တိုက်ပွဲများကြောင့် ပလတွင် အုတ်လုပ်ငန်း မစနိုင်သေးဟုဆို

0
2939

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အုတ်လုပ်ငန်းများ မစနိုင်သေးကြောင်း ပလမြို့ရှိ အုပ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ထို့ကြောင့် အုတ်ဈေးတက်ကာ ဈေးကွက်အတွင်း အုတ်များလည်း ပြတ်လပ်နေကြောင်း ၎င်းတို့က ဆိုသည်။

ပုံမှန်အားဖြင့် မိုးရာသီအကုန်တွင် အုတ်ဖုတ်လုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း ယခုနှစ်တွင် နှစ်ဖက်တိုက်ပွဲ ဆက်တိုက်ဖြစ်ပေါ်လာနေသည့်အတွက် လုပ်ငန်း မစနိုင်သေးကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

“နှစ်တိုင်းဒီအချိန်ဆို သုံးဖိုလောက်ပြီးနေပြီ။ ခုက ဟိုကပစ် ဒီကပစ်နဲ့ စတောင်မစရဲကြသေးဘူး” ဟု ပလမြို့မှ အုတ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အုတ်လုပ်ငန်းလုပ်ရန် မြေတူးစက် ဘက်ဟိုး ပြင်ပမှ ငှားရမ်းလုပ်ကိုင်ရပြီး လက်ရှိတွင် တိုက်ပွဲကြောင့် ဘက်ဟိုး မောင်းသူများသည်လည်း လုပ်ငန်းခွင်သို့ မလာရဲကြကြောင်း ၎င်းက ပြောဆိုသည်။

ပလမြို့မှ အုတ်လုပ်ငန်းရှင်နောက်တစ်ဦးကလည်း “ဟိုဖက်ဒီဖက် အတိုက်အခိုက်တွေ ဆက်တိုက်ဖြစ်နေတော့ ဘက်ဟိုးတွေလည်း တစ်စီးမှ ခေါ်မရဘူး။ ကြောက်လို့ လာလည်းမရဲ၊ လုပ်လည်းမရဲကြဘူး။ ဒီအတိုင်း လက်ကိုက် ပြီးတော့ နေရတယ်” ဟု ပြောသည်။

ပလမြို့တွင် အုတ်လုပ်ငန်းရှင် ငါးဦးဝန်းကျင်ခန့်ရှိသည့်အနက် တစ်ဦးတစ်ယောက်မျှ လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။

“ပလက ပစ်ထုတ်လိုက်တဲ့ လက်နက်ကြီးတွေက အုတ်ဖိုတွေရှိတဲ့ အနီးတစ်ဝိုက်မှာ တခါတရံ လာကျတာတွေရှိတော့ လုပ်မရဲ ကိုင်မရဲဖြစ်နေတာရယ်။ နောက်တစ်ခုက အုတ်လုပ်ငန်းရှင်တချို့က လက်ရှိ မြို့ပေါ်မှာ မနေကြတော့တာ လည်း ရှိတယ်” ဟု ပလမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်ပွင့်လင်းရာသီတွင် ပုလောမြို့နှင့် ပလမြို့အပါအဝင် ကျေးရွာအချို့တွင် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လေ့ရှိသဖြင့် လုပ်ငန်းခွင်အတွင်း မနေရဲကြကြောင်း လုပ်ငန်းရှင်တို့က ဆိုသည်။

“မြေမတူးရတော့ အလုပ်သမားလည်း မခေါ်ချရဲသေးဘူး။ မိုး(ရာသီ) ကတည်းက စရံသိန်းဆယ်ချီ ပေးထားရတာ။ အခုဆိုအရှုံးစာရင်းပြနေပြီပေါ့” ဟု အုတ်လုပ်ငန်းရှင် နောက်တဦး ကပြောသည်။

ပလမြို့တွင် ယခင်နှစ်က အုတ်အချပ်တစ်ထောင်လျှင် အိမ်အရောက်ပို့ဈေး ကျပ်တစ်သိန်းသာရှိခဲ့ပြီး လက်ရှိတွင် ကျပ်တစ်သိန်းခုနှစ်သောင်းဝန်းကျင် ဈေးပေါက်နေကြောင်း အုပ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဈေးကွက်အတွင်းလည်း အုတ်များပြတ်လပ်လျှက်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

ပလမြို့တွင် လုပ်ကိုင်ကြသူမရှိသေးသော်လည်း ပုလောမြို့နယ်တွင် ပုံမှန်လုပ်ကိုင်နေသူအချို့ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။