မော်လမြိုင်တွင် ဆိုင်ကယ်လုယူခံရ၊ ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်အမျိုးသမီး လည်ပင်းပြတ်ရှဒဏ်ရာရ

0
3188

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖိုရပ်၊ မြို့ပတ်လမ်းတွင် ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်အမျိုးသမီးတစ်ဦး တို့ကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်ကို လုယူသွားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်က အုတ်ဖို မြို့ပတ်လမ်းပေါ်တွင် ဆိုင်ကယ် တက္ကစီသမားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လဲကျနေသည်ဟုဆိုသဖြင့် သွားရောက်ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ဆိုင်ကယ်တက္ကစီသမားတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်အမျိုးသမီးတွင် လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် နားရွက်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကြောင်း ၎င်းက ဆိုသည်။

“လူပြတ်တဲ့နေရာမှာ လုပ်ကြံခံရတာ။ ဆိုင်ကယ်သမားနဲ့ ခရီးသည်အမျိုးသမီးကို ဓားနဲ့လှီးပြီးတော့ ဆိုင်ကယ် လုယူသွားတယ်။ လုပ်ကြံတဲ့လူက ဆိုင်ကယ်တက္ကစီသမားနဲ့ အသိမိတ်ဆွေပဲလို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

၎င်းတို့နှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

လုယက်သူ အမျိုးသားကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးဟု ကြားသိရကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့်လကလည်း မော်လမြိုင်မြို့ သာယာအေးရပ်ကွက် ဘဲကုန်းရပ်နေ ဆိုင်ကယ်တက္ကစီမောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရပြီး မော်တော်ဆိုင်ကယ် လုယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မော်လမြိုင်မြို့ပေါ်တွင် လူသတ်ပြီး ဆိုင်ကယ်လုယက်သည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဆိုင်ကယ် တက္ကစီများကို ပစ်မှတ်ထား လုပ်ဆောင်နေသည်ဟု မြို့ခံတို့က ပြောသည်။