သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉)

0
3305
ဒုတိယအကြိမ် ရွေးချယ်ခံ ဗဟိုကော်မီတီဝင်များ။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈)

အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ)

အခန်း-၁၉ –

(၁) ဒုတိယ အကြိမ်ညီလာခံနဲ့ နယ်မြေကော်မီတီကို ဖျက်သိမ်းခြင်း

၁၉၈၉ နှောင်းပိုင်း နိုဝင်ဘာလမှာတော့ ကျနော်တို့ KNU နယ်မြေကော်မတီကို ဆက်ထားဖို့ မလိုတော့ဘူး၊ စခန်းတွေအားလုံးကို ဗဟိုကော်မီတီကနေ တိုက်ရိုက်အုပ်ချုပ်တော့မယ်လို့ ဒုတိယအကြိမ် ဗဟိုညီလာခံနေက ဆုံးဖြတ်ချက် ထွက်လာပါတယ်။

နိုဝင်ဘာလ အစောပိုင်းက မင်းသမီးစခန်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကနေ အဲဒီလို ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် မဲဆောက်မြို့ပြင်က ကျနော်တို့ရဲ့ ရုံးခန်းကို ဗဟိုကော်မတီဆီ ထိုးအပ်၊ နယ်မြေ ကော်မတီဝင်တွေအားလုံး ကိုယ့်မိခင်စခန်း ကိုယ်ပြန်ဖို့ပြင်ရပါတယ်။

ကျနော်လည်း တနှစ်ကျော် ပိုင်ပိုင်-မာမာ (သွားလိုက်လာလိုက်) နေထိုင်ခဲ့ဖူးတဲ့ မဲဆောက် ရွှေမြို့တော်ကို နှုတ်ဆက်ပြီး ကန်ချနဘူရီဘက်က မင်းသမီးစခန်းဆီ ပြန်ဖို့ပြင်ဆင်ရပါတယ်။

ဒုတိယအကြိမ်ညီလာခံကနေ ရွေးချယ်လိုက်တဲ့ ဗဟိုကော်မတီအသစ်ရဲ့ စာရင်းကို ပြောရမယ်ဆိုရင် လူဘောင်သစ်ဒီမိုကရက်ပါတီ ခေါင်းဆောင် အဖြစ်ကနေ တောခိုပြီး သေဘောဘိုးစခန်း ကိုယ်စားလှယ်ဖြစ်လာတဲ့ ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ၊ ဘုရားသုံးဆူဒေသ (၁၀၁) တပ်ရင်းက ဒေါက်တာနိုင်အောင်က ဒု ဥက္ကဋ္ဌ၊ မင်းသမီးစခန်း (၂၀၁) တပ်ရင်းက ကိုကျော်ကျော်က အထွေထွေ အတွင်းရေးမှူး၊ ဘုရားသုံးဆူဒေသ (၁၀၂) တပ်ရင်းက ကိုသီရိညွန့်က တွဲဖက်အတွင်းရေးမှူး ဖြစ်လာပါတယ်။

ဗဟိုဦးဆောင်ကော်မီတီဝင်တွေထဲမှာတော့ ကော့မူးရာစခန်းမှ ဒေါက်တာသောင်းထွန်းက နိုင်ငံခြားရေး၊ စောထစခန်းမှ ကိုဆန်းလင်းက ထောက်ပံ့ရေး၊ ဘုရားသုံးဆူစခန်းမှ (နောက်ပိုင်းတွင် သံလွင်စခန်း ကိုယ်စားလှယ်) ကိုထွန်းဦးက စစ်ရေး၊ ရေကျော်စခန်းမှ ဒေါက်တာ ကျော်သက်ဦးက ကျန်းမာရေး၊ သေဘောဘိုးစခန်းမှ ကိုအောင်ထူးက စည်းရုံးရေး၊ မင်းသမီးစခန်းမှ ကိုခင်မောင်ဝင်းက ပြန်ကြားရေး၊ ဟွေစေတီစခန်းမှ ကိုမန်းထွန်းက ဘဏ္ဍာရေး၊ ကော့မူးရာစခန်းမှ ဦးယုနွယ်က တရားရေး၊ အနောက်ဘက်ဒေသ အိန္ဒိယနယ်စပ်မှ ကိုလှဌေးက လုပ်ငန်းစစ်ဆေးရေး အတွင်းရေးမှူးတွေ ဖြစ်လာပါတယ်။

ဗဟိုကော်မတီဝင်တွေထဲမှာတော့ မောတောင်စခန်းမှ ကိုထွန်းမြတ်သူ၊ မင်းသမီးစခန်းမှ ကိုကျော်ထင်၊ ဘုရားသုံးဆူစခန်းမှ ကိုကိုဦးနဲ့ ကိုမောင်မောင်ကြီး၊ ရေကျော်မှ ကိုထွန်းသိန်းနဲ့ ကိုအောင်ဟိန်း၊ မြောက်ပိုင်းဒေသ ကချင်နယ်မြေမှ ကိုကျော်ကျော် (ကချင်)နဲ့ ပအို့ဝ်နယ်မြေ အောင်ဟန်းရိုင်း စခန်းမှ မသက်တို့ ဖြစ်ပါတယ်။

ဗဟို ဦးဆောင်ကော်မီတီဝင်များ….

မသက်ဟာ ဗဟိုကော်မတီဝင်ဖြစ်လာတဲ့ ပထမဆုံး အမျိုးသမီးပါ။ နောက်တခါ အရန်ဗဟိုကော်မတီ ၃ ဦးကိုလည်း ဒီညီလာခံကနေ ရွေးချယ်ခဲ့တယ်လို့ သိရပါ တယ်။ အဲဒီထဲက ၂ ဦးကတော့ သေဘောဘိုးစခန်းရဲ့ အတွင်းရေးမှူး ကိုအောင်နိုင်ဦးနဲ့ မင်းသမီးစခန်းရဲ့ ဒု ဥက္ကဋ္ဌ ကိုဌေးအောင်တို့ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ညီလာခံကျင်းပနေစဉ်အတွင်း မင်းသမီးစခန်းမှ ရဲဘော် ၃၀ ခန့် ညီလာခံ ခန်းမရှေ့ရောက်လာပြီး ဆန္ဒပြပွဲတခု လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ပထမအကြိမ် သက်တမ်းအတွင်း နာမည်ပျက်ရှိသူ၊ လူမှန်နေရာမှန် မဖြစ်သူတွေကို ဖယ်ရှားပေးဖို့၊ အောက်ခြေရဲဘော်ထုရဲ့ ဘဝကို ဗဟိုခေါင်းဆောင်တွေက ဦးစားပေးစဉ်းစားဖို့ အချက်တွေ ပါတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုချက်ပါတဲ့ စာတမ်းကို ညီလာခံခန်းမရှေ့မှာ ဖတ်ပြခဲ့ပြီး စခန်းဆီ ငြိမ်းချမ်းစွာ ပြန်လာခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူတဦးက ကျနော်ကိုပြောပြပါတယ်။

မဲဆောက်ဘက်က အခြေနေကို ပြန်ကောက်ရမယ်ဆိုရင်တော့ ဒီလိုဆုံးဖြတ်ချက်အရ ကျနော်ဟာ မဲဆောက်ရွှေမြို့တော်ကို နှုတ်ဆက်၊ ဘန်ကောက်ဘက်ကို ဦးလှည့်လာခဲ့ပါတယ်။ မဲဆောက်ကနေ တာ့ခ်မြို့အထိ ထောက်လှမ်းရေးကားကြုံနဲ့ လိုက်လာနိုင်တဲ့အတွက် တာ့ခ်နဲ့ ဘန်ကောက်ကြားမှာတော့ ဘာမှ အစစ်အဆေး မရှိတော့ပါ။

အခုခရီးစဉ်ဟာ အရင်အခေါက်တွေကလို အရေးပေါ်တာဝန်နဲ့ လူကြိုပို့ မဟုတ်တော့ပဲ တကိုယ်တော်လေလွင့်ခြင်း အိမ်ပြန်ခရီးဆိုတော့ မော်ချစ်ကားဂိတ်ကို ရောက်တဲ့အခါမှာ ရုံးကိုချက်ချင်း မသွားသေးပဲ ဟိုငေးဒီငေးနဲ့ ဘန်ကောက်ရွှေမြို့တော်ကို လေ့လာဖို့ အချိန်ရခဲ့ပါတယ်။

အဲဒီကာလက ဘန်ကောက်အခြေနေက အခုခေတ်လောက်အထိ မတိုးတက်သေးပါ။ မိုးပျံရထားတွေ၊ မြေအောက်ရထားတွေ မရှိသေး။ မိုးပျံရထားဂိတ် နေရာအဖြစ် အခုလူသိများနေတဲ့ မော်ချစ်ဆိုတာဟာ အဲဒီကာလက မဲဆောက်၊ ချင်းမိုင်အပါဝင် မြောက်ပိုင်းဒေသကလာတဲ့ ကားတွေစုဝေးရာ ကားဂိတ်ကြီးပေါ့။ ခေတ်မီအဆောက်ဦးတွေကလည်း အခုခေတ်လောက် မများသေးပါဘူး။

ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီ ၁၉၈၉ ဒီဇင်ဘာ ကျနော် ဘန်ကောက်ရောက်ချိန်မှာ မော်ချစ်ကားဂိတ် ဘေးနားက Thai Military Bank အဆောက်ဦသစ်ကြီး ပြီးစီးကာစပေါ့။ မှန်တွေနဲ့ကာထားတဲ့ အထပ်ပေါင်းများစွာပါတဲ့ အဲဒီဘဏ်ကြီးကို မော်ချစ်ပန်းခြံထဲကနေ ငေးကြည့်ရင်း “RPG နဲ့ ထုထည့်လိုက်ရရင်တော့ကွာ၊ ပြိုလိုက်မယ်ဖြစ်ခြင်း” ဆိုပြီး စိတ်ရိုင်းဝင်လာလို့ မလုံမလဲနဲ့ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့် မိပါသေးတယ်။

မြက်ခင်းစိမ်းစိမ်းပေါ် နေစာလှုံနေသူ၊ ကန်ထဲမှာ လှေစီးနေသူ၊ ဘီယာသောက်လိုက် အသားကင်ကိုက်လိုက် လုပ်နေသူတွေအားလုံး သူအလုပ်နဲ့သူ ရှုပ်နေပြီး ကျနော့်ကို ဘယ်သူကမှ စောင့်ကြည့်နေပုံမရပါ။ ဒီနိုင်ငံကလူတွေ ဒီလောက် အေးအေးချမ်းချမ်းနဲ့ ဇိမ်ခံနေချိန်မှာ ငါတို့နိုင်ငံကလူတွေက ဘာလို့အချင်းချင်း တိုက်ခိုက်နေကြသလဲဆိုပြီး ကျနော် စဉ်းစားနေမိပြန်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနဲ့ထိုင်းတွေရဲ့ သမိုင်းဖြတ်သန်းမှုကွာခြားပုံကိုလည်း တွေးမိပါတယ်။ ထိုင်းမှာ စစ်အာဏာသိမ်းမှု မကြာခနဖြစ်လေ့ရှိပေမယ့် ထိုင်းစစ်တပ်က စီးပွားရေးနဲ့ အခြေခံအဆောက်အူတွေကို ထိခိုက်အောင်လုပ်လေ့မရှိပါ။

တခါ ဒုတိယ ကမ္ဘာစစ် အတွင်းက ထိုင်းဟာ ဘယ်ဖက်မှ မပါပဲ အားလုံးနဲ့အဆင်ပြေအောင်ပေါင်းပြီး တိုင်းပြည်မနာအေင် ကြားနေနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရေးထက် ဆွေးနွေးညှိနိုင်းတဲ့ဖက်ကို ထိုင်းတွေက တိမ်းညွတ်တဲ့ သဘောတွေ့ရပါတယ်။

ကျနော်တို့ မြန်မာတွေကတော့ ရန်သူဆိုရင် အမြတ်ပြတ်ချေမှနု်းရေးပဲ။ ဒုတိယ ကမ္ဘာစစ်အတွင်း ကိုလိုနီ အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းပြီးတိုက်၊ ပြီးတော့ ဖက်ဆစ်ဂျပန်ုကို အင်္ဂလိပ်နဲ့ပေါင်းပြီး တခါတိုက်ပြန်တဲ့အတွက် တိုင်းပြည် ၂ ခါနာရတယ်ဆိုပြီး လေ့လာသူတွေကဆိုပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေး။ အင်္ဂလိပ်တွေ၊ ဂျပန်တွေ ထွက်သွားပြီး နှစ် ၅၀ ကျော်ကြာတဲ့အထိ ကွန်မြူနစ်ဆိုလည်းတိုက်၊ ဒီမိုကရေစီဆိုလည်းတိုက်၊ အချင်းချင်းတိုက်နေရင်းနဲ့ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ။

ထိုင်းမှာ ဒါမျိးမရှိပါ။ ဒါကြောင့် ရန်ကုန်ထက် ဘန်ကောက်က အများကြီး ပိုတိုးတက်နေတာဖြစ်မှာပေါ့လို့ စဉ်းစားရင်း နိုင်ငံတွေ၊ လူမျိုးတွေ၊ စရိုက်သဘာဝတွေအထိ သမိုင်းနဲ့ချီပြီး တွေးနေမိပါတယ်။

အဲ… ဘန်ကောက်အကြောင်း ဆက်ပြောရမယ်ဆိုရင်…  အဲဒီကာလ ဘန်ကောက်မြို့လယ် အခင်းအကျင်းက အခုလိုမဟုတ်သေး။ လမ်းဆုံးလမ်းခွ ဂုံးကျော် တံတားတွေ သိပ်မရှိသေး။ ကျောင်းသားရုံးတွေနဲ့ မြန်မာကျောင်းသားတွေ အများစုနေခဲ့ဖူးတဲ့ ဘန်းကပိလမ်းဆုံမှာ သီမော ဘန်းကပိ မရှိသေး။ Ramkhamhaeng တက္ကသိုလ်အနီးမှာ အာရှအားကစားရုံ မရှိသေး။ ဘန်းကပိကနေ မြောင်းပုပ်အတိုင်း လှေစီးသွားရတဲ့ ပတူနန်းအရပ်မှာ ဝေါထရိတ်စင်တာ မရှိသေး။ ဘိုင်ယုတ်တာဝါ မရှိသေး။  နောက်ဆုံး ကျောင်းသားတွေကို တတိယ နိုင်ငံသွားနိုင်ရေးအတွက် အဓိကကူညီပေးခဲ့တဲ့ UN ရုံးကြီးတောင် ဆောက်လို့မပြီးသေးပါဘူး။

အဲဒီရုံးကြီး စတင်ဆောက်လုပ်နေဆဲဖြစ်ပြီး အဲဒီရုံးနောက်ကျော ရေမြောင်းဘေးနားက James Guest House မှာတောင် ကျနော်တည်းဖြစ်လိုက်ပါသေးတယ်။ တကယ်ကတော့ ကိုယ့်စရိတ်နဲ့ကိုယ် သွားတည်းတာ မဟုတ်ပါဘူး။ ကျနော်တို့ မဲဆောက်ရုံးမှာတုန်းက ကူညီခဲ့ဖူးတဲ့ အာရပ်နိုင်ငံတခုက အပ္ဗဒူလာ ဆိုတဲ့ ပုဂ္ဂိုလ်ဆီ သွားလည်ရင်း၊ နောက် မြန်မာ ဒုက္ခသည်တွေအတွက် စကားပြန်လုပ်ပေးနေတဲ့ အဲဒီမှာတည်းနေတဲ့ မြန်မာတချို့၊  ဒုက္ခသည်အောင်ကာစ ကျောင်းသားတချို့နဲ့ စကားပြောရင်း ရောက်သွားခြင်းမျှသာ ဖြစ်ပါတယ်။

————————

(၂) မြို့ပြသူပုန်နဲ့ ဒုက္ခသည် ခေတ်ဦးကာလ

ဗဟိုကိုယ်စားလှယ်အချို့ကို မင်းသမီးခစန်း ဆေးခန်းရှေ့တွေ့ရစဉ်။

အထက်မှာ ပြောခဲ့တဲ့ အဆောက်အဦတွေ မရှိသေးပေမယ့် စီလုံလမ်းက ပက်ပုန်း၊ ရမ်ဂဟန်လမ်းနဲ့ ဆူခွန်ဗစ် ဆွိုင် ၇၁ လမ်းထိပ်က နာဆာနိုက်ကလပ်ရုံတွေကတော့ ရှိနေပါပြီ။ ဘန်ကောက်ကို အစောဆုံးရောက်လာတဲ့ ကျောင်းသားဒုက္ခသည် အနည်းအကျဉ်းနဲ့ ဘန်ကောက်မှာ သောင်တင်နေတဲ့ သဘောင်္သား အနည်းအကျဉ်းကြားမှာ ဒီညကပွဲရုံတွေက အတော်ခေတ်စားနေပါပြီ။

ဒီလိုနဲ့ အဲဒီသင်္ဘောသားတွေရဲ့ လမ်းပြမှု၊ တလကို ဘတ် ၂၅၀၀ စီ ထောက်ပံ့ကြေးရနေပြီဖြစ်တဲ့ ဒုက္ခသည်အောင်ပြီးသူ မောင်ကျောင်းသားတွေရဲ့ စပွန်ဆာပေးမှုနဲ့ ၁၉၈၉ ဒီဇင်ဘာမှာကတည်းက အဲဒီနေရာတွေကို ကျနော် ရောက်ဖူးခဲ့တယ်ဆိုပါတော့။

နိုက်ကလပ်သွားပြီး ဘီယာသောက်တယ်ဆိုတာဟာ အခုလို တတိယနိုင်ငံကိုရောက်ပြီး လွတ်လပ်တဲ့ လူ့အဖွဲ့စည်းက ပုဂ္ဂိုလ်တဦးအဖို့ ဘာမှအထူးဆန်းမဟုတ်တဲ့ လူ့သဘာ၀ တခုသာဖြစ်ပေမယ့် တောထဲက တက်လာကာစ အဲဒီအချိန်ကတော့ ဒါတွေဟာ တကယ့်ပြဿနာ။

တောခိုကာစမှာ အရက်မသောက်ရ၊ ရည်စားမထားရ၊ မိန်းမ မယူရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုးပြီး ပညတ်ချက်များစွာနဲ့ သူတော်စင်တွေလို ကျင့်ကြံနေတဲ့အချိန်မှာ ဒီလိုမျိုးနေရာကိုသွားပြီး ဘီယာထိုင်သောက်ခဲ့တယ်ဆိုတာဟာ ရာဇာဝတ်မှု ကျုးလွန်သလိုမျိုး အမြင်ခံရနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမျိုးမှာသွားပြီး ဘီယာသောက်ဖူးခဲ့တယ်ဆိုတာကို တောထဲမှာနေစဉ်တုန်းက ကျနော် မပြောရဲခဲ့ပါဘူး။

ဒါပေမယ့် အခုနှစ် ၂၀- ကျော်ကြာပြီးလို့ ကမ္ဘာလှည့်ခရီးသည်တဦးအဖြစ် အဲဒီနေရာတွေဆီ နောက်တခေါက် ရောက်သွားချိန်မှာ အရင်လို စိတ်ခံစားမှုမျိုး မရှိတော့ပါ။ တဆက်တည်း ကျနော် စဉ်းစားမိတာကတော့ ကျနော့်ကို စပွန်ဆာပေးပြီး ပက်ပုန်းခေါ်သွားတဲ့ ခေတ်ဦးပိုင်း ဒုက္ခသည်နဲ့ တတိယနိုင်ငံကိစ္စပါ။

၁၉၈၉ ဒီဇင်ဘာမှာ တောထဲကနေ ဘန်ကောက်တက်ပြီး ဒုက္ခသည် လျှောက်သူဦးရေ ဒါဇင်ဂဏန်းလောက်ပဲရှိသေးပြီး မနီလိုင်စခန်းတွေ၊ တတိယနိုင်ငံသွားရေး အစီစဉ်တွေလည်း မပေါ်ပေါက်သေးပါ။ နောက်တခါ နယ်စပ်နဲ့ တောတွင်းအခြေနေကလည်း ကောင်းနေဆဲ။ စိတ်ဓာတ်တွေလည်း  တက်ကြွနေဆဲဆိုတော့ ဒုက္ခသည်လျှောက်သူတွေကို သိပ်အကောင်းမမြင်ကြပါ။ တကိုယ်တော် ထွက်ပေါက်ရှာသူတွေ၊ အချောင်သမားတွေအဖြစ် အမြင်ရှိကြပြီး ကျနော်ကိုယ်တိုင်လည်း အဲဒီ အချိန်က အဲဒီလိုအမြင်မျိုး ရှိခဲ့ပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် ၁၉၉၀ နှစ်လယ်လောက်မှာ အဲဒီမြို့ပြသူပုန် ဒုက္ခသည်တွေကို ဝေဖန်တဲ့ “သုံးထောင်စားများသို့ အိတ်ဖွင့်ပေးစာ” ဆိုပြီး စာတစောင် ကျနော်ထုတ်ခဲ့ဖူးပါတယ်။ တောတွင်းက ကျောင်းသားတဦးဆိုတဲ့ အမည်နဲ့ မင်းသမီးစခန်းကနေ ကျနော် ရေးပို့လိုက်တဲ့ အဲဒီအိတ်ဖွင့်ပေးစာကို စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်သူကတော့ ဒုက္ခသည်အောင်ပြီးသူ ကဗျာဆရာ တောကျောင်းသားအမည်ရ ကိုကျော်ဇေယျ (အရေးပေါ်ညီလာခံအခန်းမှာ ကျနော်တင်ပြဖူးတဲ့ ပုသိမ်ကောလိပ်မှ ကိုကျော်ဇေယျ) ဖြစ်ပါတယ်။

“သုံးထောင်စား၊ သုံးထောင်စားဆိုပြီး၊ အမုန်းဘောင် မပွားကြပါနဲ့” လို့ အစချီတဲ့ ကဗျာရှည်တပုဒ်နဲ့ သူက တုန့်ပြန်လိုက်တာပါ။ အဲဒီနောက်ပိုင်းမှာတော့ တောတွင်းကသူပုန်နဲ့ မြို့ပြရောက် သူပုန်လူထွက်တွေကြား သဘောတရားအရ အတော်လေး အငြင်းအခုန် ဆက်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၁ အစောပိုင်းမှာတော့ ပြည်ပရောက်ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ – မြန်မာနိုင်ငံ (ONSOB) ကနေ မင်းသမီးခစန်းအတွက် ပေးအပ်တဲ့ အလှုငွေ ဘတ် ၃၀၀၀ ကို ကျနော်လက်ခံခဲ့ဖူးပါတယ်။ မင်းသမီးစခန်း ထောက်ပံ့ရေးတာဝန်ခံအဖြစ် အဲဒီငွေကို ကျနော် လက်မှတ်ထိုးပြီး လက်ခံခဲ့တဲ့နေရာကတော့ အခု TACDB (Thai Action Committee for Democracy in Burma) ရုံးရှိတဲ့  SCC ခေါ် ခရစ်ယာန်ကျောင်းသားစင်တာမှာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်း တောတွင်းကျောင်းသားနဲ့ မြို့ပြကျောင်းသားတွေအကြား အပြန်အလှန် စွပ်စွဲငြင်းခုန်မယ့်အစား ပူးပေါင်းဆောင်ရွက်တာက ပိုအကျိုးရှိမယ်လို့ ကျနော်ထင်ခဲ့ပေမယ့် အများစုကြားမှာတော့ ငြင်းခုန်မြဲ ဆက်လက်ငြင်းခုန်ခဲ့ကြပါတယ်။

အခုအနှစ် ၂၀ ကျော်ကြာပြီးတဲ့ အခါမှာတော့ မြို့ပြသူပုန်နဲ့ တတိယနိုင်ငံရောက် ဒုက္ခသည်ဦးရေက တကယ့်အများစုကြီး ဖြစ်သွားပြီး တောထဲမှာကျန်နေသူက အတော်လေးကို နည်းသွားပြီ ဖြစ်ပါတယ်။ နောက်တခါ ABSDF ဗဟို ကိုယ်တိုင်လည်း သဘောထားတွေ ပြောင်းလဲလာပြီး တတိယနိုင်ငံရောက် ရဲဘော်ဟောင်းတွေဆီကနေ ရန်ပုံငွေ အလှူခံတဲ့အလုပ်ကို တရားဝင်လုပ်လာတာကိုလည်း တွေ့လာရပါတယ်။

ဆိုတော့ လူတွေရဲ့ တန်ဖိုးထားမှု၊ စံသတ်မှတ်မှု၊ ဥပဒေ ပြုမှုတွေဆိုတာတွေဟာ ကာလ၊ ဒေသ၊ ပယောဂအပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်သလားဆိုပြီး ကျနော် စဉ်းစားနေမိပြန်ပါတယ်။

———————

(၃) ဗဟိုရုံးမှ စခန်းရုံးသို့

ONSOB ကျောင်းသားများ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြနေစဉ်။

ထူးဆန်းတဲ့ ဘန်ကောက်ညခင်းတွေ၊ နေ့ခင်းတွေကို သီတင်းတပတ်လောက် တကိုယ်တော် လေလွင့်ခြင်းခရီးနှင် လေ့လာပြီးတဲ့အခါမှာတော့ မင်းသမီးစခန်းဆီ ပြန်ဖို့အတွက် ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲမှာ ဖွင့်ထားတဲ့ မင်းသမီးစခန်းရဲ့ ရုံးခန်းဆီ ကျနော်ရောက်လာခဲ့ပါတယ်။

ရုံးခန်းဆိုပေမယ့် ဗဟိုရုံးလို ၂ ထပ်အိမ် Town House မျိုးမဟုတ်။ ၁၅ ပေ၊ ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ အခန်းတခုကို ငှားထားခြင်းသာ ဖြစ်ပါတယ်။ အခန်း ၉ မှာ တင်ပြခဲ့တဲ့အတိုင်း ဗဟိုရုံးနဲ့ နယ်မြေရုံး၊ ဗဟိုရုံးနဲ့ စခန်းရုံး ဘာကြောင့်တရုံးတည်း မလုပ်နိုင်ပဲ တဖွဲ့တရုံးစီ ဖွင့်ထားဖို့လိုအပ်သလဲဆိုတာကိုတော့ အဲဒီ ကာလက ကျနော်စဉ်းစားဖို့ တကယ်ကို သတိမရခဲ့ပါဘူး။

မင်းသမီးခစန်း ဘန်ကောက်ရုံးခွဲမှာ ကျနော် ပထမဆုံး တွေ့ရသူတွေကတော့ ဦးဟန်လင်း၊ ကိုညဏ်စိုး၊ ကိုဇော်မင်း၊ ကိုဝင်းမင်းနဲ့ ကာတွန်းဆရာ ကိုစောငိုတို့ ဖြစ်ပါတယ်။ ဦးဟန်လင်းကတော့ ကိုတင်လေးနဲ့အတူ ပထမဆုံး ABSDF ဖွဲ့စည်းရေး  သေဘောဘိုးအစည်းဝေးကို တက်ခဲ့သူ၊ ပြီးတော့ စခန်းကော်မီတီ အဆက်ဆက်ရဲ့ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်ပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံးချုပ်ဆီလမ်းလျှောက် ချီတက် ဆန္ဒပြသူအဖြစ်လည်း လူသိများပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားပါပြီ။

ကိုဉာဏ်စိုးက စခန်းကော်မတီ ဘဏ္ဍာရေးမှူးပါ။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ကွယ်လွန်ပါတယ်။ ကိုဇော်မင်းကတော့ စခန်းကော်မတီဝင်၊ ပြီးတော့ (၂၀၁) တပ်ရင်းရဲ့ ပင်လယ်ပြင် စစ်ကြောင်းမှူးပါ။ ၁၉၉၃ ခုနှစ်နှောင်းပိုင်းက ရနောင်းမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားပါတယ်။ ကိုဝင်းမင်းကတော့ မင်းသမီးစခန်းမှာ ဆရာဝန်မရှိလို့ ဘုရားသုံးဆူကနေ လာကူပေးနေတဲ့ ဆေးကျောင်းသားပါ။ နောက်ပိုင်း စခန်းကော်မတီ ကျန်းမာရေးတာဝန်ခံ၊ ဗဟိုကော်မတီဝင် တာဝန်တွေ ယူခဲ့ပါတယ်။ အခု ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင်၊ နိုင်ငံရေးအကဲခတ်အဖြစ် လူသိများနေသူပါ။

အဲဒီရုံးခန်းမှာ စခန်းအခြေနေတွေကို အကြမ်းဖျဉ်းဆွေးနွေးပြီး နောက်တရက်မှာတော့ မင်းသမီး စခန်းဆီပြန်ဝင်ဖို့ ဘန်ကောက်ကနေ ကန်ချနဘူရီမြို့ဆီ ကျနော်တို့ဆင်းလာပါတယ်။

——————–

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀) >>>>>

ထက်အောင်ကျော်