DDPC ဈေးဝယ်စင်တာအနီး ဗုံးတွေ့

0
3122

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ယနေ့(ဇန်နဝါရီ ၃) မနက်ပိုင်းက ဗုံး ဟုယူဆရသည့်အရာတစ်ခု တွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

ယနေ့နံနက်နက် ကိုးနာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့် DDPC ဈေးဝယ်စင်တာအနီးတွင် စားအုန်းဆီပုံးဝါဖြင့် ထည့်ထားသော ဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုကို စစ်ကောင်စီတပ်သားများ ရှင်းလင်းနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“ကမ်းနားလမ်းဘက်ပေးမဝင်ဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကာထားတယ်။ ဗုံးတွေ့လို့ရှင်းနေတယ် လို့သိရတယ်ဟု”ထိုသူကပြောသည်။

စစ်ကောင်စီတပ်သားများက ဗုံးဟုယူဆရသည့် အဆိုပါအရာဝတ္တုကို ရှင်းလင်းနေစဉ် ကမ်းနားလမ်းကို နာရီဝက်ခန့်ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဟု ခရီးသွားပြည်သူများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေများကို Dawei Watch အနေဖြင့်မသိရသေးပေ။

ပြီးခဲ့သည် ဒီဇင်ဘာလ ၄ ရက်နေ့ ကလည်း ယခုဗုံးတွေ့ရှိရသည့်နေရာနှင့် မလှမ်းမကမ်း ကမြောကင်းလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားအမျိုးသမီးနှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သေးသည်။