မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ လေးဦးဒဏ်ရာရ

0
3473

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။

အရပ်သားနှစ်ဦးမှာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းအားလာသွင်းစဉ် ဗုံးစထိမှန်သွားသည်ဟုလည်း ရပ်နေသူအချို့တို့ထံမှ သိရသည်။

“ထိသွားတဲ့ လေးဦးမှာ သုံးဦးကတော့ ဒဏ်ရာပြင်းတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်တွေ၊ ရဲတွေက ရောက်လာတယ်။ အဲဒီပတ်ဝန်းကျင်က လူတွေကို ခေါ်စစ်နေတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၃ ဦးတို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး ကျန်အရပ်သားတစ်ဦးကို မုဒုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုမှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

အာဏာသိမ်းပြီးနောက် မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။