လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

0
5748

လောင်းလုံးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းပိုင်းတစ်နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် ‌ မွန်းလွဲပိုင်းက ဆိုင်ကယ်စီး လာသည့် လူငယ်အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း မြို့ခံများ၏ ပြောကြားချက် အရသည်။

ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်က ကင်းလှည့်နေသော စစ်ကောင်စီတပ်ကားတစ်စီးသည် သဗျာရွာဖက်မှ လောင်းလုံဖက်သို့ မောင်းနှင်လာရာ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်မှ လူငယ်တစ်ဦးစီ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးအား ရပ်တန့် ခိုင်းစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ပစ်ခတ်မှုကြောင့် အထက်ပါ ဆိုင်ကယ်မောင်းသူ နှစ်စီးအနက် အသက် ၂၀ ကျော်အရွယ် အမည်မသိလူငယ် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦး၏ အခြေအနေကိုမူ မသိရသေးကြောင်း မြို့ခံတို့က ဆိုသည်။

အထက်ပါအမည်မသိ အမျိုးသားကို လမ်းမဘေးရှိ ရေမြောင်းအတွင်း သေဆုံးနေသည်ကို တွေ့ရပြီး အရေးပေါ် ကားဖြင့် ‌ထားဝယ်ဆေးရုံသို့တင်ပို့ထားကာ နေရပ်လိပ်စာ အတိအကျမသိရသေးကြောင်း မြို့ခံတို့က ပြောဆိုသည်။  

ယင်းလမ်းမပေါ် ဆိုင်ကယ်စီးလာသော နောက်ထပ် အသက် ၁၆ နှစ်အရွယ် သဗျာရွာသား မောင်‌‌အောင်ဝေယံ ဆိုသူလည်း သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

မောင်အောင်ဝေယံသည် နှမဝမ်းကွဲတော်စပ်သူနှင့်အတူ ဆိုင်ကယ်တစ်စီးတည်း အတူစီးလာကြခြင်းဖြစ်ပြီး ပစ်ခတ်သံကြားသဖြင့် နောက်ပြန်လှည့်ချိန်တွင် ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကလေးက သူညီမနဲ့ လောင်းလုံးက အစ်မတစ်ယောက် မွေးနေ့သွားတယ် ဆိုင်ကယ်နဲ့။ သေနတ်သံကြားတော့ ပြန်လှည့်တာပေါ့နော်။ အဲဒီ မှာကျည်ဆံကို ကျောပေးသလိုဖြစ်သွားတယ်ထင်တယ်။ ကျည်ဆံက တင်ပါးကိုထိပြီး ပေါင်ကထွက်သွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

၎င်းကို ဆေးရုံသို့ ပို့ဆောင်စဉ် သေနတ်ဒါဏ်ရာ သွေးထွက်လွန်ကာ လမ်းခရီး၌ ပင်သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူက အိမ်ပြန်ရောက်လာပြီး အမေ သူ့မှာသေနတ်ထိသွားတယ်လို့ ပြောရင်း လဲကျသွားတယ်” ဟု မိသားစုဝင်များက ပြောကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောဆိုသည်။

မောင်အောင်ဝေယံ၏ ရုပ်အလောင်းကို ယနေ့ ညနေတွင် ထားဝယ်ဆေးရုံမှ နေအိမ်သို့ သယ်ယူလာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။