သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၁)

0
2682
စစ်ဒေသတာဝန်ခံ ကိုဌေးအောင်၊ တပ်ရင်း-၇ မှူး ဆလိုင်းယောအောင်နှင့် ကမာပုလောဒေသရောက် ရဲဘော်များကို စာရေးသူနှင့်အတူ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၀)

အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)

အခန်း-၆၁-

(၁) God Army ရှိရာဒေသသို့ ခရီးသွားခြင်း

အဲဒီလိုကြိုးစားရင်းနဲ့ ကန်ချနပူရီက ထိုင်း-စစ်ထောက်လှမ်းရေး ၂-ဦးနဲ့ ချိတ်မိပြီး ရတ်ချပူရီခရိုင် ဆုန်ဖွန်းမြို့နယ် (မြန်မာတွေကတော့ ကရင်တွေအနေများတဲ့ ဘန်းပုံရွာကိုအစွဲပြုပြီး ဘန်းပုံမြို့လို့ခေါ်ကြပါတယ်) ဘက်ဆီ ကျနော် ရောက်လာခဲ့ပါတယ်။

အဲဒီမြို့မှာ KNU တပ်မဟာ-၄ က တပ်ဖွဲ့ဝင်တချို့ကို တွေ့ရပြီး သူတို့ရဲ့ အကြံပေးချက်အရ နယ်စပ်ဒေသ (အခု ထန်ဟင်းဒုက္ခသည် စခန်းဆီဝင်ရာလမ်း အနီးကရွာ) တဂိုလန်း ကျေးရွာဆီ ကျနော် ရောက်သွားပါတယ်။

အဲဒီရွာကိုမရောက်ခင် မောထာ၊ ထောမမော-ထောမဖြိုး ဒေသကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေခိုလုံရာ ဒုက္ခသည်စခန်းကြီးတခုကို တွေ့ရပြီး ဖုမဝမ် စခန်းထက်တောင် လူဦးရေ ပိုများမယ်လို့ ထင်ပါတယ်။ မောထာရွာမှာ ကျနော်တွေ့ဖူးတဲ့ ကရင်ရွာသားတွေ၊ ဈေးသည်တွေကိုလည်း ဒီစခန်းမှာ တွေ့ရပြီး ပလစတစ် ယာယီအမိုး၊ ဝါးတဲတွေနဲ့ နေထိုင်နေကြပါတယ်။

ဒီစခန်းဟာ ရတ်ချပူရီ-တဂိုလန်း ကားလမ်းဘေးမှာတင်ရှိတဲ့အတွက် ဆက်သွယ်ရေး အလွန်လွယ်ကူပြီး ပြင်ပကမ္ဘာရဲ့ အကူညီကို ဖုမဝမ်ထက် ပိုရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် စခန်းဘေးရှိ စမ်းချောင်းလေးက သေးလွန်းတဲ့အတွက် သောက်ရေ၊ သုံးရေ မလောက်မငှ ဖြစ်နေပြီး ဝမ်းလျှောရောဂါ စတင်ဖြစ်ပွား နေပါတယ်။

ဒီစခန်းရဲ့ အပေါ်ဘက် ဆုန်ဖုန်းမြို့ အနီးက ဘော်ဝီရွာဘက်မှာလည်း ဖယ်ဖျားခီးဒေသ၊ အောင်သာဝရ ဒေသဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ဘော်ဝီ၊ ထောမမောနဲ့ ဖုမဝမ်စခန်း ၃-ခုစလုံးကို ပေါင်းပြီး ထန်ဟင်ဒေသမှာ စခန်းသစ်တခုအဖြစ် ဖွင့်လှစ်ခဲ့တာ အခုချိန်အထိ ဒုက္ခသည် ၈-ထောင်လောက် ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းနယ်မြေထဲကရွာကို ထောမမောအဖြစ် ဆက်ခေါ်နေကြတဲ့ ထောမမော ဒုက္ခသည်စခန်းကိုကျော်ပြီး တဂိုလမ်းရွာကို ရောက်တဲ့အခါမှာလည်း တောထဲမှာ ကျနော်တွေ့ဖူးတဲ့ KNU တပ်ဖွဲ့ဝင်တွေနဲ့ မောထာမှာ တွေ့ဖူးတဲ့ ရွာသားတွေ၊ ဈေးသည်တွေ အတော်များများကို ထပ်တွေ့ရပြန်ပါတယ်။

တဂိုလမ်းရွာကနေ ထောက်လှမ်းရေး ၂-ဦးနဲ့အတူ ကျနော် ပထမ ရောက်သွားတဲ့နေရာဟာ ထောမမောဆီ ဝင်တဲ့ နယ်စပ်ဂိတ် တည့်တည့်ဖြစ်ပေမယ့် တိုက်ပွဲဖြစ်နေလို့ ရှေ့ကို ဆက်သွားခွင့် မရပါဘူး။

ထိုင်း-မြန်မာနယ်စပ်လို့ ရေးထားတဲ့ သွပ်ပြားဆိုင်းဘုတ်ကြီးနားအထိ ကားမောင်းသွားပြီး အဲဒီဆိုင်းဘုတ်မှာ ကျည်ဖောက်သွားတဲ့ နေရာတွေကို တွေ့ရပါတယ်။ အဲဒီကနေ မြန်မာနယ်ထဲ လမ်းလျှောက်ဝင်လိုက်တော့ အိမ်အိုတလုံးပေါ်မှာ ကရင်အဖိုးအဖွား ၂-ဦးကို တွေ့ရပါတယ်။

ကျနော်နဲ့ပါလာတဲ့ ထောက်လှမ်းရေး ၂-ဦးထဲက တဦးက ထိုင်း-ကရင် ဖြစ်တဲ့အတွက် ကရင်ဘာသာနဲ့ စကားပြောနေကြပါတယ်။ ကျနော်က တလုံးမှ နားမလည်ပါ။ ကရင်လိုလည်း ကောင်းကောင်းမရ၊ ထိုင်းလိုလည်း ကောင်းကောင်းမရပဲ ထိုင်းထောက်လှမ်းရေးတွေနဲ့အတူ စစ်မြေပြင်ဆီ သွားနေတဲ့ ကျနော်ဟာ မျက်စိကန်း တစ္ဆေမကြောက် ဆိုသလို ဖစ်နေမလားပါပဲ။

ဒီလိုစစ်ပူဒေသမှာ ဘာသာစကားကို ကောင်းကောင်းနားမလည်ရင် စကားတလုံး ဘာသာပြန်လွဲရုံနဲ့ သေစေ၊ ရှင်စေ အဓိပ္ပာယ်ပြောင်းပြန်ဖြစ်ပြီး အချိန်မရွေး အသက်ပျောက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ဒီလောက်အထိ မစဉ်းစားဖြစ်ပါဘူး။ ကြောက်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။

————————

God Amry တပ်မှုးငယ် ၂ ဦးကို ၁၉၉၉ ကတွေ့ရစဉ်နှင့် ၂၀၁၃ ဝန်းကျင်မှာ ပြန်တွေ့ရစဉ် (ဓာတ်ပုံ- AP)

(၂) ထောမမော၊ ထောမဖြိုးဒေသသို့

ကံကောင်းတာ တခုကတော့ အဲဒီ ထိုင်း-ကရင် ထောက်လှမ်းရေးက အင်္ဂလိပ်လို ကောင်းကောင်းရတဲ့အတွက် ကရင်လိုနဲ့ ထိုင်းလိုကို သူက အင်္ဂလိပ်ဘာသာပြန်ပြပြီးမှ ကျနော်က နားလည်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် နေရာ အတော်များများမှာတော့ သူလည်း ဘာသာပြန်ဖို့ အချိန်မရတဲ့အတွက် Body Language လက်ဟန် ခြေဟန်ကို မှန်းပြီး ကိုယ့်ဘာသာ နားလည်နိုင်အောင် လေ့ကျင့်ထားရပါတယ်။

အဲဒီ ကရင်အဘိုးကြီး လက်ညှိုးပြတဲ့ဘက်ဆီ ကျနော်တို့ ၃-ဦး တက်လာပြီး ထိုင်း-ကရင် ထောက်လှမ်းရေးက တောတွင်းဖက်ကိုကြည့်ပြီး ကရင်ဘာသာနဲ့ တခုခု အော်ပြောလိုက်ပါတယ်။

ဗြုန်းဆို မျက်နှာဖုံး စွပ်ထားတဲ့ ကရင်ရဲဘော်တဦး လှံစွပ်ပါတဲ့ AK-47 ကိုင်ပြီး ကားလမ်းပေါ် ရောက်လာပါတယ်။ သူတို့ အချင်းချင်း ကရင်လို ပြောနေတာကို ကျနော်က နားမလည်ပြန်ပါဘူး။

“သူငယ်ချင်းက ကျောင်းသားအဖွဲ့က သတင်းထောက်လား။ ဒီမနက်ပဲ တိုက်ပွဲဖြစ်ပြီး ရန်သူခဏဆုတ်သွားလို့ ငါတို့ တပ်တွေ ဒီမှာရောက်နေတာ” လို့ အဲဒီ မျက်နှာဖုံးစွပ် ကရင် တပ်ကြပ်ကြီးက ပြောပါတယ်။

ပြီးတော့ ကားလမ်းဘေး ချုံထဲက သွေးပေနေတဲ့ နဝတ-စစ်ယူနီဖောင်းတွေကို လက်ညှိုး ထိုးပြပါတယ်။ အဓိပ္ပာယ်ကတော့ နဝတ -တပ်တွေ အကျအဆုံး များစွာနဲ့ ဆုတ်သွားတယ်ဆိုတဲ့ သဘောပါ။ ဒီနေရာကနေ ကားလမ်းအတိုင်း ဆက်သွားရင် ထောမမောနဲ့ မောထာဘက် သွားဖို့လွယ်ပေမယ့် ရှေ့မှာ နဝတ-တပ်တွေ ပိတ်နေတာကြောင့် သွားခွင့်မရပဲ ကျနော်တို့ ပြန်လှည့် လာခဲ့ပါတယ်။

နောက်တနေ့ မနက်မှာတော့ တဂိုလမ်းရွာကနေ မိုင်းဟောင်းတခုကို ကျော်ပြီး တောင်ပေါ်တက်ရတဲ့ လမ်းကနေ တောစီးဆိုင်ကယ် ၂-စီးနဲ့ ကျနော်တို့ ၃-ဦး တက်လာပြန်ပါတယ်။ တနာရီလောက် တက်ပြီးတဲ့အခါမှာတော့ အလွန်မြင့်တဲ့ နယ်စပ်တောင်ထိပ်ဆီ ရောက်လာပြီး အဲဒီမှာ အင်အား ၂၀-ခန့်ရှိတဲ့ တောချတော ထိုင်း- နယ်ခြားစောင့် တပ်စခန်းတခု ရှိပါတယ်။

ဒီစခန်းကနေ မြန်မာဘက် တောတန်းနဲ့ ရွာပျက်တခုလုံးကို လှမ်းမြင်နေရပြီး အဲဒါဟာ ထောမမော ဒေသလို့ သိရပါတယ်။ နက်စောက်လှတဲ့ အဲဒီကုန်းဆင်းကနေ နာရီဝက်လောက် ဆက်မောင်းလိုက်တော့ ထောမမောရွာ အဝင်ဆီရောက်လာပြီး မီးလောင်ထားတဲ့ အိမ် ၁၀-လုံး ခန့်နဲ့ မီးလောင်နေဆဲ စပါးပုံကြီးတခုကို တွေ့ရပါတယ်။ ရွာသား တဦးစ နှစ်ဦးစက မီးလောင်နေတဲ့ စပါးထဲက မလောင်သေးတဲ့ စပါးတွေကို ရသမျှယူပြီး ထိုင်းဘက် သယ်ဖို့ပြင်နေတာကိုလည်း တွေ့ရပါတယ်။

—————

ထောမမော ဒုက္ခသည်စခန်းကနေ ထန်ဟင်းဒုက္ခသည်စခန်းဆီပြောင်းဖို့ပြင်နေတဲ့ ကရင်ဒုက္ခသည်မိသားစုတခု။

(၃) စစ်ဒေသတာဝန်ခံ ကိုဌေးအောင်နှင့် ပြန်တွေ့ခြင်း

အဲဒီ စပါးမီးလောင်ပုံကနေ နောက်ထပ် နာရီဝက်လောက် ဆက်မောင်းတဲ့အခါ ထောမမော-မောထာ ကားလမ်းပေါ် ရောက်လာပြီး KNU စစ်ကြောင်းတွေနဲ့ တိုးပါတယ်။ ထိုင်းထောက်လှမ်းရေးတွေနဲ့ KNU တပ်တွေအကြား စက်နဲ့ အချိတ်အဆက် လုပ်ထားပြီး ဖြစ်ပုံရပါတယ်။ အားလုံး အေးအေးဆေးဆေးပါပဲ။ ကရင်စစ်သားတွေဟာ လမ်းဘေးက သစ်ပင်ကြီးတွေအောက်နဲ့ ယာယီဝါးတဲလေးတွေမှာ ခရီးပန်းလို့ ခဏထိုင်နေကြတာ တွေ့ရပါတယ်။

အဲဒီစစ်ကြောင်းရှေ့က အိမ်တလုံးမှာတော့ ခရိုင်အတွင်းရေးမှူး ပဒိုနီးနီနဲ့ အဖွဲ့ကို ကျနော် တွေ့ခွင့်ရခဲ့ပါတယ်။ “ခင်ဗျားကတော့ သတင်းထောက်ကြီး ဖြစ်နေပြီပေါ့။ ကျုပ်တို့ အခြေအနေကတော့ ဒီမှာ မြင်တဲ့အတိုင်းပဲ” ဆိုပြီး ပဒိုနီးနီက သူရဲ့ ပါဝါမျက်မှန်ကို ပင့်တင်ကာ ကျနော်ကို အသေချာကြည့် ပြောပါတယ်။

အဲဒီအချိန် ကျနော်ဆင်မြန်းထားတဲ့ ဝတ်စုံက ထိုင်းအရပ်သား ဝတ်စုံဖြစ်ပြီး Pentax ကင်မရာကို လည်ပင်းမှာဆွဲ။ ရေဒီယို၊ ရီကော်ဒါ၊ လက်နှိပ်ဓာတ်မီး အသေးစားနဲ့ တိုလီမိုလီပါတဲ့ စစ်ရောင်အိတ်အသေးစား တလုံးကို စလွယ်သိုင်း၊ ပြီးတော့ ပင်လယ်ပြင်စစ်ကြောင်းခေတ်က ကျန်နေတဲ့ လက်ကိုင်တယ်လီဖုန်းတလုံးကို ခါးကြားမှာချိတ်ထားတယ်ဆိုတော့ ပဒိုနီးနီ မျက်စိ နောက်နေပုံရပါတယ်။

ပဒိုနီးနီနဲ့ စကားပြောပြီးတဲ့နောက် ကိုဌေးအောင်တို့ တပ်ဖွဲ့ရှိတဲ့အရပ်ဆီ ကျနော်လိုက်ရှာတော့ စမ်းချောင်းဘေး တနေတရာမှာ တွေ့ရပါတယ်။ ကိုဌေးအောင်နဲ့အတူ ကိုဆလိုင်း ယောအောင်တို့တပ်ဖွဲ့၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုအောင်သန်းကြီး၊ နောက် ဆက်သွယ်ရေးနဲ့ ဆေးတပ်ဖွဲ့ ပါဝင်တဲ့ ရုံးအဖွဲ့ တခုလုံး အင်အား ၃၀-ဝန်းကျင် ရှိနေဆဲလို့ ထင်ပါတယ်။

ဗလဖ-အဖွဲ့ဝင် ကိုသောင်းထွန်း ဦးဆောင်တဲ့ အခြား အင်အား ၃၀-ခန့်ပါ စစ်ကြောင်းတခု စော်လ၀ ချောင်းဖျားဘက်ဆီ ချီတက်ပြီး စခန်းနေရာသစ် ရှာနေတယ်လို့ ထင်ရပါတယ်။

တခါ တပ်ရင်း ထောက်လှမ်းရေးမှူး ကိုဇော်သန်း ဦးဆောင်တဲ့ နောက်ထပ် အင်အား ၂၀-ကျော် စစ်ကြောင်းတခုနဲ့ တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးဆောင်တဲ့ နောက်ထပ် အင်အား ၃၀- ဝန်းကျင် စစ်ကြောင်းတခုတို့က တနင်္သာရီ မြစ်ကိုဖြတ်ပြီး ကစီထာကနေ ငါးတက်-ပြည်ခြား (အရင် နိုင်ငံခြားသတင်းထောက်တဦးနဲ့အတူ ကျနော်တို့ သွားခဲ့တဲ့ လမ်းအတိုင်း) ဘက် ဆင်းသွားတယ်လို့ သိရပါတယ်။

ကိုဌေးအောင်နဲ့ ရုံးအဖွဲ့ကတော့ KNU တပ်မဟာ-၄  ဌာနချုပ်တပ်တွေနဲ့အတူ တဖြည်းးဖြည်းချင်း အောက်ဘက်ဆီ ဆုတ်ဆင်းနေပြီး မယ်ဖျာခီးဒေသ သို့မဟုတ် စောလ၀ ချောင်းဖျားဒေသ ဝန်းကျင်က သတ်မှတ်နေရာသစ်ဆီ ရောက်အောင်သွားဖို့ ပြင်နေတယ်လို့ ကျနော်နားလည်ခဲ့ပါတယ်။

အဲဒီအချိန်ဟာ ၁၉၉၇ ဧပြီလ အစောပိုင်း သင်္ကြန်မကျခင်လေးလို့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။ God Army နဲ့ နာမည်ကြီးတပ်မှူး ၂-ဦးကတော့ ထောမမောဘက်ကနေ အမရာဘက် ရောက်နေတဲ့အတွက် ကျနော် တွေ့ခွင့် မရလိုက်ပါဘူး။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၂) >>>>>

ထက်အောင်ကျော်