၂ နှစ်အတွင်း မြိတ်-ကော့သောင်း လေယာဉ်လက်မှတ် သုံးဆကျော်ဈေးတက်

0
3972
ခရီးစဉ်ပြေးဆွဲစဉ်က ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်ရပ်နားထားသည်ကို တွေ့ရစဉ်/ Dawei Watch

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ သုံးဆ‌ကျော် ဈေးတက်လာခဲ့သည်။

မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်း တစ်စောင်လျှင် အာဏာမသိမ်းမီက ၄၅၀၀၀ ကျပ်သာရှိခဲ့ရာ လက်ရှိတွင် ၁၅၀၀၀၀ ကျပ်ရှိနေပြီဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ လကုန်အထိ လက်မှတ်တစ်စောင်လျှင် ၁၃၀၀၀၀ ကျပ်မှ ဒီဇင်ဘာလအစမှ စပြီး ၁၅၀၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။

“ဈေးတက်တဲ့အကြောင်းက လေယာဉ်ရုံးချုပ်ပဲ သိမယ်၊ သူတို့သတ်မှတ်ပေးတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းချပေးနေတာပါ” ဟု အထက်ပါ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသဖြင့် လေယာဉ်လက်မှတ်ဈေးများ မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့က ပြောပြသည်။

“ကော့သောင်းဘက်ကို အခုချိန်အထိ ကားနဲ့ပဲသွားဖြစ်တယ်၊ လေယာဉ်မစီးဘူး၊ လေယာဉ်က ဈေးကြီးတယ် ပြီးတော့နေ့တိုင်းမရှိဘူး” ဟုမြိတ် ကန်ဖျားရပ်နေ ရေထွက်ကုန်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးက ပြောသည်။

မြိတ်-ကော့သောင်းသို့ ကားဖြင့်သွားပါက လက်မှတ်တစ်စောင်လျှင် အများဆုံး ၃၅၀၀၀ ကျပ်အထိ ရှိကြောင်း မော်တော်ယာဉ်လိုင်းတချို့မှ သိရသည်။

မြိတ်-ကော့သောင်းခရီးစဉ်အား မြန်မာ့လေကြောင်းလိုင်းမှ တစ်လလျှင် နှစ်ခေါက်နှုန်း ပြေးဆွဲလျက်ရှိကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

“တအားအရေးကြီးကိစ္စပေါ်လာရင်တော့လေယာဉ်နဲ့သွားဖြစ်မယ်ထင်တယ်၊ ဒါတောင် လေယာဉ်ရှိတဲ့နေ့နဲ့ ကြုံမှပဲ” ဟု အထက်ပါ ရေထွက်ကုန်များ အရောင်းအဝယ်ပြုလုပ်နေသူက ပြောသည်။

ထို့ပြင် မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် အာဏာမသိမ်းမီက ၈၀၀၀၀ ကျပ်မှ လက်ရှိတွင် ၁၇၀၀၀၀ ကျပ်ကျော်အထိ ရှိနေကြောင်း သိရသည်။

မြိတ်-ရန်ကုန်ခရီးစဉ်မှာ နေ့တိုင်းရှိကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တို့မှ သိရသည်။