မောင်းမကန်ရဲစခန်း ပစ်ခတ်ခံရပြီးနောက် အနီးဝန်းကျင်ရွာအချို့ကို လုံခြုံရေးတင်းကျပ်ထား

0
5175

လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် အနီးဝန်းကျင် ကျေးရွာအချို့ကို ယနေ့ ဒီဇင်ဘာလ ၅ရက် နံနက်ပိုင်းကစပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၄ ရက်ညက မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်၍ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး စသည့် ကျေးရွာအချို့တွင် စစ်ကောင်စီ တပ်သားများ လာရောက်တပ်ချကာ လုံခြုံ‌ရေးတင်းကျပ်ထားကြောင်း ဒေသခံတို့က ဆိုသည်။

“ရွာထဲမှာ ‌သေနတ်ထမ်းပြီး ဟိုတစ်စု ဒီတစ်စုသွားနေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ထိုသို့စစ်ကောင်စီတပ်သားများ ရောက်ရှိနေခြင်းကြောင့် လမ်းမပေါ်ရှိနေအိမ် အများအပြား တံခါးပိတ်ထားကြပြီး ဒေသခံပြည်သူအချို့မှာလည်း အခြားရွာများသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာလမ်းမဘေးက အိမ်တွေတော်တော်များများ မရှိကြတော့ဘူး။ အားလုံး‌ ရှောင်နေကြတယ်။ သူဆက်သွယ်နဲ့သူ ပြောင်းရွှေ့နေကြတယ်” ဟု သူမကပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ထားဝယ် – မောင်းမကန်သွားလမ်းတစ်လျှောက်တွင် ခရီးသွားပြည်သူများကိုလည်း စစ်ဆေးလျှက်ရှိကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်အရသိရသည်။

ဒီဇင်ဘာလ ၄ရက် ညက မောင်းမကန်ရဲစခန်းအပါဝင် ကရင်ကြီးရွာရှိ ပျူစောထီးစခန်းတို့မှာ တပြိုက်နက်တည်း ပစ်ခတ်ခံရပြီး ကရင်ကြီးရွာသို့ စစ်ကူလာသော ကားမှာ ကျောက်ဆင်နှင့် သဘော့ဆိပ်ရွာကြား တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“အခုမနက်မှာတော့ အဲဒီနေရာမှာ ရဲနဲ့ စစ်သားစီးလာတဲ့ကား တစ်စီးကျန်ခဲ့တာတွေ့ရတယ်” ဟု ဒေသခံရွာသား နောက်တစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်ထိခိုက် ဒဏ်ရာရရှိမှုအခြေနေကိုမူ တိတိကျကျမသိရသေးပေ။

ရဲစခန်းနှင့် ပျူစောထီးစခန်းတို့ကို ဒေသခံ PDF တပ်ဖွဲ့အချို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများကြား ပြောဆိုနေကြသည်။