တရားဝင်မြန်မာလုပ်သားများ လေးလကျော်ကြာထိ အလုပ်မရသဖြင့် ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြ

0
3018

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်အရ တရားဝင်လာရောက်လုပ်ကိုင်သော်လည်း လေးလကျော်ကြာသည်အထိ အလုပ်မရသဖြင့် မြန်မာအလုပ်သမား ၈၀ ကျော် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြတောင်းဆိုကြကြောင်း အလုပ်သမားများက ပြောသည်။

ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်မှစတင်ကာ ဆန္ဒပြတောင်းဆိုကြပြီး မွန်းလွဲ ၂နာရီခွဲအထိ တောင်းဆိုနေကြဆဲဖြစ်သည်။

အဆိုပါအလုပ်သမားများသည် မြန်မာနိုင်ငံရှိ New Three Diamond အေဂျင်စီနှင့် မင်းမြတ်တံခွန်အေဂျင်စီတို့က ပို့ဆောင်ပေးလိုက်သော အလုပ်သမားအများစု ပါဝင်နေကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းသို့ စရောက်ချိန်မှစတင်ကာ အလုပ် မရသဖြင့် တစ်လခန့်အကြာတွင် မြန်မာသံရုံးသို့ အကြိမ်ကြိမ်တောင်းဆို မြန်မာအလုပ်သမားသံအရာရှိရုံးတွင် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရကြောင်း အလုပ်သမားများက ဆိုသည်။

အလုပ်စာချုပ်ချုပ်ရတွင် သံအရာရှိ၊ အလုပ်ရှင်၊ စေလွှတ်သည့် အေဂျင်စီတို့က လက်မှတ်ထိုးထားသော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။

အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ခွင့်ရရှိရန် ငွေကျပ် သိန်းဆယ်နှင့်ချီ ကုန်ကျခံကာ အချိန်များစွာ စောင့်ဆိုင်းခဲ့ရပြီး ထိုင်းသို့ ရောက်ရှိတွင် အလုပ်မရသဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံရကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြည်တွင်းရှိ မိသားစုများထံသို့ ငွေမပို့ပေးနိုင်သည့်အပြင် ထိုင်းတွင် အကြွေးပါတင်ခဲ့သဖြင့် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ ထိုင်းရောက်တာ လေးလထဲ ဝင်သွားပြီ။ ဒီနေ့အထိ အလုပ်လုံးဝ မလုပ်ရသေးဘူး။ တော်တော်ဒုက္ခ ရောက်နေကြတယ်။ ဒီကိစ္စကို အရင်က ဖြေရှင်းပေးခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးက ပြောသည်။

ထို့ကြောင့် ယနေ့တွင် သံရုံးရှေ့တွင် လာရောက်ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

“အလုပ်သမားတွေက သံအရာရှိတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းကြတယ်။ ဒါပေမဲ့ ပြေလည်မှုမရခဲ့ဘူး။ သူတို့ချင်း လက်ဝါးရိုက်ပြီးတော့ ၁၀ ယောက်လောက်ဆင်းခိုင်းလိုက်၊ ကျန်တဲ့သူက နားခိုင်းလိုက်နဲ့ ကလေးတွေက အကုန်လုံး အလုပ်ဆင်းရမှ ဆင်းမယ်ဆိုတော့လည်း သူတို့ဘက်က အကုန်လုံးမပေးနိုင် အဲဒီလိုတွေ ဖြစ်နေခဲ့တာ” ဟု AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ဆိုသည်။

အလုပ်သမားများသည် ဥပဒေအရ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင်ဘက်က မှားလျှင် အလုပ်သမား များကို ၇၅ ရာခိုင်နှုန်း လျော်ကြေးပြန်ပေးရန်၊ ငွေကြေးထပ်မံမကုန်ကျဘဲ အလုပ်မှန်နေရာမှန် ပြန်ဝင်ရရန်နှင့် နောက်လုပ်ငန်းခွင်တွင် ယခုကဲ့သို့ ထပ်မံဖြစ်ပေါ်ခဲ့ပါက တာဝန်ယူမှု တာဝန်ခံမှုရှိရန် စသောအချက်များကို တောင်းဆိုခဲ့ကြကြောင်း ၎င်းက ဆိုသည်။

မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဆန္ဒပြအလုပ်သမားများသည် သံအမတ်ကြီးရုံးခန်းသို့ စုဝေးရောက်ရှိနေကြပြီး သံအမတ်ကြီးက သံအရာရှိတစ်ဦးနှင့် ရှေ့နေတို့ကို ယခုကိစ္စအား အပြီးအပြတ်ဆောင်ရွက်ပေးရန် ပြောဆိုကြောင်း ၎င်းက ပြန်လည်ပြောပြသည်။