သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇)

0
350
ဗဟိုဥက္ကဌ ကိုထွန်းအောင်ကျော်နှင့် မင်းသမီးခစန်းဥက္ကဌ ကိုမင်းအောင်နှင့်အဖွဲ့ အား ၁၉၈၉ က အမာရာစခန်းမှာ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆)

အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ)

အခန်း-၁၇-

(၁) နယ်မြေကော်မီတီမှ မင်းသမီးစခန်းသို့ ခဏပြန်ခြင်း

KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ၁၉၈၉၊ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။

ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဗိုလ်စိုးသိန်း (ပြည်ချစ်လက်ကျန်၊ KNU လက်အောက်ခံ ထားဝယ်သားတပ်ရဲ့ တပ်ရင်းမှူး) ပေးတဲ့သင်တန်းကို မတက်ချင်တာကြောင့် KNU ကပေးတဲ့ သင်တန်းကို တက်နိုင်ဖို့ ထီးခီးက ရေကန်ကြီးရှိရာ စစ်သင်တန်းကျောင်း မှာ ရောက်နေကြပါတယ်။

ထီးခီးကနေ မိနစ် ၃၀ ကျော် လမ်းလျှောက်သွားရတဲ့ ရေကန် စစ်သင်တန်းကျောင်းဟာ ကန့်သတ်နေရာဖြစ်ပြီး ခွင့်ပြုချက်မရပဲ သွားခွင့်မရှိပါ။ အဲဒီလမ်းမှာ လက်နက်ပြင်စက်ရုံနဲ့ တခြားအရေးကြီးတဲ့နေရာတွေ ရှိပါတယ်။ KNU ကားကြုံနဲ့ အဲဒီရေကန်ဆီ ကျနော်တို့ရောက်သွားတော့ သင်တန်းသားတွေနေတဲ့ ၂ ထပ် သစ်သားဆောင် အကောင်းစား အကြီးကြီးတခုကို တွေ့ရပါတယ်။

ရေကန်သင်တန်းမှာ ဆရာအောင်မြင့် (နောက်ပိုင်း ဒု တပ်ရင်းမှူးဖြစ်လာသူ) အပါဝင် ထားဝယ်အုပ်စုက ကျောင်းသား ၄၀ ခန့်ကိုတွေ့ရပြီး နယ်မြေကော်မတီရဲ့ အခြေနေတွေကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိစခန်း အခြေအနေနဲ့ အခက်ခဲတွေကို ရှင်းပြခဲ့တယ်လို့ ကျနော်မှတ်မိနေပါတယ်။

အဲဒီမှာ ကျနော် ခပ်သဲ့သဲ့ကြားခဲ့ရတဲ့ သတင်းတခုကတော့ ကိုတင်လေးနဲ့ တခြားကျောင်းသား ၂ ဦး၊ ကျနော်တို့ မရောက်ခင် ၂ ပတ်လောက်ကတည်းက ထိုင်းထဲထွက်သွားတာ အခုအထိ ဘာ အဆက်သွယ်မှ မရပဲ ပျောက်ဆုံးနေတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းကို ခပ်ဝါးဝါးသာကြားရပြီး အသေချာလည်း ဘယ်သူမှမသိကြပါ။

ကိုတင်လေး၊ ကိုအောင်မိုးမြတ်နဲ့ ကိုကျော်အောင်တို့ဟာ ဒီသင်တန်းသားတွေနဲ့အတူ ရေကန်သင်တန်းကျောင်းမှာ လာနေတာလည်းမဟုတ်။ မောင်တော်စခန်းမှာ နေတာလည်း မဟုတ်ပဲ ထီးခီး-KNU ခရိုင်ရုံးရှေ့က ကျောင်းသားတွေအတွက် ပေးထားတဲ့ ဆက်သွယ်ရေး ခစန်းထောက် ဂိတ်တဲလေးမှာနေရင်း ထိုင်းနဲ့ အဝင်အထွက် အဆက်သွယ်အလုပ်ကို သူတို့က အဓိကလုပ်နေတာလို့ သိရပါတယ်။ ဒါကြောင့် သူတို့ပျောက်သွားတာကို ရေကန်သင်တန်းကျောင်းကလူတွေက အတိအကျ မသိတာလည်း ဖြစ်နေနိုင်ပါတယ်။

ရေကန်စခန်းကနေ မောင်တော်စခန်းဆီသွားပြီး စခန်းကော်မီတီနဲ့ တွေ့သေးတယ်လို့ ကျေနော် အမှတ်ရပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိတော့ပါ။ (ကျနော် မင်းသမီးစခန်းမှာ တာဝန်ပြန်ကျပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အလားတူ ပျောက်ဆုံးမှု၊ သေဆုံးမှုတွေအတွက် ABSDF-KNU ပူးတွဲ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးတဲ့အတွက် အဲဒီအခန်းရောက်မှ ဒီကိစ္စအပါဝင် ပျောက်ဆုံး၊ သေဆုံး ဖြစ်ခဲ့ရတဲ့ ရဲဘော်တွေ အကြောင်းကို ဆက်လက် ဖော်ပြပါမယ်။)

ဒုတိယတခေါက် မင်းသမီးခစန်းဆီ ကျနော်ပြန်ရောက်တဲ့ အချိန်ကတော့ ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဘာကိစ္စအတွက် ပြန်သလဲဆိုတာ မမှတ်မိတော့ပေမယ့် ကျနော် ပြန်ရောက်တဲ့အချိန်မှာ ကျနော်တို့စခန်းက မောင်တော်မှာ မဟုတ်တော့ဘဲ အမရာဆီ ရောက်နေပါပြီ။

အဲဒီကာလ စခန်းကော်မတီမှာ တာဝန်ယူထားသူတွေကတော့ မော်လမြိုင်တက္ကသိုလ်ကနေ ဓာတုဗေဒနဲ့ ကျောင်းပြီးကာစ ပုလောမြို့နယ်မှ ကိုမင်းအောင်က ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု အမေရိကန်)၊ ကံပေါက်ဒေသမှ တိ-မွေးကု ဆရာဝန်တဦးဖြစ်သူ ကိုဌေးအောင်က ဒု ဥက္ကဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု စစ်ရေးအကဲခတ်အဖြစ် လူသိများနေသူ)၊ ကံပေါက်မိုင်းမှ အင်ဂျင်နီယာတဦးဖြစ်သူ ကိုသိန်းဆောင်က အတွင်းရေးမှူး (နောက်ပိုင်း တောင်ပိုင်းဒေသကော်မတီ၊ အခု အမေရိကန်)။

မော်လမြိုင်တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးကာစ ထားဝယ်မှ ကိုမင်းဇော်ရွှေက တွဲဖက် အတွင်းရေးမှူး (နောက်ပိုင်း တပ်ရေးဗိုလ်၊ အခု နယူးဇီလန်)။ ကံပေါက်မိုင်းမှ ရုံးအဖွဲ့မှူး ကိုခင်သန်းက စခန်းကော်မတီရုံး အဖွဲ့မှူး (နောက်ပိုင်း ဗဟိုသုတေသနဌာနမှူး၊ ABSDF က ပို့တဲ့ သတင်းတွေကို DVB အတွက် တည်းဖြတ်ပေးရသူ၊ ၁၉၉၉ မှာ အော်စလိုကနေ မဲဆောက်ကိုအပြန်မှာ မြဝတီဘက် ပြန်ဝင်သွားသလိုလိုနဲ့ သတင်းပျောက်သွားသူ) တို့ ဖြစ်ပါတယ်။

(၂) မွန်ပြည်သစ်နယ်မြေဆီ ရောက်သွားခြင်း

ဘုရားသုံးဆူဒေသရောက် ကျောင်းသားအချို့ကို သုံးဆူရှေ့မှာ တွေ့ရစဉ်။

ထီးခီးနဲ့ အမရာစခန်းမှာ ဗဟိုကအတွေအကြုံတွေ ရှင်းပြပြီးတဲ့နောက် မဲဆောက်ကိုအပြန်မှာ စခန်းကော်မတီက ကျနော့်ကို ပေးလိုက်တဲ့တာဝန်တခုက သေဘောဘိုးစခန်းမှာ ဖွင့်ထားတဲ့ တောတွင်းတက္ကသိုလ်ဆီ တပ်ဖွဲ့ဝင် ၄ ဦးကို ခေါ်သွားပေးဖို့ပါ။

ပဒို သင်တန်းတက်ဖို့ (အဲဒီကာလက နိုင်ငံရေး စိတ်ဝင်စားသူတွေကို ပဒို၊ စစ်ရေး စိတ်ဝင်စားသူတွေကို သူးခို စသည်ဖြင့် ကရင်ဘာသာစကားနဲ့ ခေါ်ဝေါ်လေ့ရှိပါတယ်) ကျနော်နဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုကြည်ေ၀ (အခု သြစတေးလျ)၊ ကိုလှေ၀ (အခု အမေရိကန်)၊ ကိုတင်စိုး (ပြည်တွင်း ပြန်ဝင်) နဲ့ ကျနော် အမည် မမှတ်မိတော့တဲ့ နောက်တဦး ဖြစ်ပါတယ်။ ကျနော်တို့ ၅ ဦးဟာ မင်းသမီးစခန်းကနေ ဘုရားသုံးဆူ စခန်းဆီ KNU ကားကြုံနဲ့ လိုက်လာခဲ့ပါတယ်။

အဲဒီကာလဟာ သူပုန်တွေ အင်အားအကောင်းဆုံးအချိန် ဖြစ်နေတဲ့အတွက် ဘုရားသုံးဆူကနေ မဲဆောက်ဘက်က KNU တပ်မဟာ ၆ နယ်မြေ မက္ကသာ-ကျိုက်ဒုံ-သေဘောဘိုးအထိ KNU ကားတွေ တောလမ်းကနေ သွားလို့ ရနေဆဲပါ။

ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောနဲ့ ကော့မူးရာစခန်းရောက် မင်းသမီးခစန်းက ရဲဘော် ၂၀ ဦးပါ စစ်ကြောင်းဟာ အသွားရော၊ အပြန်ပါ ဒီလမ်းကြောင်းအတိုင်း သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ ကျနော်တို့ရောက်သွားတဲ့ အချိန်ကျမှ မက္ကသာဒေသမှာ စစ်ကြောင်းတွေရှုပ်နေလို့ ဘုရားသုံးဆူ၊ မက္ကသာ၊ ကျိုက်ဒုံ၊ ဝေါလေ၊ သေဘောဘိုး ဘက်သွားတဲ့ကား မရှိတော့ပါဘူး။

“ခင်ဗျားတို့ ဘန်ကောက်ဘက်ကနေပဲ ပြန်ပတ်ပြီးသွားပါ” လို့ KNU ကားသမားက ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ဘာလက်မှတ်မှ မပါပဲနဲ့ ဘန်ကောက်ကို ဒီတိုင်းသွားလို့ ဘယ်ဖြစ်မလဲဆိုပြီး ကျနော်က မေးခွန်းထုတ်ပါတယ်။

ဒီလိုငြင်းခုန်ရင်း အဖြေမထွက်တဲ့အတွက် နောက်ဆုံးမှာတော့ ကျနော်တို့ ၅ ဦးကို ဘုရားသုံးဆူကနေ စံခရဘူရီဘက် ပြန်မောင်းလာပြီး နန်းမကိတ်ရွာအနီးရှိ ကားလမ်းဘေးက တောင်ထိပ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူထားတဲ့ ABSDF ၁၀၁ စခန်းမှာ ချပေးထားခဲ့ပါတော့တယ်။

ဒီလိုနဲ့ မမျှော်လင့်ဘဲ နန်းမကိတ်မှာ သတင်း ၂ ပတ်လောက် သောင်တင်သွားပါတယ်။ အဲဒီကာလက စံခရ-သုံးဆူကားလမ်းဟာ မြေနီလမ်းအဆင့်ပဲရှိသေးပြီး လိုင်းကားတွေကတော့ အခုလိုပဲ တနာရီ တစီးနှုန်း ပြေးဆွဲနေပါတယ်။

ဒါပေမယ့် ကားလမ်းတလျှောက်လုံးကို မွန်ပြည်သစ်က ထိန်းချုပ်ထားပြီး ကားလမ်းရဲ့တဘက်ခြမ်းက ထိုင်းနယ်မြေ။ ကျောင်းသားစခန်းနဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိတဲ့ အခြမ်းကိုတော့ မြန်မာနယ် မြေဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

(ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ထိုင်းခရီးစဉ်အတွင်း ဘုရားသုံးဆူဘက်ကို ကျနော်ရောက်ခဲ့ပေမယ့် နန်းမကိတ်ရွာ နေရာကို ဘယ်လိုမှ ရှာမတွေ့တော့ပါ။ ဒါပေမယ့် ကျနော်လိုပဲ နယ်စပ်ကိုလွမ်းတဲ့ ဘုရားသုံးဆူစခန်းမှ အမေရိကန်ပြန် ရဲဘော်တဦးရဲ့ ပြောပြချက်အရ အခု တောချတော နယ်ခြားစောင့်တပ်က စစ်ဆေးရေးဂိတ် ဖွင့်ထားတဲ့နေရာဟာ နန်းမကိတ်ရွာ ရှိနေတဲ့နေရာလို့ သိရပါတယ်။ နန်းမကိတ်ရွာ၊ မွန်ပြည်သစ်ပါ တီဌာနချုပ်နဲ့ ကျောင်းသားတပ်ရင်း ၂ ခုစလုံးရဲ့ နေရာတွေဟာ ၁၉၉၀ မတ်လလောက်မှာ နဝတ လက်ထဲ ကျဆုံးခဲ့ပါတယ်။)

ကျနော်တို့ ၅ ဦးကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ ၁၀၁ တပ်ရင်းဟာ စံခရ-သုံးဆူ ကားလမ်းပေါ်ရှိ နန်းမကိတ်ရွာနဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပြီး ကားလမ်းကို နည်းနည်းကျော်လိုက်တာနဲ့ ကျောင်းသားစခန်း လုံခြုံရေးဂိတ်တဲကို ရောက်ပါတယ်။ ဒီစခန်းက ကျနော်တို့ မောင်တော်စခန်းနဲ့ ခပ်ဆင်ဆင်တူပြီး တဲတွေ၊ ဘားတိုက်တွေ၊ ရုံးခန်းတွေ အားလုံးဟာ သက်ကယ်မိုး၊ ဝါးတဲတွေသာဖြစ်ပါတယ်။

အဲဒီကာလ စခန်းကော်မတီ ဥက္ကဋ္ဌက ကိုတင်စိုးနောင်လို့ ထင်ပါတယ်။ လူစာရင်းကို အသေချာ ကျနော် မမှတ်မိတော့ပေမယ့် ထိုင်းစကားပြောတတ်ပြီး ကျနော်တို့ကို ထောက်လှမ်းရေးလက်မှတ် လိုက်လုပ်ပေးတဲ့ ကိုစိုးအောင်ကိုတော့ ကျနော် မှတ်မိနေပါတယ်။

ရှစ်လေးလုံး တနှစ်ပြည့် အခမ်းအနား သုံးဆူမှာ ကျင်းပနေစဉ်။

အခု ဒီဆောင်းပါးရေးဖို့ ပြန်လည်မေးမြန်းချိန်မှာ ဆက်စပ်သိရသလောက်ကတော့ ကျနော်တို့အဖွဲ့ ဘုရားသုံးဆူကို ရောက်တဲ့အချိန်ဟာ ၁၉၈၉ သြဂုတ်လလယ်လို့ ယူဆရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ တနှစ်ပြည့်အခမ်းအနား ကျင်းပပြီးကာစ။ အဲဒီအခမ်းအနားအတွင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောနေရင်း နှလုံးရောဂါ ဖောက်လာပြီး သေဆုံးမှုဖြစ်ပြီးကာစ အချိန်လေးလို့ သိရပါတယ်။

အဲဒီချိန်မှာ ကိုတင်စိုးနောင်က ၁၀၁ ဥက္ကဋ္ဌဖြစ်နေပြီး ကိုအောင်သူငြိမ်းနဲ့ အဖွဲ့က ၁၀၁ ကနေ ထွက်သွားကာစလို့ ဆိုပါတယ်။ နောက်တခါ ကိုသီရိညွန့်အပါဝင် ၁၀၂ ရဲဘော်တွေကတော့ ၁၀၁ ကနေ မိနစ် ၂၀ ခန့် လမ်းလျှောက်ရတဲ့ ဂျပန်ရေတွင်းရွာအနီး အခြေစိုက်ထားတယ်လို့ သိရပါတယ်။

အခု ဗဟုအဖွဲ့ရဲ့ ညွှန်မှူးတာဝန်ယူနေသူ ကိုဇော်ဦးကတော့ မွန်နယ်မြေ (ကျနော်တို့ရဲ့ KNU နယ်မြေကော်မတီနဲ့ပုံစံတူ၊ ဒါပေမယ့် သူတို့အောက်မှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း ၂ ရင်းပဲရှိပါတယ်) ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်လို့ ဘုရားသုံးဆူစခန်း ရဲဘော်ဟောင်းတွေဆီကနေ သိရပါတယ်။

(၃) ကျိုးဖိုးကနေ ကွတ်ဖယ် ဖြစ်သွားခြင်း

သုံးဆူဒေသရောက် ကျောင်းသားများ ဝါရင်းတုတ်နဲ့ လေ့ကျင့်ခန်းဆင်းနေစဉ်။

ဒီလိုနဲ့ ဘုရားသုံးဆူမှာ သောင်တင်နေစဉ် ၂ ပတ်တာ ကာလအတွင်း နန်းမကိတ် ဗီဒီယိုရုံဆီ တခြားကျောင်းသားတွေနည်းတူ လက်မှတ်ကို မိတ္တူပွား ခိုးကြည့်တဲ့အထဲ ကျနော်တို့အုပ်စုလည်း အပါဝင်ဖြစ်ပါတယ်။ မိတ္တူကူးတယ်ဆိုပေမယ့် အခုခေတ်လို မိတ္တူကူးစက်ကြီးနဲ့ ကူးတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီကာလက လက်မှတ်ကို စက္ကူနဲ့ ထုတ်ပေးတာမျိုး မဟုတ်ဘဲ ရုံထဲဝင်သူတဦးချင်းရဲ့ လက်ဖျံမှာ မှင်နီတုံးနဲ့ ထုပေးလိုက်တာသာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ဝင်ငွေတပြားမှမရှိတဲ့ ကျနော်တို့ ကျိုးဖိုး။ အဲ .. ဒီဒေသမှာတော့ ကျိုးဖိုး မဟုတ်တော့ပါဘူးခင်ဗျား။ “ကွတ်ဖယ်” လို့ မွန်ဘာသာနဲ့ခေါ်ပါတယ်။ ဆိုတော့ ကွတ်ဖယ်တွေလည်း အများသူငါလို ရုပ်ရှင်ကြည့်ချင်တာပေါ့။

ဒီတော့ ငွေ ၂ ဘတ်လောက်ကို ဝိုင်းစုပြီး သူရဲကောင်းတဦးကို ရွေးချယ်၊ အဲဒီပုဂ္ဂိုလ်က ရုံထဲဝင်ပြီး သူ့လက်ဖျံမှာ မှင်နီတုန်းတံဆိပ် ရအောင်အရင်လုပ်။ မှင်နီတံဆိပ် ရပြီးတာနဲ့ ချက်ချင်း အပြင်ကိုပြန်ထွက်။ အပြင်ရောက်တာနဲ့ တန်းစီစောင့်နေတဲ့ ဘော်ဘော်တွေကို အဲဒီမှင် မခြောက်ခင်မှာ လက်ဖျံချင်းထိ တိုက်ရိုက် မိတ္တူကူးကြလေသတည်းပေါ့။ ဒီလိုနဲ့ ရုံသာလူပြည့်သွားတယ်၊ ဝင်ကြေးက သိပ်မရလို့ ဗီဒီယိုရုံပိုင်ရှင်လည်း စိတ်ညစ်နေမလားပဲ။

ဒေသခံစကားတွေနဲ့ ပတ်သက်ပြီး မှတ်မိသမျှကို ထပ်ပြောမယ်ဆိုရင် “ကွတ်ဖယ်-ဟမယ်” (မြန်မာကျောင်းသား) ဆိုတဲ့စကားလုံးကို မှတ်မိနေဖို့လိုသလို ထမင်းစားပြီးပြီလား၊ ထမင်းစားမယ်စသည်ဖြင့် မွန်စကားလုံးတွေကို မပြောတတ်ရင်လည်း ထမင်းငတ်နိုင်ပါတယ်။

နေကောင်းလား၊ ကျန်းမာလားကိုလည်း နားလည်နေဖို့လိုပါတယ်။ စသည်ဖြင့် မွန်ဒေသရောက်တဲ့ ကျောင်းသားတွေက မွန်ဘာသာ၊ ကရင်ဒေသရာက်သူက ကရင်ဘာသာ အခြေခံလေးတွေတော့ တတ်အောင် လေ့ကျင့်ထားကြရပါတယ်။ ရှေ့တန်းဒေသမှာဆိုရင် စကားမတတ်တဲ့ပြဿနာက ပိုဆိုးပါတယ်။ ရွာအတော်များများမှာ ဗမာလို မပြောကြပါဘူး။ ကရင်ရွာမှာ ကရင်လို မပြောတတ်ရင်၊ မွန်ရွာမှာ မွန်လိုမပြောတတ်ရင် ထမင်းငတ်ခြင်းအပါအဝင် အခက်အခဲမျိုးစုံနဲ့ကြုံရနိုင်ပါတယ်။

ကျနော်လည်း အဲဒီလို ဟိုသွားဒီသွားနဲ့ သူ့ဒေသမှာ သူ့စကားပြောတတ်မှဖြစ်မယ်၊ သူ့စကားကို ကိုယ်မတတ်တိုင်း သူက ကိုယ့်စကား လိုက်ပြောရမယ်ဆိုတာ မဟုတ်သေးဘူး၊ တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ပြီး ဗမာတွေက တိုင်းရင်းသားစကား တခုမှ မတတ်ဘူးဆိုတာ သိပ်တရားမျှတမှု မရှိဘူး၊ သဘာ၀ မကျဘူးဆိုတာကို ဒီဆောင်းပါးရေးရင်းနဲ့ ပြန်စဉ်းစားနေမိပါတယ်။

နောက်တခါ မြို့ပြဒေသမှာ ဗမာတွေက လူများစုဖြစ်ပြီး တိုင်းရင်းသားတွေက လူနည်းစု ဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ရောက်နေတဲ့ နယ်စပ်မှာတော့ ကျနော်တို့ကျောင်းသားတွေက လူနည်းစုဖြစ်နေပြီး တိုင်းရင်းသားတွေက လူများစုဖြစ်နေပြန်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က လူများစုဖြစ်နေစဉ်မှာ လူနည်းစုရဲ့ ခံစားချက်ကို နားလည်ဖို့ မလွယ်ပေမယ့် ကိုယ်က လူနည်းစုဖြစ်သွားတဲ့အခါမှာတော့ လူနည်းစုရဲ့ခံစားချက်ကို ကိုယ်တိုင်ခံရသလို ဖြစ်သွားပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့ခံစားချက်အပေါ် ပိုပြီး နားလည်လာတယ်လို့ စိတ်ထဲမှာ ထင်နေမိပါတယ်။

အဲဒီ “ကွတ်ဖယ်-ဟမယ်” စခန်းအနီးက ဗီဒီယိုရုံရှိတဲ့ နန်းမကိတ်ရွာဟာ မွန်ပြည်သစ်ပါတီက မိသားစုတွေနဲ့ ဒေသခံ မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။ အဲဒီရွာကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်ကို ရောက်နိုင်ပါတယ်။ ကိုတင်စိုးနောင်နဲ့အတူ မွန်ဌာနချုပ်ဆီ ကျနော် တခေါက်ရောက်ဖူးတာကို မှတ်မိနေပေမယ့် အသေးစိတ်ကိုတော့ မသိတော့ပါ။

နောက်တခါ ထူးထူးခြားခြား KNU နယ်မြေမှာ တခါမှမတွေ့ဖူးတဲ့ (ထိုင်ဝမ်ကလို့ ထင်ပါတယ်) ဗုဒ္ဓဘာသာ ကူညီကယ်ဆယ်ရေး NGO တခုကိုလည်း မွန်ပြည်သစ်နယ်မြေမှာ တွေ့ခဲ့ရပါတယ်။

နောက်တရက်မှာတော့ နန်းမကိတ်ကနေ လိုင်းကားစီးပြီး ဘုရားသုံးဆူရွာကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်။ ဒီနေ့ကာလလိုမျိုး စေတီ သုံးဆူနဘေးမှာ ဈေးတန်းမရှိသေးပေမယ့် အဲဒီစေတီတွေဆီ မရောက်ခင် အပေါ်ဘက်နားက ဈေးတန်းကတော့ အခုရှိနေတဲ့ ဈေးတန်းအတိုင်း စည်းကားနေပါတယ်။ ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်မျိုးစုံ၊ ကုန်သည်မျိုးစုံနဲ့ မက်သလေဈေးထက်တောင် ပိုစည်နေတယ်လို့ ကျနော်စိတ်ထဲ ထင်မိပါတယ်။

ဒါပေမယ့် မြန်မာဘက် ဘုရားသုံးဆူကတော့ ဒီနေ့အခြေနေနဲ့ ဘာမှမဆိုင်ပါ။ စစ်ပြီးကာစ ပြန်လည်ထူထောင်ရေး ကာလဆိုတော့ အခုလို ဈေးဆိုင်တွေ၊ တိုက်တာတွေ ဘာမှမရှိသေး။ ကျနော်တို့ ကျောင်းသားတွေ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ ရှစ်လေးလုံးအရေးတော်ပုံနဲ့ အလုပ်ရှုပ်နေစဉ် နယ်စပ်က ဒီဒေသမှာတော့ NMSP မွန်ပြည်သစ်နဲ့ KNU ကရင့်အမျိုးသားအစည်းအရုံး တပ်တွေကြားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလနှောင်းပိုင်း ကျောင်းသားတွေ ဘုရားသုံးဆူဒေသဆီ ရောက်တဲ့အချိန်ဟာ မွန်ပြည်သစ်နဲ့ KNU စစ်ပွဲပြီးကာစ အချိန်လေးဖြစ်ပြီး မဒတ၊ (NDF) က ကြားဝင်ပြီး ဆွေးနွေးပွဲတွေလုပ်၊ ဘုရားသုံးဆူကို မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေး ချထားတဲ့အချိန် ဖြစ်ပါတယ်။

သုံးဆူရွာထဲဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ခဲ့ပေမယ့် တရွာလုံးအနှံ့တော့ မရောက်ဖြစ်ပါ။ အဲဒီက အပြန်မှာတော့ ဘုရားသုံးဆူအနီးက ကျောင်းသားတချို့ အလုပ်လုပ်နေတဲ့ သစ်စက်တခုဆီဝင်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီကနေ လမ်းလျှောက်ပြန်လာပြီး ဂျပန်ရေတွင်းရွာအနီးက ၁၀၂ တပ်ရင်းဆီ ဝင်ရောက်ခဲ့သေးတယ်လို့ မှတ်မိနေပါတယ်။ ဒီလိုနဲ့ သုံးဆူဒေသမှာ သတင်း ၂ ပါတ်လောက် ကြာပြီးတဲ့အခါမှာတော့ ထောက်လှမ်းရေး လက်မှတ်ရလို့ ဘန်ကောက်မြို့ဆီ ကျနော်တို့ ၅ ဦး ချီတက်လာပါတယ်။

…………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈) >>>>>

ထက်အောင်ကျော်