ရေဖြူ၊ ပုဂေါဇွန်းရွာတွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

0
3833

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာတွင် အသက် ၅၀ ကျော် အရွယ်ရှိ ရဲတပ်ဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦး ယနေ့ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ ပုဂေါဇွန်းရွာသား ဦးတင်ထွန်း (ခေါ်) ဂန်ကျိုးဆိုသူဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပုဂေါဇွန်းရွာ အနောက်မြောက်ဘက် ဆီအုန်းတောစပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက လည်ပင်းမှာ နှစ်ချက်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ လွန်ခဲ့သည့် ၁၀နှစ်ကျော် ဝန်းကျင်ကတည်းက ယင်းကျေးရွာသို့ ရွှေ့ပြောင်းရောက်ရှိလာပြီး ပုဂေါဇွန်းရွာသူနှင့် အိမ်ထောင်ကျနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးတင်ထွန်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ဦတင်းထွန်း၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင်ပင် နေ့ချင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။