ထိုင်းတွင် ၁၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ

0
4599

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် အိမ်တွင် တစ်ဦးတည်းကျန်ခဲ့သော မိန်းကလေးကို မြန်မာအလုပ်သမားက အိမ်ထဲသို့ဝင်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားထား သည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၃ နှစ်အရွယ် မောင်ထူးလေး အမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မိန်းကလေးငယ်သည် အိမ်တွင် တစ်ဦးတည်းကျန်ရှိနေစဉ် အိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်ကာ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖွင့်လိုက်ချိန်တွင် မောင်ဖြစ်သူမဟုတ်ဘဲ မြန်မာအလုပ်သမားသည် နေအိမ်အတွင်းသို့ ဝင်လာပြီး မိန်းကလေးငယ်ကို ချုပ်ကိုင်ကာ အခန်းထဲခေါ်ဆောင်၍ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မိန်းကလေးမှာ ဓမ္မတာလာနေသောအချိန်ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း ဂရုမစိုက်ဘဲ မြန်မာအလုပ်သမားက ဆက်လက်ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း သတင်းများတွင် ရေးသားထားသည်။

ထို့နောက် မိန်းကလေးငယ်က အယ်လာဂျစ်ရောဂါရှိသဖြင့် ဆေးသောက်ရန်လိုပြီး မသောက်ရလျှင် အသက်ရှူရ ခက်ခဲ နိုင်သည်ဟု ပြောရာတွင် မြန်မာအလုပ်သမားက လက်ခံခဲ့သဖြင့် ဆေးကိုယူပေးကြောင်း မိန်းကလေး၏ ပြောကြား ချက်ကို သတင်းများတွင် ရေးသားဖော်ပြသည်။

ယင်းအချိန် မိန်းကလေးငယ်က ခြေထောက်ဖြင့် ကန်ခဲ့ကာ အပြင်ထွက်ပြေး၍ ကူညီတောင်းခံခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

မြန်မာအလုပ်သမားသည် ထွက်ပြေးခဲ့ပြီး ကြံစိုက်ခင်းအတွင်း ဝင်ပုန်းအောင်းနေခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ယင်းနောက် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်စစ်ဆေးနေပြီး ခြိမ်းခြောက်အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် ကနဦး အမှုဖွင့် တရားစွဲဆိုထားကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

Ref: Khaosod Online, Chaing Mai News