မြိတ်နှင့် ကော့သောင်းတို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချသေဆုံး

0
3600
မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်တွင် ကြိုးဆွဲချသေဆုံးသည့် အမျိုးသားကို သယ်ထုတ်ယူရန် ပြင်ဆင်နေစဉ်။ / ဓါတ်ပုံ - ပါရမီနာရေးကူညီမှုအသင်း

မြိတ်မြို့နှင့် ကော့သောင်းမြို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချပြီး သေဆုံးကြောင်း နာရေးကူညီမှုအသင်းများနှင့် ဒေသခံများထံမှ သိရသည်။

မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ တောင်ပြိုရပ်ကွက်ရှိ ကွမ်းခြံအတွင်း နေအိမ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ကြိုးချသေဆုံးကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက်တွင်လည်း ရှမ်းချောင်းရပ်ကွက်၊ ရှမ်းချောင်းလမ်းမကြီးရှိ အဆောက်အအုံတစ်ခုတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထပ်မံ ကြိုးဆွဲချသေဆုံးခဲ့ပြန်ကြောင်း ပါရမီနာရေးကူညီမှုအသင်းထံမှ သိရသည်။

ကွမ်းခြံအတွင်း သေဆုံးသူသည် ယင်းခြံ၏ အလုပ်သမားဖြစ်ပြီး တောင်ပြိုရပ်ကွက်တွင် နေထိုင်နေသည်မှာ ယင်းရပ်ကွက်တွင် နေထိုင်သည်မှာ ၆ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“ဒီနေ့ ဆွဲကြိုးချသေတဲ့သူက ဒီမြို့ဇာတိမဟုတ်ဘူး။ ရှမ်းပြည်တောင်ကြီးဖက်ကလို့ သိရတယ်။ သူ့ဖုန်းမှာတွေ့တဲ့ ဖုန်းနံပါတ်တွေနဲ့ တာဝန်ရှိသူတွေက မိသားစုတွေကို အကြောင်းကြားထားပါတယ်” ဟု ပါရမီနာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချကြသည်ဆိုသည်ကိုမူ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင်လည်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့တွင် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းကလည်း အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သေးပြီး ပင်လယ်တွင် သေကြောင်းကြံစည်ရန် ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကိုလည်း ကူညီရေးအသင်းက အရေးပေါ်ကယ်ဆယ်ပေးခဲ့ရသည်။

ထားဝယ်မြို့နယ်တွင်လည်း ဇူလိုင်လနှင့် အောက်တိုဘာလတို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သေးသည်။

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများသည့်သူများသည် စိတ်ရောဂါခံစားလာရပြီး စိတ်ပျော်ရွှင်မှုကို ရှာဖွေသည့်အနေဖြင့် အရက်၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် နောက်ဆုံးအဆင့်တွင် အသက်သေရန်ကြိုးပမ်းခြင်းတို့ လုပ်လေ့လုပ်ထရှိကြောင်း စိတ်ပညာလေ့လာသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကြောင့် မလုံခြုံခြင်း၊ ဒေသတွင်း အလုပ်အကိုင် ရှားပါးခြင်း၊ အခြေခံစားသောက်ကုန် အဆမတန်ဈေးကြီးလာခြင်း စသည်တို့ကြောင့် အခြေခံလူတန်းစားများ နေ့စဉ်အခက်အခဲအကျပ်အတည်းမျိုးစုံဖြင့် ရုန်းကန်အသက်ရှင် နေထိုင်နေကြရသည်။