လောင်းလုံး တောမိုးတောင်ကြော စစ်ကြောင်းထိုးရှာဖွေနေ

0
2989

လောင်းလုံးမြို့နယ်ရှိ တောမိုးတောင်နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောမိုးတောင် အရှေ့ဘက်က တက်ရောက်ပြီး ကရင်ကြီး ပျူစောထီးအဖွဲ့က တောမိုးတောင် အနောက်ဖက်က တက်ရောက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့က ဆိုသည်။

“PDF စခန်းတွေကို ရှာဖွေနေပုံရတယ်။ အခုထိတော့ သေနတ်ပစ်သံမျိုးတော့ မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် သဘော့ဆိပ်၊ ပြင်ကြီး စသည့် ကျေးရွာများထဲတွင် လက်နက်များထမ်း၍ သွားလာလှုပ်ရှားမှုနေသည့်အတွက် ဒေသခံများ ထိတ်လန့်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့က သွားစရာလည်းမရှိဘူး။ ဒီလိုပဲကိုယ့်အိမ်မှာ နေရတာပေါ့။ တချို့က လမ်းမပေါ်သွားလာနေတာမျိုး ရှိသလို တချို့ကလည်း အိမ်ထဲမှာပဲ တံခါးပိတ်ပြီး နေကြတာမျိုးရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က ယင်းတောမိုးတောင် တောင်ခြေအနီးကျေးရွာများရှိ ကရင်ကြီးရွာပျူစောထီးစခန်း နှင့် မောင်းမကန်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ပတ်ကျော်ခန့်အကြာ ယခုကဲ့သို့ စစ်ကြောင်းထိုးရှာဖွေနေခြင်းဖြစ်သည်။

တောမိုးတောင်သည် လောင်းလုံးမြို့နယ်၏ အမြင့်ဆုံး မြင့်မိုရ်လတ်ခတ်တောင် ပြီးနောက် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ထားဝယ်မြို့၏ အနောက်ဖက်တွင် တည်ရှိသည်။