဲ့သည့် လောမိသားစုဖခင်ကြီးကလည်း မြင်းဝန်တင်တပ်ဖွဲ့နှင့် ကိုယ်ပိုင်လက်နက်ကိုင်တပ် တစ်ခုကို ထူထောင်လာနိုင်ခဲ့၏။

လားဖြင့် ဘိန်းကုန်ကူးသည့်လမ်းကြောင်းနေရာတွင် မော်တော်ကားများကို အစားထိုးနိုင်ခဲ့သည့် လောမိသားစုသည် ရွှေတြိဂံ၏ ပင်မဈေးကွက်များကို တဖြည်းဖြည်းချုပ်ကိုင်လာနိုင်သည်။

ထိုအချိန်ကစပြီး ယန်းမိသားစု၏ အင်ပါယာမှာ မှေးမှိန်လာနေပြီး ဆယ်စုနှစ်များအကြာ မာလိပါး၏ ပလ္လင်လုပွဲများနှင့်အတူ လောမိသားစုမှာ အင်အားကြီးမားလာခဲ့၏။

၁၉၈၈ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်တော့ လောမိသားစု သည် နဝတအစိုးရနှင့် မဟာမိတ်ဆက်ဆံရေးကို အတိအလင်းအခိုင်အမာထူထောင်လိုက်နိုင်သည်။

အထူးသဖြင့် ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတွင်း ပုန်ကန်မှုက တရုတ် နယ်စပ် ဒေသများတွင် စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်ရေးဒေါက်တိုင်များဖြစ်သော ဖုန်ညီနောင်၏ အရှေ့မြောက်စစ်ဒေသ၊ ပေါက်ညီနောင်၏ အလယ်ပိုင်းစ်ဒေသများမှ ကိုးကန့်၊ဝ စစ်သည်များက ဗမာပြည်ကွန်မြူနစ်ပါတီ(ဗဟို)ကို အတိအလင်းပုန်ကန်လိုက်ကြသည်။

ပုန်ကန်မှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြောက်ပိုင်းစစ်ဒေသမှာ တကွဲတပြားပျက်စီးသွားခဲ့၏။

သို့သော်… ယခင်က ဗကပ လက်အောက်ခံဖြစ်ခဲ့သော လက်နက်ကိုင်တပ်များမှာ လူမျိုးစုခေါင်းစဉ်များတပ်ကာ အသီးသီးပေါ်လာကြသည်။

ထိုအချိန်တွင် စစ်အစိုးရမှာလည်း အာဏာသိမ်းပြီးစ ပူပူနွေးနွေးကာလဖြစ်နေ၏။

နယ်မြေဒေသအခြေအနေကို ကျွမ်းကျင်ပြီးသောဖြစ်သော လောမိသားစုသည် စစ်အစိုးရ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး မဟာမိတ်နေရာကို လိုလိုချင်ချင်ပင် ဝင်ယူလိုက်သည်။

အာဏာသိမ်းပြီးစ စစ်အစိုးရအတွက် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံပေးခဲ့ပြီး စစ်အစိုးရကလည်း လောမိသားစု၏ ဘိန်းဖြူမှ ရသည့် ငွေမည်းများကို ငွေဖြူအဖြစ်သန့်စင်ပေးခဲ့သည်။

ထို့ပြင် ဒေသတွင်းမှ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ပေးသည့်အတွက် ရှမ်းပြည်နယ်တွင်းရှိ အစိုးရက ထိန်းချုပ်ထားသည့် လမ်းများကို အသုံးပြု ၍  ကုန်သွယ်မှုတွင် အသုံးပြုခွင့် ရရှိခဲ့ သည်။

ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများတွင်လည်း လောမိသားစုပိုင် ပရောဂျက်များ၊ လုပ်ငန်းကြီးများ အပြိုင်းအယိုင်းပေါ်ပေါက်လာခဲ့သည်။

လောမိသားစု၏ စီးပွားရေးအင်ပါယာမှာ စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံဖြင့် မြန်မာပြည်အား ကွန်ယက်သဖွယ်အချိန်တိုအတွင်း ဖြန့်ကျက်လာခဲ့တော့၏။

လောမိသားစုအနေဖြင့် စစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ တိုင်းမှူးအဆင့်အလယ်အလတ်ခေါင်းဆောင်များ၊ ထောက်လှမ်းရေးအဖွဲ့တပ်မှူးများမှအစ ပြုကာ ရက်ရက်ရောရော လာဘ်ထိုးထားခြင်းဖြင့် သူ၏ လက်တံကို ဆန့်တန်းထားသည်။

လာဘ်ပေး၊လာဘ်ယူမှုမှတ်တမ်းများကိုလည်း စနစ်တကျမှတ်တမ်းတင်ပြုစုထားသည်ဟုလည်း ကျားရွှမ်က ပြောပြသဖြင့် ဗေဒါ သိရ၏။

ဗေဒါ နားမလည်သည်မှာ သူ့ထက်ပင် လူရင်းဖြစ်သော ကျားရွှမ်ကို အဘယ်ကြောင့် ဗေဒါ၏ လက်အောက်ဝန်ထမ်းအဖြစ် ပေးထားသည်ကိုပင်။

ထိုအချက်ကို နားမလည်သဖြင့် ကျားရွှမ်ကို ဗေဒါက နည်းနည်းမေးမြန်းကြည့်၏။

ကျားရွှမ်၏ အဖြေက ရှင်းသည်။

“သူတို့က ငါတို့ထက် အများကြီးဉီးနှောက်ကောင်းတယ်….ငါတို့က သူတို့ စစ်တုရင်ခုံပေါ်က အရုပ်တွေပဲ…မင်းဟာမင်း ဘုရင်မကြီးဖြစ်နေဖြစ်နေ…ဘိရှော့ကြီးဖြစ်နေဖြစ်နေ..သူတို့အတွက် အသုံးမဝင်ရင် ထိုးကျွေးမှာပဲ…သူတို့အတွက်အသုံးဝင်နေရင် ပွန်းလေးကနေ ဘုရင်မကြီးရာထူး တန်းပေးရင်ပေးမှာပဲ.ဒီတော့..ငါတို့ကလည်း ခေါင်းဆောင်ဖြစ်ရတာတွေ၊ လက်အောက်ငယ်သားဖြစ်ရတာတွေ..သိပ်စိတ်မဝင်စားဘူး…အဓိက ပိုက်ရှံပဲ”

ကျားရွှမ်က စကားမပီတပီဖြင့် လက်ညိှးနှင့်လက်မကို ဝိုင်းပြ၏။

သူတို့ စကားကောင်းနေဆဲမှာပင် ဗေဒါ၏ ဆယ်လူလာဖုန်းသို့ ဖုန်းဝင်လာသည်။

မစ္စတာလုထံမှ။

“မနက်ဖြန် ကကလှမ်းအဖွဲ့တွေက အလင်းဝင်အဖွဲ့တွေကို နေရာချထားဖို့ကိစ္စနဲ့ ရှုပ်နေလိမ့်မယ်..ကျားရွှမ်က သူတို့နဲ့ လိုက်သွား..ဗေဒါ ..မင်းက…တခြားကိစ္စတစ်ခုအကြောင်းပြပြီး နေခဲ့လိုက်.ပြီးရင်…မနက် (၁၀)နာရီမှာ. ဟိုအိတ်ကို ယူပြီး ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကိုသွား..စစ်ဉီးစီး(ပထမတန်း) ပြည်သူ့စစ်ဌာနခွဲ ရုံးအဖွဲ့ကို သွားတွေ့မို့လို့ ဂိတ်မှာပြောလိုက်..သူတို့ ကြိုဖုန်းဆက်ထားလိမ့်မယ်…ပြီးရင်..အဲ့ဒီမှာ မင်းကို ဗိုလ်ကြီးအေးမြင့် ဆိုတဲ့လူက လာခေါ်လိမ့်မယ်..အဲ့ဒါ ငါတို့အတွင်းလူပဲ…မင်းတို့ အိတ်ကို သူ့လက်ထဲကိုပဲ သေချာအပ်ခဲ့ပါ..သူစစ်ဆေးယူလိမ့်မယ်..ကကလှမ်းက လူတွေ မင်းကို အဲ့ဒီငွေကိစ္စမေးရင်..တိုင်းမှူးဆီ တိုက်ရိုက်ပေးလိုက်ပြီလို့သာပြော..ဟုတ်ပြီလား”

မစ္စတာလု ဖုန်းချသွားသည်။

ကျားရွှမ်ကို အခြေအနေပြောပြလိုက်ပြီး သောက်စရာရှိတာ မြန်မြန်သောက်ပြီး အိပ်ရာဝင်ရန် ပြောလိုက်၏။

ထိုညက သူ့အတွက်ပေးထားသည့် အခန်းသို့ ပြန်ရောက်သော်လည်း ဗေဒါ တော်တော်နှင့် အိပ်မပျော်။

မစ္စတာလု၏ စကားအရဆိုလျှင် သူ့ထံတွင် ဒေါ်လာ (၇)သိန်းပါလာသည်ကို ကက(လှမ်း) က ဆရာသမားများကလည်း သိထားကြသည့်ပုံ။

ဒီငွေများက အလင်းဝင်ပွဲအတွက် စပွန်ဆာပေးလိုက်သည့်ငွေများဖြစ်သဖြင့် ကိုင်တွယ်သည့်သူအနေဖြင့် စာရင်းမရှိ၊ အင်းမရှိ လုပ်ချင်တိုင်းလုပ်နိုင်သည့်အနေအထား။

ထို့ကြောင့်  ယခု အလင်းဝင်ပွဲကို စီစဉ်သည့် ကက(လှမ်း)ကလည်း ထိုငွေကိုကိုင်ချင်မည်မှာ အသေအချာ။

ယခုတော့ ထိုငွေများကို တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီးတစ်ယောက်လက်သို့ အပ်လိုက်ရမည်တဲ့။

ဗေဒါက အိပ်မပျော်မည့်အတူတူ…စီးကရက် ထဖွာသည်။

သူ့နဘေးမှ ဒေါ်လာထည့်ထားသော အိတ်ကြီးကို ဖွင့်ကြည့်လိုက်၏။

ဤအမျှ များပြားသော ဒေါ်လာများကို သူ့အိပ်ယာထက် တထပ်ချင်း ဖြန့်ခင်းလိုက်သည်။

ဒေါ်လာခင်းထားသောအိပ်ရာပေါ်သို့ တက်အိပ်ကြည့်၏။

ဇိမ်မကျပါ။

ခိုးလိုးခုလုဖြင့်။

“ကိုယ်မပိုင်တဲ့ဒေါ်လာတွေနဲ့ တခန်းတည်း အိပ်ရတာထက်..စော်လေးတပွေနဲ့ဆိုရင်မှ ..ဇိမ်ကျဉီးမယ်ကွာ”

ကိုယ့်ဖာသာ တစ်ယောက်တည်းပြောရင်း…ရယ်ချင်သွားသဖြင့် ဒေါ်လာများကို ပြန်သိမ်းဆည်းလိုက်တော့သည်။

…………………………………

“ကျွန်တော် ဗိုလ်ကြီးအေးမြင့််ပါ”

သူ့ပုံစံက စစ်ဗိုလ်ပုံစံထက် စီးပွားရေးသမားပုံစံပေါက်နေသည်။

ဗေဒါက ထိုသူညွှန်ပြသော ခုံတွင် ဝင်ထိုင်လိုက်၏။

ရုံးခန်းတစ်ခုလုံးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဓာတ်ပုံမှလွဲပြီး သူတို့နှစ်ဉီးသာ။

ဗေဒါက ဗိုလ်ကြီးအေးမြင့် ထံ အိတ်ကို တွန်းပို့ပေးလိုက်သည်။

ဗိုလ်ကြီးအေးမြင့််က အိတ်ဇစ်ကို ဆွဲကာ ဖွင့်ကြည့်လိုက်၏။

 “ကျွန်တော်ကလည်း ကြားလူဆိုတော့ တိကျအောင် စစ်ဆေးရတာ စိတ်မရှိပါနဲ့ဗျာ”

ထို့နောက် ဒေါ်လာထုတ်များကို တစ်ထုတ်ချင်းချကာ ရေတွက်နေသည်။

ဗေဒါ အတွေးထဲတွင် မာဖီးယားရုပ်ရှင်ဇာတ်ကားများမှ ပစ္စည်းလဲသည့်အခန်းများကို သွားမြင်ယောင်နေ၏။

ယခု က တော့..စစ်ဌာနချုပ်တစ်ခုထဲမှာဆိုတော့…။

အင်း..အတူတူပါပဲလေ။

ဗေဒါ တွေးရင်း ပြုံးမိ၏။

“ကိုယ့်လူ…ဘာတွေ တွေးပြီး ပြုံးနေတာလဲဗျ”

ဗိုလ်ကြီးအေးမြင့်က နောက်ဆုံးဒေါ်လာတထပ်ကို ထည့်ပြီး မေးလိုက်ခြင်းပင်။

“အော်..ဘာမှမဟုတ်ပါဘူး..ခင်ဗျားပုံကြည့်ရတာ စစ်ဗိုလ်နဲ့မတူပဲ…ဘုရင့်နောင်ပွဲရုံတန်းတွေဘက်က စီးပွားရေးသမားနဲ့ ပိုတူနေလို့..သဘောကျမိလို့ပါ”

ဗိုလ်ကြီးအေးမြင့်က ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

“ခင်ဗျားစကားကို သဘောကျတယ်..အေးဗျာ..တကယ်တမ်းတော့..ကျုပ်တို့ထက်ကြီးတဲ့ စီးပွားရေးသမားကြီးတွေ အတွက် ကျုပ်တို့က အလုပ်လုပ်ပေးရတဲ့လူတွေပါ…ဟုတ်တယ်မဟုတ်လား”

ဗိုလ်ကြီးအေးမြင့််စကားက အဓိပ္ပါယ်ပါသည်။

“ကဲ…ကိုဗေဒါ..ကျုပ်..ဒီအိတ်ကို ကိုင်ပြီး တိုင်းမှူးကြီးဆီ သွားရဉီးမယ်…ခွင့်ပြုပါဉီး”

ဗိုလ်ကြီးအေးမြင့်က မတ်တပ်ရပ်လိုက်သဖြင့် ဗေဒါပါ အလိုက်တသိ မတ်တပ်ရပ်လိုက်၏။

ဗေဒါအခန်းတွင်းမှ ထွက်ရန်ပြင်လိုက်စဉ်။

“ဪ..ကိုဗေဒါ…ခဏနေပါဉီး”

ဗေဒါက ပြောဆိုသည့်သဘောဖြင့် ပြန်လှည့်လိုက်သည်။

“ခင်ဗျား  ရမခ ရိပ်သာမှာပဲတည်းတာမဟုတ်လား”

“ဟုတ်ပါတယ်”

“ညနေ ကျွန်တော်လာခေါ်မယ်ဗျာ…ဒီမှာက ရာသီဉတုအေးတယ်ဗျ…ဝီစကီလေးဘာလေးသောက်ရင်း..ခင်ဗျားနဲ့ ကျွန်တော် သီးသန့်တိုင်ပင်စရာလေးတွေလည်းရှိတယ်..”

ဗိုလ်ကြီးအေးမြင့်စကားက ဗေဒါ့စိတ်ထဲ ဒွိဟများစွာ ဖြစ်သွားစေတော့သည်။

ခက်ဇော်

*** အခန်း ၁၁ ကို သဘက်ခါမှာ တင်ဆက်သွားပါမယ် ***