လောင်းလုံးဆေးရုံအနီး ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူမှာ ပဉ္စသီမော်ရွာသားဖြစ်နေ

0
4671

လောင်းလုံးမြို့ ပြည်သူ့ဆေးရုံအနီး နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည့် အမည်မသိ အမျိုးသားမှာ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာသား အသက် ၃၁ နှစ်အရွယ်ရှိ ကိုကျော်လွင်ဦး ဆိုသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က ဆိုင်ကယ် ရပ်ခိုင်းသည်ကို မရပ်တန့်ဘဲ ထွက်ပြေးသည်ဟုဆိုကာ စစ်ကားပေါ်က ပစ်ခတ်မှုဖြစ်စဉ်တွင် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအနက်တစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ရေမြောင်းထဲ ကျပြီးသေဆုံးခဲ့ကာ နောက်တစ်ဦးဖြစ်သည့် အသက် ၁၆နှစ်အရွယ် သဗျာရွာသား မောင်အောင်ဝေယံမှာ သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ ယူဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့သည်။

“အဲဒီနေ့က နှစ်ဦးသေဆုံးတယ်လို့ ကြားရပေမယ့် တစ်ယောက်က ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။ (ကိုကျော်လွင်ဦး) သူလည်း ပျောက်နေတဲ့အခါကျတော့ ဆေးရုံသွားစုံစမ်းကြည့်မှ သူဖြစ်နေတယ်” ဟု ပဉ္စသီမော်ရွာသားတစ်ဦးက ပြောသည်။

ကိုကျော်လွင်ဦးမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က လောင်းလုံးမြို့မှ နေအိမ်သို့ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် သဗျာရွာသား အသက် ၁၆ နှစ်ရွယ်ရှိ မောင်အောင်ဝေယံနှင့် ကိုကျော်လွင်ဦး တို့၏ ရုပ်အလောင်းများကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သဗျာရွာသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။