ဓနိဖက်ထိုးသူရှားပါးလာ၍ လုပ်အားခ ဈေးတက်

0
2804

ထားဝယ်ဒေသထွက် ဓနိဖက်ရာသီအစ လုပ်သားရှားပါးမှုကြောင့် လုပ်အားခဈေးပိုပေးနေရကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဓနိဖက်တံ အချောင်း တစ်ထောင်ကို ထိုးခအနေဖြင့် ကျပ် တစ်သောင်းခွဲခန့်ပေးရသော်လည်း ယခုနှစ်တွင် ကျပ်တစ်သောင်းရှစ်ထောင်ခန့်ပေးရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ယခုနှစ်က အိမ်မှာလာထိုးဆိုပြီး ခေါ်လို့မရဘူး။ ဘာဖြစ်လို့လဲဆို လုပ်သားကလည်းရှားပါးတယ်။ အိမ်တိုင်ရာရောက် ကုန်ကြမ်းဖြစ်တဲ့ ဓနိဖက်ကို သွားချပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ဒေသတွင်း ဖက်ထိုး လုပ်ငန်း လုပ်ကိုင်ကြသည့် အမျိုးသမီးအများစုမှာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြနေကြသည်။

ထို့ကြောင့် လုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ရွာမှာဆို အရင်က ဖက်ထိုးရာသီဆို အမျိုးသမီးအစုလိုက်ဖွဲ့ပြီး လိုက်ထိုးကြတယ်။ ညဖက်ဆို ရှစ်နာရီ ကိုးနာရီအထိ၊ အခုက အဲဒီလိုစုဖွဲ့ပြီးသွားလို့ မရတာရယ်၊ နိုင်ငံခြားရောက်သွားသူများလာတာကြောင့် ဖက်ထိုးသူ နည်းပါးသွာတာ” ဟု လောင်းလုံးမြို့နယ် ကမြောကြီး ရွာသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ဓနိဖက်ပေါ်စရာသီတွင် ဖက်တံ၊ ဖက်ထိုးခ ဈေးတက်လာသောကြောင့် ဓနိဖက်ဈေးမှာလည်း ရာသီအစတွင်ပင် ဈေးတက်နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုသည်။

ဓနိဖက်တစ်ထောင်ကို ယခင်နှစ်က ကျပ်ရှစ်သောင်းသာ ရှိရာမှာ ယခုနှစ်တွင် ကျပ် တစ်သိန်း‌တစ်သောင်းဖြင့် စတင်ရောင်းချနေကြောင်း ၎င်းတို့က ဆိုသည်။

“အခုတော့ ရာသီစတောင် တစ်သိန်းတစ်သောင်းဖြစ်နေတယ်။ သုံးသောင်းလောက် ဈေးကွာသွားတာပေါ့။ အရင်နှစ်က ဖက်တံတစ်ထောင်ကို ခုနှစ်‌ထောင်ဘဲ့ ပေးရတယ် အခုက တစ်သောင်းနှစ်ထောင်ဖြစ်နေပြီ” ဟု လောင်းလုံးမြို့နယ် ပန်းဒလဲရွာမှ ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ဓနိသကြားကျိုသူ များနေပြီး ဓနိဖက်ခုတ်သူနည်းပါးနေသေးကာ နောက်တစ်လခန့်အကြာတွင် ဓနိဖက် အပြိုင်အဆိုင် ခုတ်ကြလျှင် ဓနိဖက်ဈေးလည်း ပြန်ကျနိုင်ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

အိမ်မိုးများသည့် တန်ခူး၊ ကဆုန်လများတွင် ပုံမှန်ဈေးပြန်တက်လေ့ရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများကပြောကြသည်။

ထားဝယ်ဒေသထွက် ဓနိဖက်ကို ဒေသခံအခြေခံလူတန်းစားများက အိမ်အမိုးအဖြစ် အများဆုံးအသုံးပြုကြပြီး အချို့မှာ စီးပွားဖြစ် မွန်ပြည်နယ် ရေးမြို့များသို့ တင်ပို့ရောင်းချကြသည်။

ထားဝယ်ဒေသထွက် ဓနိဖက်မှာ အစိမ်းအတိုင်း ရက်နှစ်ဆယ်ခန့် ထားပြီးနောက် အိမ်အမိုးအဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း ဒေသခံအများစုမှာ နှစ်လခန့် တုံးဖြင့်ဖိထားပြီးမှ အိမ်အမိုးမိုးရာတွင် အသုံးပြုလေ့ရှိသည်။

ထားဝယ်ဓနိဖက်ကို အိမ်အမိုးမိုးရာတွင် တစ်ကြိမ်မိုးထားပြီးလျှင် အနည်းဆုံး ၂နှစ်နှင့် အများဆုံး သုံးနှစ်ကြာပြီးမှ နောက်ထပ် အသစ်ထပ်မိုးလေ့ရှိကြသည်။