သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉)

0
2693
မင်းသမီးစခန်းကနေ ထွက်ပြေးလာရသူတွေ နောက်ဆုံး (အခုထိ) နေခဲ့ရတဲ့ ထန်ဟင် ဒုက္ခသည်စခန်းကို ၁၉၉၇ နှောင်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ထက်အောင်ကျော်)

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈)

အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)

အခန်း-၅၉-

(၁) စစ်ပြေး ဒုက္ခသည်စခန်းများဆီသို့

မှတ်တမ်းတွေအရ ထီးခီးရုံးဆီ အိမ်ထောင်သည်လိုင်းက မိသားစုတွေ ရောက်လာတဲ့ အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၂၂-ရက်နေ့ ဖြစ်ပါတယ်။ ကျနော့်အထင် ထီးခီးမှာ ၃-ရက်လောက် နေပြီးတဲ့နောက် နဝတ-တပ်တွေ ထီးခီးစခန်းအနီးထိ ရောက်လာနေပြီလို့ သိရတဲ့အတွက် မိသားစုတွေကို ထိုင်းနယ်မြေထဲထွက်ခွင့် KNU က ခွင့်ပြုလိုက်ပါတယ်။ အဲဒီ ၃ ရက်တာအတွင်း ကြုံခဲ့ရတဲ့ အဓိက အခက်ခဲကတော့ အိမ်သာမရှိခြင်း၊ သောက်ရေ၊ ချိုးရေ မလုံလောက်ခြင်းနဲ့ ကလေးသူငယ်တွေ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှေ့လျှောက် ကြုံလာရတော့မယ့် ဒုက္ခသည်စခန်းရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။

KNU က မိသားစုတွေ၊ ရွာသူရွာသားတွေနဲ့အတူ ကျနော်တို့ မိသားစုတွေ ထိုင်းနယ်စပ်ဘက် ထွက်လာတော့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ လောက်ပဲလက်ခံမယ်၊ လူငယ်အမျိုးသားတွေကို လက်မခံဘူးဆိုပြီး ထီးခီး လုံခြုံရေးဂိတ်မှာရှိတဲ့ KNU စစ်သားတွေက တားထားပါတယ်။

“သူတို့တွေချည်း မဖြစ်ဘူး။ လိုအပ်တာတွေ စီမံခန့်ခွဲဖို့ တာဝန်ရှိသူတွေလည်း လိုက်ဖို့လိုတယ်” လို့ ပြောပေမယ့် မရပါဘူး။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ အရှေ့ပိုင်းမှာ (နိုင်ငံခြား သတင်းထောက်နဲ့အတူ အဖမ်းခံရတဲ့အခန်းမှာ) ကျနော်တင်ပြခဲ့ဖူးတဲ့ ထိုင်း ထောက်လှမ်းရေး စစ်ဗိုလ် ဆိုင်ကယ်တစီးနဲ့ ရောက်လာတာနဲ့တိုးပြီး သူ့ဆိုင်ကယ်နဲ့ ကျနော် လိုက်သွားခဲ့ပါတယ်။ ကျန် ရဲဘော်တွေအားလုံးကတော့ ထီးခီး ဂိတ်မှာ ကျန်နေခဲ့ပါတယ်။

ထီးခီးဂိတ်ကနေ ဖုနန်းလွန်ရွာ(အခု ကန်ချန်ပူရီ-ထားဝယ်ကားလမ်းပေါ်က နောက်ဆုံး ထိုင်းရွာ) က ထိုင်းရပ်ကွက်နဲ့ ကရင်-မွန် ရပ်ကွက်ကြားရှိ သတ္ထုမိုင်းဟောင်း ရေကန်ကြီးအနီးက ယူကလစ်ပင်တန်းအောက်ဆီ တနာရီနီးပါး လမ်းလျှောက်ရပြီး အဲဒီနေရာအရောက်မှာ စခန်းချဖို့ ထိုင်း လုံခြုံရေးတပ်တွေက နေရာပေးပါတယ်။

နေရာပေးတယ်ဆိုပေမယ့် ဘာမှမရှိတဲ့ ယူကလစ်ပင်တန်း အောက်မှာ နေဖို့ ပြောတာပါ။ ဒီတော့ ကျနော်တို့မှာ ပါလာတဲ့ သွပ်ပြားဟောင်းတွေ၊ ဝါးလုံး ဟောင်းတွေနဲ့ ဖြစ်သလို အမိုးလုပ်ပြီး မြေကြီးမှာပဲ အိပ်ကြရပါတယ်။

KNU မိသားစုတွေ၊ တခြား အရပ်သား မိသားစုတွေလည်း ဒီလိုပါပဲ။ တချို့ဆို အမိုးတောင်မရှိပဲ သစ်ပင်အောက်မှာ ဒီလိုပဲ အိပ်ကြရပါတယ်။ နောက်တနေ့မှာတော့ NGO အဖွဲ့တချို့ ရောက်လာပြီး အဖြူ – အစိမ်း စင်းကြောင်းပုံပါတဲ့ ပလတ်စတစ် စတွေ၊ ဆန်နဲ့ ရိက္ခာတချို့ လာဝေပေးပါတယ်။

အဲဒီအချိန် မနေ့က ထီးခီးမှာ ကျန်ခဲ့တဲ့ ရဲဘော်တချို့လည်း ကျနော်တို့ ဒုက္ခသည် စခန်းဆီ ရောက်လာကြပါတယ်။ ဒါပေမယ့် မကြာပါဘူး၊ နောက်တရက် မနက်မှာတော့ ထိုင်းစစ်သားတွေ ကိုယ်တိုင် (ဒေသအခေါ် ထိုင်း ပြည်သူ့စစ်၊ အော်စော်တွေ) စခန်းထဲ ဝင်လာပြီး အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေမှအပ အမျိုးသား လူငယ်တွေကို လက်မခံဘူး။ မြန်မာနယ်ထဲ ပြန်ဝင်ရမယ်ဆိုပြီး အားလုံးကို ခေါ်သွားပါတယ်။

ကျနော်နဲ့ ဦးစိုးဝင်း ၂-ဦးကိုတော့ စီမံခန့်ခွဲရေးအတွက် မဖြစ်မနေ ချန်ထားပေးပါလို့ မနည်း တောင်းပန်ပြီး နေခဲ့ရပါတယ်။

အဲဒီစခန်းမှာ ကျနော်တို့ ကျောင်းသား မိသားစုတွေ နေခွင့်ရတဲ့နေရာက မြောက်ဘက် အစွန်မှာဖြစ်ပြီး ကျနော်တို့ဘေးမှာ ညစ်ပတ်နေတဲ့ ရေကန်တခု ရှိပါတယ်။ မိသားစုတွေကို စနစ်တကျ နေရာချပေးထားပေမယ့် ထမင်းချက်ဖို့ အိုး မလုံလောက်တာ၊ ထင်းမရှိတာ၊ ရေခပ်ဖို့ နေရာဝေးတာ၊ သောက်ရေမရှိတာ၊ အိမ်သာမရှိတာ၊ ရေချိုးဖို့နေရာ မရတာ စသဖြင့် ပြဿနာတွေ စုံနေတာပါပဲ။

————-

မင်းသမီးခစန်းခွာစစ်ကာလ စခန်းဘားတိုက်တလုံး မီးလောင်နေစဉ်။

(၂) စစ်မြေပြင်သတင်းထောက်မှ ဒုက္ခသည်သတင်းထောက်အဖြစ်သို့

ဒီလို ပြဿနာများစွာနဲ့ ကြုံနေရတဲ့ကြားထဲ (စစ်ပူကာလ သတင်းယူသူ အခန်းမှာ တင်ပြခဲ့တဲ့) ကိုအောင်မျိုးမင်းနဲ့အတူ နိုင်ငံခြား သတင်းထောက် တချို့ ကျနော်တို့ ဒုက္ခသည် စခန်းဆီ ရောက်လာကြ ပြန်ပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာက ရတ်-ဘချိုကို ကျနော် ကောင်းကောင်း မှတ်မိနေပေမယ့် တခြားသတင်းထောက်တွေကို မမှတ်မိတော့ပါ။

သူတို့နဲ့ အတူ ကန်ချနပူရီ အခြေစိုက် နာမည်ကြီး ထိုင်း- တပ်မ ၉ က အရာရှိတွေ ပါလာပြီး သတင်းစာရှင်းပွဲ သဘောမျိုး လုပ်သွားတာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ကိုအောင်မျိုးမင်းက စိတ်ကူးသစ် ပေါ်သွားပြီး သူ့ဗီဒီယို ကင်မရာကို ပြန်ယူမသွားတော့ပဲ ကျနော့်ဆီမှာ အပ်ထားခဲ့ပါတယ်။ ဆိုလိုတာကတော့ စခန်းတွင်း ထူးခြားချက်တွေကို ကျနော်က ဗီၤွဒီယိုရိုက်ထားရမှာဖြစ်ပြီး လူကြုံရှိတိုင်း ဘန်ကောက်က သူ့ဆီ ပို့ပေးရမှာဖြစ်ပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် ဗီဒီယို ကင်မရာကိုင်ပြီး ဒုက္ခသည်စခန်းအတွင်း ကျနော်ဟန်ရေးပြနေပေမယ့် အဲဒီအချိန်အထိ ဗီဒီယို ရိုက်နည်း တခါမှ မသင်ဖူးသေးပါ။ ရုပ်သေ ကင်မရာ ရိုက်နည်းကိုလည်း ကျနော် မသင်ဖူးပါ။

ဒီလိုပဲ သူများရိုက်တာကို ကြည့်ဖူးရုံနဲ့ ခလုတ်နှိပ်တတ်ရင် ဖြစ်ပါတယ်ဆိုပြီး ရမ်းတုတ်နေခြင်းမျှသာ ဖြစ်ပါတယ်။ ရုပ်သေ ကင်မရာ ရှုဒေါင့်ယူတာ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်ပေမယ့် ရုပ်ရှင် – ဗွီဒီယို ကင်မရာ ရိုက်တဲ့နေရာမှာတော့ အတော် ဒုက္ခများခဲ့ပါတယ်။

အဲဒီ အချိန်အထိ ကျနော့်စိတ်ထဲ ဗွီဒီယို ဆိုတာ ပုံတွေ လှုပ်နေရမယ်လို့ပဲ နားလည် ထားတဲ့အတွက် ကင်မရာကို တချက်မှ ငြိမ်ငြိမ်မထားဘဲ Zoom ကို အနီးအဝေး တချိန်လုံး ကစားပြီး အရပ်ရှစ်မျက်နှာကို လှည့်ပတ် ရိုက်နေခဲ့ပါတယ်။

“ခင်ဗျားတင် မကဘူး၊ ဗမာ အတော်များများ ကင်မရာ စကိုင်ကိုင်ချင်းမှာ ဒီလိုပဲ လက်မငြိမ်ကြဘူး။ Zoom ကစားကြတာကလည်း အလွန်အကျွံပါပဲ” လို့ ကိုအောင်မျိုးမင်းက ကျနော့်ကို ပြောပါတယ်။ ဒါပေမယ့် သူဘာကို ဆိုလိုမှန်း ကျနော်ကောင်းကောင်း သဘောမပေါက်ပါဘူး။

၂၀၀၆ နှောင်းပိုင်းမှာ DVB – TV အတွက် ကင်မရာ သင်တန်းတက်ရတဲ့ အချိန်ကျမှ ဗွီဒီယို ကင်မရာဟာလည်း ရုပ်သေ-ကင်မရာလိုပဲ ပုံ တကွက်ကို အနည်းဆုံး ၁၀ စက္ကန့် ကြာအောင် ငြိမ်ပြီး ရိုက်ဖို့လိုအပ်တယ်၊ အဲဒီတော့မှ တည်းဖြတ်တဲ့အခါ အဆင်ပြေတယ်လို့ သိခွင့်ရခဲ့ပါတယ်။

ပြီးတော့ Zoom ကစားတာကို လုံးဝရှောင်ဖို့၊ ဖြစ်နိုင်ရင် ရိုက်ကွက်တိုင်းအတွက် သုံးချောင်းထောက်တိုင် (Tripod) ကို မပျက်မကွက် သုံးဖို့၊ Tripod မသုံးဘဲ Zoom ကစားတာတွေ့ရင် လက်ညှိုးဖြတ်ပစ်မယ်လို့တောင် အမေရိကန် သင်တန်းဆရာက ပြောဖူးတာကို ကျနော် မှတ်မိနေပါတယ်။

နောက်တခါ စတိုရီ တခုအတွက် အခြေခံရိုက်ကွက် ၅ ခုပါဖို့လိုကြောင်း၊ အဲဒါတွေကတော့ အနီးကပ်ရိုက်ချက် (Close up)၊ အလယ်အလတ် ရိုက်ချက် (Medium shot)၊ မြင်ကွင်းကျယ်ရိုက်ချက် (Wide shot)၊ သရုပ်ဖော်ရိုက်ချက် (Establishing shot) နဲ့ ပခုံးကျော် ရိုက်ချက် (Over the shoulder shot) တို့ ဖြစ်တယ်လို့ အဲဒီဆရာက ရှင်းပြပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဗွီဒီယိုကင်မရာ စကိုင်ဖူူးချိန်ကနေ နောက်ထပ် ၁၀-နှစ် ကြာပြီးမှ ဗွီဒီယို ရိုက်နည်းကို သိခွင့်ရတယ် ဆိုပါတော့။ ဒါပေမယ့် “ဘာမှမသိရင် ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားနဲ့အညီ၊ ဘာမှမသိဘဲ လျှောက်ရိုက်ထားတဲ့ ပုံတွေကိုပဲ ကောင်းလှပြီလို့ ကျနော်က ထင်နေခဲ့တာပါ။

———-

ဒုက္ခသည်စခန်းအဟောင်းမှ စခန်းသစ်သို့ပြောင်းစဉ်ကာလ ဒုက္ခသည်တွေ ပြေးလွှားနေစဉ်။  (ဓာတ်ပုံ – ထက်အောင်ကျော်)

(၃) ဖုနန်းမလွန်မှ ဖုမဝမ် ဒုက္ခသည်စခန်းဆီသို့

အဲဒီ ဖုနန်းမလွန် ဒုက္ခသည်စခန်းမှာ သီတင်းတပတ်လောက် ကြာပြီးတဲ့ အချိန်မှာတော့ ဒီနေရာဟာ နယ်စပ်နဲ့ သိပ်နီးတဲ့အပြင် သောက်ရေ၊ ချိုးရေလည်း အဆင်မပြေတဲ့အတွက် နေရာသစ်ဆီ ပြောင်းရမယ်ဆိုပြီး အော်စော် (ထိုင်း ပြည်သူ့စစ်) တွေဆီကနေ အမိန့် ရောက်လာပါတယ်။

နောက်တရက်မှာတော့ ဆန်တင်တဲ့ကား (နယ်စပ်မှာတော့ နွားတင်တဲ့ကားလို့ ခေါ်ကြပါတယ်) ၅-စီးလောက် ရောက်လာပြီး ဒုက္ခသည်တွေအားလုံးကို အဲဒီကားပေါ် မောင်းတင်ပါတယ်။ ဒုက္ခသည်အားလုံး တထောင်ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။ အခြား ဒုက္ခသည်တွေက ဒီအတိုင်း ကားပေါ်တက်သွားပေမယ့် ကျနော်တို့ကျတော့ အဲဒီလို တက်လို့မဖြစ်။ ရုံးပစ္စည်းတချို့၊ သွပ်ပြားတချို့ကိုလည်း တင်ရပါသေးတယ်။

ဒီလိုနဲ့ “ဖုနန်းမလွန်” ရွာကနေ ၂-နာရီနီးပါး ကားမောင်းပြီးတဲ့အခါမှာတော့ “ဖုမဝမ်” ဆိုတဲ့ ရွာအနီးက ရေကန်ကြီးတခုဆီ ကျနော်တို့ ဒုက္ခသည်တွေ ရောက်သွားပါတယ်။ ဒီနေရာဟာ ရေကန်ကြီးတခု ရှိတာကလွဲရင် နေရေးထိုင်ရေးက ဖုနန်းလွန်ထက်တောင် အခြေအနေ ပိုဆိုးပါတယ်။

ရောက်ရောက်ချင်းမှာတော့ ဒီလိုပဲ ရေကန်ဘေး တလျောက်မှာ ဖြစ်သလိုစခန်းချလိုက် ရပါတယ်။ ပြီးတော့ အော်စော်နဲ့ ကရင်ဒုက္ခသည်ကော်မတီက တာဝန်ရှိသူတွေတွေက ဒုက္ခသည်တွေကို လူစုခွဲပြီး ရပ်ကွက်အလိုက် နေရချပေးပါတယ်။ ရေကန်ဘေးက တောအုပ်ငယ်ကို လက်ညှိုးထိုးပြီး နေရာချပေးတာ ဖြစ်တဲ့အတွက် တောခုတ်ရှင်းလင်းတဲ့ အလုပ်ကို ၂-ရက်လောက် လုပ်အားပေးလိုက်ရပါတယ်။

အဲဒီလိုရှင်းပြီးမှ စခန်းအစွန်ဆုံး ရေကန်ထောင့်မှာရှိတဲ့ တောင်ကုန်းလေးပေါ်မှာ ကျနော်တို့အဖွဲ့ နေရာယူလိုက်ပါတယ်။ ရေးရင်းနဲ့ သတိရလာတာက ကျနော်တို့မှာ လူဒုက္ခသည်တွေအပြင် ဘုန်းကြီးဒုက္ခသည် တပါးလည်း ပါလာပါသေးတယ်။

ရှေ့ပိုင်းအခန်းမှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း တပ်ရင်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးပဉ္ဇင်း သန်းဇော်ဟာ ကျနော်တို့ မိသားစုတွေနဲ့အတူ သင်္ကန်းဝတ်နဲ့ပဲ လိုက်ပါလာတဲ့အတွက် ဒီတောင်ကုန်းလေးပေါ်မှာ ယာယီ ကျောင်းအဖြစ် ခုနက သွပ်ပြားဟောင်းတွေနဲ့ တဲတလုံး လုပ်ပေးထားရပါတယ်။

ကိုယ်တိုင် စားစမရာမရှိဖြစ်နေတဲ့ ကျနော်တို့ မိသားစုတွေဟာ ဘုန်းကြီးအတွက်တော့ မမေ့ကြပါဘူး။ အာရုံဆွမ်းနဲ့ နေ့ဆွမ်းအချိန်မီ ပို့ပေးနိုင်အောင် ကြိုးစားကြတာကို ကျနော် အမှတ်ရနေပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၀) >>>>>

ထက်အောင်ကျော်