မြိတ်တွင် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများထုတ်၊ အလုံးရေ သုံးထောင်ကျော် အော်ဒါရဟုဆို

0
3226

မြိတ်မြို့ ပလောက်စုရပ်ကွက်နေသူတစ်ဦးသည် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများကို ထုတ်လုပ်လျက်ရှိပြီး အလုံးရေ သုံးထောင်ကျော် အော်ဒါလက်ခံရရှိထားကြောင်း အလှပန်းအိုးထုတ်လုပ်သူက ဦးသန်းဇော်ဦးက ပြောသည်။

၎င်းသည် ၂၀၁၇ ခုနှစ်မှစပြီး ကွမ်းသီးဘုတ်ဖက်ဖြင့် ကော်ဖီခွက်၊ ပန်းကန်ပြားကဲ့သို့ တစ်ခါသုံး လူသုံးကုန်ပစ္စည်းများ၊ ရေသန့်ဗူးခွံ့မှ တံမြက်စည်းပြုလုပ်ခြင်း၊ ရေပေါ်အုတ် တီထွင်ထုတ်လုပ်ခြင်း စသည့်တို့ကို စွန့်ဦးတီထွင် ထုတ်လုပ်ခဲ့သူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများကို ထပ်မံပြုလုပ်နေခြင်းဖြစ်သည်။

အလုံးရေ သုံးထောင်ကျော်အနက် တစ်ထောင်ကျော်‌အား ပို့ပေးထားပြီး ကျန်အလုံးရေ နှစ်ထောင်ကျော်အား ဆက်လက်ပေးပို့ရန် ထုတ်လုပ်နေဆဲဖြစ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

“မန္တလေးကို တစ်ရက်နှစ်ရက်အတွင်း ပို့ရမယ်။ မန္တလေး သစ်ခွခြံတစ်ခြံက ငါးရာအော်ဒါရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အလှပန်းအိုးတို့အား ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပဲခူး၊ ပြင်ဦးလွင်ဘက်တို့က မှာယူထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလှပန်းအိုးများ ထုတ်လုပ်ရာတွင် အုန်းဆံမျှင်တို့အား ရော်ဘာစေးရည်ဖြန်းပြီး လိုအပ်သည့်အရွယ်အစားအား ပုံသွင်းဖြတ်တောက်ကာ မှိုခွက်ပါ ပလောက်တုံးဖြင့် ပန်းအိုးပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

လတ်တလော ထုတ်လုပ်သည့် ပန်းအိုးသည် သစ်ခွပန်းအတွက် အသုံးပြုရန်ဖြစ်ပြီး အမြင့်ငါးလက်မ၊ ထိပ်ဝအကျယ် ငါးလက်မရှိ ပန်းအိုးတို့အား တစ်လုံးလျှင် ၈‌၅၀ ကျပ်ဖြင့် ရောင်းချပေးနေကာ အခြားပစ္စည်းတို့အား ထပ်မံထုတ်လုပ် သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

“သစ်ခွပန်းအိုးက ကော်ပတ်ခွက်ပဲ အသုံးများကြတယ်။ အုန်းဆံမျှင်နဲ့ လုပ်တဲ့ဟာက ဈေးကွက်ထဲ မရောက်သေးဘူး” ဟု မြိတ်မြို့ရှိ ပျိုးစေ့နှင့် သစ်ခွပန်းအရောင်းဆိုင်တစ်ဆိုင်က ပြောသည်။

အုန်းဆံမျှင် ပန်းအိုးအား မြို့ပေါ်တွင် လူသိနည်းနေသေးသည့်အတွက် ဈေးကွက်အတွင်း မရောက်ရှိသေးခြင်း ဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောဆိုသည်။