မင်္ဂလာဆောင်ခါနီး သတို့သား ပစ်ခတ်ခံရပြီးသေဆုံး

0
2871

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၌ မနက်ဖြန် ဇန်နဝါရီလ ၁၃ ရက်တွင် မင်္ဂလာဆောင်တော့မည့် သတို့သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သတို့သားသည် ရေဖြူ၊ ချောင်းဆုံရွာနေ အသက် ၂၆နှစ်အရွယ် ကိုနှင်းထွန်းဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက် ည ၈ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“သမီးရည်းစား လုကြတာလို့ကြားတယ်။ ဒီကနေ့ လုပ်ကိုင် (ပွဲအတွက်ပြင်ဆင်) မိုးလင်းထ (မနက်ဖြန်) အပြီးဆိုပြီး မင်္ဂလာဆောင်ဖို့ လုပ်ထားတာ။ အခုတော့ သေသွားပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပြီး နာရီဝက်အတွင်းတွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

“နှစ်ယောက်စလုံးကို PDF အနောက်တမ်းအဖွဲ့က ဖမ်းမိထားတယ်။ သူတို့က ညောင်ပင်ကွင်း ရွာဖက်ကလို့ သိရတယ်” ဟု ၎င်းကပြောသည်။

ညောင်ပင်ကွင်းရွာမှာ ပဝရွာအနီးဝန်းကျင်တွင် တည်ရှိသည့်ကျေးရွာတစ်ရွာ ဖြစ်သည်။

ဖမ်းမိထားသူ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးနေပြီး ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့နယ်၏ နယ်မြေအချို့တွင် NUG အစိုးရ၏ ရပ်ကျေး၊ မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။