သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)

0
2748
မာနယ်ပလောသို့ စစ်ကူသွားမည့် ဘက်မလိုက်တပ်ရင်းက ရဲဘော် ၂၅ ဦးအား ထီးခီးကျောင်းသားရုံးရှေ့မှာ မြင်ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၂-

(၁) မာနယ်ပလောဌာနချုပ်ကာကွယ်ရေးအတွက် စစ်ကူလိုက်ခြင်း

ဘက်မလိုက်ညီညွတ်ရေးအဖွဲ့၊ ပူးတွဲညီညွတ်ရေးကော်မီတီ၊ DAB စစ်ကြောင်းတွေနဲ့ ကျနော်တို့တပ်တွေ တနင်္သာရီကမ်းရိုးတန်းတလျှောက် စည်းရုံးလှုပ်ရှားလို့ အရှိန်ကောင်းတုန်း၊၁၉၉၂ ခု၊ ဖေဖေါ်ဝါရီ လကုန်ပိုင်းလောက်မှာ မာနယ်ပလောဌာနချုပ်ကနေ သတင်းထူးတခု ဝင်လာပါတယ်။

၁၉၉၁ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မာနယ်ပလောထိုးစစ်ဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပြီး အခုဆိုရင် မာနယ်ပလောရဲ့ အဓိက ခံစစ်ကြောင်းတွေဖြစ်တဲ့ နော်တတောင်တန်းနဲ့ ခွေးအိပ်တောင်ဝန်းကျင်အထိ ရောက်နေပြီ။

အခု မတ်လ ၂၇-တပ်မတော်နေ့အမီ မာနယ်ပလောကိုသိမ်းနိုင်ဖို့ နဝတက အပြင်းအထန်ကြိုးစားနေတယ်။ ဌာနချုပ်ဝန်းကျင်ရှိ KNU, ABSDF, NDF, DAB က တပ်တွေအားလုံးစုပေါင်း ခုခံတိုက်ခိုက်နေတယ်။ ဒီတိုက်ပွဲမှာ မင်းသမီးစခန်းနဲ့ တောင်ပိုင်းဒေသရှိ ABSDF တပ်တွေလည်း ပါဝင်စေချင်တယ်ဆိုပြီး သက်ဆိုင်ရာ ဗဟိုနှစ်ခုကနေ ကျနော်တို့ ပူးတွဲညီညွတ်ရေး ကော်မီတီဆီ သတင်းဝင်လာတာ ဖြစ်ပါတယ်။

ဒီအတွက် မာနယ်ပလောသို့ စစ်ကူပို့ရေး ကျနော်တို့ အရေးပေါ် ပြင်ဆင်ရပါတယ်။ ဒီကိစ္စဟာ ပူးတွဲညီညွတ်ရေးကော်မီတီအနေနဲ့ တိုက်ရိုက်တာဝန်မရှိပဲ သက်ဆိုင်ရာ ဗဟိုတွေအလိုက် တာဝန်ယူတာဖြစ်ပေမယ့် ကျနော်တို့ ဘက်မလိုက်တပ်ရင်း အနေနဲလည်း ဒီတိုက်ပွဲမှာ ပါဝင်သင့်တယ်လို့ ဆုံးဖြတ်ပြီး တပ်ဖွဲ့ဝင် ၂၅-ဦးပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကံကောင်းတာကတော့ အဲဒီအချိန်မှာ ကိုသီရိညွန့် (ဒုတိယအကြိမ် ညီလာခံကာလ ဗဟို တွဲဖက်အတွင်းရေးမှူး၊ ယခု အမေရိကန်) လှူဒါန်းထားတဲ့ ပြောက်ကျား ယူနီဖေါင်းအသစ် ၂၅-စုံရှိနေတာနဲ့ ကွက်တိဖြစ်သွားပါတယ်။ မာနယ်ပလော စစ်ကြောင်းအတွက် ကျနော်တို့စခန်းကနေ တာဝန်ပေးလိုက်သူတွေကတော့ အုပ်ချုပ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးအတွက် စခန်းကော်မတီ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့ အဖွဲ့ဝင် ဆရာဦးဟန်လင်း၊ စစ်ကြောင်းမှူးအဖြစ်ကတော့ တပ်ခွဲမှူးတဦးဖြစ်သူ ကိုမင်းဇော်သူတို့ ဖြစ်ပါတယ်။

ကျနော်တို့လိုပဲ တခြားတပ်ရင်းတွေကလည်း စစ်ကူတွေပို့ကြပြီး အဲဒီထဲမှာ ၂၀၁၊ ၂၀၃ ကိုနိုင်အောင်တို့ဘက်က တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးစီးတဲ့ ပူးတွဲတပ်စုတစု၊ ၂၀၁ ကိုမိုးသီးဇွန်တို့ဘက်က တပ်ရင်းမှူး ကိုကျော်ရ ဦးစီးတဲ့တပ်စုတစု၊ နောက်တခါ နတ်အိမ်တောင်စခန်းကျပြီးတဲ့နောက် မင်းသမီးဒေသဆီ ရောက်လာတဲ့ ၁၀၂ တပ်ရင်းက တပ်ရင်းမှူး ကိုဘစောထွန်း ဦးစီးတဲ့ တပ်စုတစု၊ မာနယ်ပလောဒေသဆီ စစ်ကူလိုက်သွားကြပါတယ်။

ချေဂွေဗားရား-ပုံစံ ဆံပင်ရှည်ထားတဲ့ ၁၀၂ တပ်ရင်းမှုး ကိုဘစောထွန်းဟာ တပ်ဖွဲ့ဝင်တွေကြား ထူးထူးခြားခြား ပေါ်လွင်နေသူတဦးအဖြစ် ကျနော် သတိထားမိပါတယ်။ အားလုံးပေါင်းလိုက်ရင် မင်းသမီးဒေသကနေ မာနယ်ပလောဆီ စစ်ကူသွားတဲ့ ကျောင်းသားတပ်အင်အား ၁၂၁-ဦးရှိပြီး စစ်ကူသွားတဲ့အချိန်ကတော့ ၁၉၉၂ ခု မတ်လ အစောပိုင်း သို့မဟုတ် ဖေဖေါ်ဝါရီနှောင်းပိုင်းလို့ ထင်ပါတယ်။

ထီးခီးကနေ ထိုင်းနယ်စပ်ကို ထရပ်ကားတွေနဲ့ ခေါ်သွားပြီး ထိုင်းထဲ ရောက်တဲ့အခါမှာတော့ ဘတ်စ်ကား ၃ စီးနဲ့ မဲဆောက်အထိ ခေါ်သွားကြောင်း၊ အဲဒီကနေ မာနယ်ပလောအထိ တခါတည်း တန်းပို့ပေးခဲ့ကြောင်း သိရပါတယ်။

(၂) ဗိုလ်ချုပ်လှမှ ဗိုလ်ချုပ်မြအား စစ်ရပ်စဲကြောင်း ကြေညာခြင်း

အဲဒီနောက်မှာတော့ ကျနော်တို့လည်း ဘက်မလိုက်တပ်ရင်းနဲ့ ပူးတွဲကော်မတီအလုပ်တွေကို ဆက်လုပ်၊ DAB စစ်ကြောင်းတာဝန်တွေကို ဆက်လုပ်ရင်းနဲ့ မာနယ်ပလောဘက်က အခြေအနေကို စက်သတင်းနဲ့ ရေဒီယိုသတင်းမှအပ ပိုမသိတော့ပါ။

အဲဒီကာလ သတင်းတွေအရဆိုရင် နဝတ-တပ်တွေက မာနယ်ပလောကို အဓိက စစ်ကြောင်းကြီး ၂ ခုနဲ့ ထိုးလာတာဖြစ်ပြီး တခုက ရှေ့မှာတင်ပြခဲ့တဲ့ သောင်ရင်းမြစ်ကမ်းရှိ မဲသဝေါ တောင်တန်းအလွန် နော်တ တောင်ကုန်းဘက်ကနဲ့ တခြားတခုကတော့ သံလွင်မြစ်ဖက်ကနေ တက်လာတဲ့ ထွီးပါဝီကျိုး ခေါ် ခွေးအိပ်တောင်ဘက်က စစ်ကြောင်းတွေဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း KNU, ABSDF, NDF, DAB အပါဝင် မဟာမိတ်တပ်တွေအားလုံး စစ်ရေးအရရော၊ နိုင်ငံရေးအရပါ စည်းလုံးညီညွတ်စွာနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် နဝတ-ဘက်က အကျအဆုံး အတော်များခဲ့တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ၁၉၉၂ မေလမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ဗိုလ်ချုပ်ကြီးသန်းရွှေဆီ နဝတ-ဥက္ကဋ္ဌတာဝန် လွဲပြောင်းချိန်မှာ မာနယ်ပလောထိုးစစ်ကို ရပ်ဆိုင်းလိုက်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှက ကြေညာတာကို ရေဒီယိုကတဆင့် ကျနော်တို့ ကြားလိုက်ရပါတယ်။

(၃) မာနယ်ပလောသို့ ဒုတိယခရီးစဉ်

နော်တ စစ်မြေပြင်သို့မထွက်ခွာမီ မာနယ်ပလောအနီးက စခန်းတခုမှာ တွေ့ရတဲ့ ဘက်မလိုက်တပ်ရင်းက ရဲဘော် ၂၅ ဦး။

စစ်ပွဲတွေရဲ့ထုံးစံအတိုင်း စစ်ကူလိုစဉ်တုန်းကတော့ မင်းသမီးအထိလာပြီး ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ အသေအချာ လာရောက်ကြိုဆိုပေးခဲ့ပေမယ့် အခု စစ်ပွဲပြီးတဲ့အခါမှာတော့ ကျနော်တို့ ရဲဘော်တွေကို ပြန်ပို့ပေးရေးအစီစဉ် KNU နဲ့ DAB မှာ ရှိပုံမရပါ။

နောက်တခါ နဝတ-စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှက နော်တနဲ့ထွီးပါဝီကျိုးဒေသ စစ်ဆင်မှုကို ရပ်နားကြောင်းကြေညာတာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုတော့ တကယ်ရပ်တာလား၊ ပြန်တိုက်ဖို့အတွက် စစ်ပရိယာယ်သုံးပြီး အချိန်ဆွဲတာလား မသဲမကွဲဖြစ်နေချိန်မှာ တပ်တွေပြန်ခေါ်မှာကို တပ်ပေါင်းစုက ကြိုက်ပုံမရသေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလအခြေနေအရ ကျနော်တို့ဆီက ရဲဘော် ၂၅ ဦးဟာ ၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ကို ကိုယ်စားပြုပြီးသွားတာဖြစ်တဲ့အတွက် စစ်ပွဲပြီးရင် ဟိုမှာ နေစရာ၊ထိုင်စရာမရှိပါ။

ဆိုလိုတာက ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုလက်အောက်ခံတပ်တွေဟာ စစ်ပွဲပြီးရင် သက်ဆိုင်ရာဗဟိုစခန်းတွေမှာ ဆက်နေလို့ရပေမယ့် ကျနော်တို့ ဘက်မလိုက်ရဲဘော်တွေကို သူတို့စခန်းမှာ လက်ခံထားနိုင် မထားနိုင် မသေချာသေးပါ။ ဒီလိုနဲ့ ရဲဘော် ၂၅ ဦးကို တပ်ရင်းပြန်ခေါ်ရေးအတွက် စခန်းကော်မတီကနေ ဥက္ကဌ-ကျနော့်ကို တာဝန်ပေးတာကြောင့် မာနယ်ပလောဒေသဆီ ဒုတိယ အခေါက်သွားဖို့ အခြေနေပေါ်လာပြန်ပါတယ်။

မရောက်တာကြာပြီဖြစ်တဲ့ မာနယ်ပလောကို ဘယ်လိုသွားရမှန်း ကျနော်မသိသေး။ ဘက်မလိုက်အဖွဲ့ဆိုတော့ ဝင်ငွေလည်း သိပ်မရှိတဲ့အတွက် ထိုင်းထောက်လှမ်းရေးတွေနဲ့ အဆက်သွယ်ပြတ်နေပြီး ခရီးသွားဖို့ ထောက်လှမ်းရေးလည်း မငှားနိုင်၊ ထောက်လှမ်းရေး လက်မှတ်လည်း လုပ်မထားနိုင်တဲ့ အခြေအနေပါ။

ဒီလိုနဲ့ ထုံးစံအတိုင်း ထိုင်းယောင်ဆောင်ပြီး ဘန်ကောက်ကို ဒီတိုင်းတက်လာ၊ တော်လှန်ရေးရုံးတွေဆီ ဟိုမေး-ဒီမေးလုပ်လိုက်တော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အတွင်းရေးမှူး ကိုအောင်မိုးဇော် (အခု ဥက္ကဋ္ဌ) မာနယ်ပလောကို ဆင်းဖို့ပြင်နေတယ်။ သူနဲ့ ကပ်လိုက်သွားလို့ ရနိုင်တယ်ဆိုပြီး သတင်းရပါတယ်။

ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော်ဟာ ဘန်ကောက်၊ တာ့ခ်၊ မဲစရီယန်း၊ စော်လဲထာ လမ်းကြောင်းကနေ လိုင်းကားစီးပြီး မယ်နယ်ပလောဆီ ဆင်းလာတော့ လမ်းမှာ ဘာမှအစစ်ဆေးမရှိ။ ဒီလမ်းကြောင်းက ဘန်ကောက်-မဲဆောက်လမ်းထက် ပိုချောင်ပုံရပါတယ်။

ဒါပေမယ့် မဲစရီးယန်း-စော်လဲထာ လမ်းက အတော်ဆိုးပါတယ်။ မိုးဦးကာလဆိုတော့ ချောင်းရိုးတလျှောက် ဖောက်ထားတဲ့ ဒီကားလမ်းဟာ ရေတွေကြီးနေပြီး မင်းသမီးဒေသက ထီးခီး-ထီးထားလမ်းလို ချောင်းတွေကို အတန်တန်ဖြတ်ပြီး သွားနေရပါတယ်။

မိုးထဲရေထဲ လိုင်းကားစီးပြီး ခရီးနှင်လာတဲ့ ကျနော်တို့ ၂ ဦး စောလဲထာရောက်တော့ အရင်လို စောလဲထာ-မာနယ်ပလော လှေကြုံမရှိပါ။ တိုက်ပွဲပြီးခါစမို့ ကုန်သည်လှေတွေ မသွားဘူးလို့ ဆိုပါတယ်။

ဒါနဲ့ လှေတစီးကို ဘတ် ၃၀၀ နဲ့ ငှားတော့ မြစ်ဆုံအထိပဲ လိုက်ပို့နိုင်မယ်။ မယ်နယ်ပလောဘက်မှာ တိုက်ပွဲသံကြားနေရဆဲမို့ အဲဒီအထိ မလိုက်ရဲဘူးလို့ လှေသမားက ပြောပါတယ်။ ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော့်ကို မြစ်ဆုံရဲ့ ထိုင်းဘက်ကမ်းမှာ ချပေးထားခဲ့ပါတယ်။ (သံလွင်နဲ့ သောင်းရင်းမြစ်ဆုံတဲ့ ဒီမြစ်ဆုံရဲ့ မြန်မာဘက်ခြမ်းမှာတော့ စေတီတဆူနဲ့ ဘုန်းကြီး ကျောင်းတဆောင်ရှိပြီး နောက်ပိုင်း DKBA စတင် ပေါ်ပေါက်လာတဲ့ နေရာဖြစ်ပါတယ်။)

ဒီကမ်းပေါ်က Resort လိုလို၊ စားသောက်ဆိုင်လိုလို နေရာကို မြစ်ထဲက ဖြတ်သွားတိုင်း မြင်ဖူးပေမယ့် တခါမှ အပေါ်မတက်ဖြစ်ပါ။ အခုတော့ မတက်လို့မဖြစ်။ ကျနော်တို့ ၂ ဦး အထုပ်ကိုယ်စီနဲ့ တက်လာတော့ အပေါ်မှာ ဆိုင်ရှိပေမယ့် စားစရာက အစုံအလင်မရှိ။ ထိုင်းခေါက်ဆွဲပြုတ် ကွေ့တီယို တပွဲစီ မှာစားရင်း လှေကြုံစောင့်ပေမယ့် ဘာလှေမှ မလာတဲ့အတွက် အဲဒီမြစ်ဆုံမှာပဲ တညအိပ်လိုက်ရပါတယ်။

နောက်တနေ့မိုးလင်းတော့ လှေကြုံတစီးရပြီး မာနယ်ပလောကို ကျနော်တို့ရောက်လာပါတယ်။ စစ်ပွဲပြီးကာစ မာနယ်ပလောဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး အခြေအနေက တမျိုးကြိးပါ။

ကျနော်လည်း ဘယ်မှာဆင်းရမှန်း မသိတာနဲ့ မာနယ်ပလောဂိတ်ကို ကျော်ပြီး အပေါ်ဘက် ၁၀ မိနစ်လောက် ဆက်မောင်းရတဲ့ သောင်းရင်းမြစ်ဘေး ကုက္ကိုပင်ကြီးအောက်က ကိုအောင်မိုးဇော်တို့ရဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးရှိရာအထိ လိုက်သွားခဲ့ပါတယ်။

တကယ်တော့ ဒီရုံးတွေရှိတဲ့နေရာဟာတွေဟာ မာနယ်ပလောရဲ့ ရပ်ကွက်သစ်တွေလို့ ခေါ်ဆိုနိုင်ပြီး ၁၉၈၉ ခုနှစ် ကျနော် ပထမ-ခေါက် မာနယ်ပလော ရောက်စဉ်က ဒီနေရာတွေမှာ လူဘောင်သစ်၊ NLD-LA၊ ရဟန်းပျိုသမဂ္ဂရုံးတွေ မရှိသေးပါ။

(၄) မာနယ်ပလောမှ လောကွားလူ ABSDF ဌာနချုပ်ဟောင်းသို့

ABSDF ဌာနချုပ်ဟောင်း လောကွားလူစခန်းက ရဲဘော်အချို့ကို သောင်းရင်းမြစ် နောက်ခံနှင့်အတူ မြင်ရစဉ်။

လူဘောင်သစ်ပါတီဌာနချုပ်ရုံးက ရဲဘော်တွေကို မေးရင်းမြန်းရင်းနဲ့ သတင်းရတာက ကျနော့်စခန်းက အတွင်းရေးမှူးနဲ့အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ လောကွားလူတောင်ကုန်းဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ အဲဒီ လူဘောင်သစ်ရုံးရှိရာဘက်ကနေ ကချင်ကုန်း၊ DAB ရုံး၊ မဒတရုံးတွေကို ပြန်ဖြတ်ပြီး မာနယ်ပလောရင်ပြင် ဘောလုံးကွင်းဘက်ကို တကိုယ်တော် လမ်းပြန်လျှောက်လာခဲ့ရပါတယ်။

စစ်ပွဲပြီးကာစ မာနယ်ပလောဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ စိတ်ထဲမှာ တမျိုးကြီးပါပဲ။ လူသံတွေ တိတ်ဆိတ်နေပြီး ထိန့်လန့်ချင်သလိုလိုနဲ့။ မာနယ်ပလောရင်ပြင်ထဲ ရောက်တော့လည်း အရင်လို လူသူတွေ သိပ်မတွေ့ရ။ ရုံးခန်းတွေလည်း မဖွင့်သေး။

တွေ့တဲ့လူကိုမေးပြီး ကမ်းနားတလျှောက် နာရီဝက်ဆက်လျှောက်လိုက်တော့ ကျောင်းသားရုံးရှိရာ လောကွားလူကုန်းကို တန်းပြီးရောက်သွားပါတယ်။ အဲဒီမှာ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းကိုတွေ့ရပြီး သူတို့တည်းတဲ့အဆောင်ဟာ လက်နက်ကြီးစထိလို့ အမိုးနည်းနည်းပြိုကာ မိုးယိုနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် တိုက်ပွဲကာလအတွင်း လက်နက်ကြီး အများစုဟာ လောကွားလူ အပါအဝင် မာနာပလောစခန်းထဲ ကျတာမဟုတ်ပဲ စခန်းကိုကျော်ပြီး ထိုင်းနယ်မြေထဲကျသွားတာက များတယ်လို့ သိရပါတယ်။

ဒီလောကွားလူစခန်းဟာ ABSDF ၂ ခြမ်းမကွဲမီအထိ ဗဟိုဌာနချုပ် ရုံးစိုက်ခဲ့တဲ့နေရာဖြစ်ပေမယ့် အခု ကျနော်ရောက်လာချိန်မှာတော့ ဗဟိုအစည်းဝေးခန်းမ တခု၊ ဘားတိုက် ၂ ခု ၃ ခုသာရှိပြီး နောက်တိုး ဗဟိုဌာနချုပ်အသစ်တွေဖြစ်တဲ့ ကိုနိုင်အောင်တို့ရဲ့ ဒေါင်းဂွင်စခန်းနဲ့ မာနယ်ပလောတောင်ကုန်းပေါ်က ကိုမိုးသီးဇွန်တို့ရဲ့ ဗဟိုစခန်းလောက် သားနားခြင်း မရှိပါ။

…………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃) >>>>>

ထက်အောင်ကျော်