လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ

0
3404

မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။

ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း ပြန်ရောက်ချိန်တွင် အိပ်မက်အတိုင်း လုပ်ငန်းငယ်ဖြင့် စတင်ရုန်းကန်ကြိုးပမ်းခဲ့ကြသည်။ တစ်စတစ်စ လုပ်ငန်း အခြေချ အောင်မြင်စပြုကာ လုပ်ငန်းရှင်လောင်းဘဝသို့ ရောက်ရှိတော့မည့်အချိန်တွင် ကံကြမ္မာငင်တော့သည်။

တစ်ကမ္ဘာလုံး ခံစားရသည့် ကိုဗစ်ကပ်ဘေးဒဏ်ကို တနင်္သာရီတိုင်းသားတို့လည်း ခံစားကြရသည်။ အောင်မြင်စ လုပ်ငန်းများ ရပ်နားခဲ့ကြရသည်။ ကိုဗစ်ငြိမ်စပြုပြီး အိပ်မက်များ တစ်ကျော့ပြန်ရှင်သန်တော့မည့်အချိန် အာဏာသိမ်းမှု ဖြစ်ပြန်သည်။ နိုင်ငံရေးမတည်ငြိမ်မှုတွင် လုပ်ငန်းများ ဖျက်ဆီးခံရသည်များရှိသလို အလုပ်မရှိတော့ခြင်းနှင့်လည်း ကြုံရတော့သည်။

ရှာဖွေစုဆောင်းထားသမျှကို စားသောက်ရင်း လုံးပါးပါးချိန်တွင် ယခင်ဘဝ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သို့ ပြန်မသွားချင်တော့သော်လည်း တစ်ကျော့ပြန်သွားကြရပြန်တော့သည်။

ယင်းကြောင့် ယခုတစ်ပတ်တင်ဆက်မည့် တနင်္သာရီပုံရိပ်အစီအစဉ်တွင် လုပ်ငန်းရှင်လောင်းဘဝမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသည့်အခြေအနေကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

“ကိုယ်ကြိုးစားလာတာတွေ တည်ဆောက်လာတွေက ရေစုန်မျောသွားတာပေါ့”

ထားဝယ်ဒေသရှိ အလူမီနီယံဆိုင်ရှင်တစ်ဦး

DW ။ ဘယ်အချိန်ကတည်းက မလေးရှားကို စသွားဖြစ်တာလဲ။ ဘယ်အချိန်မှာ ပြန်လာဖြစ်လဲ။

ဖြေ ။ ၁၉၉၉ ခုနှစ်လောက်မှာသွားပြီး အလူမီနီယံလုပ်ငန်းမှာလုပ်ရတော့ သူတို့ဆီက ပညာတွေကို သင့်လျော်သလို ရပြီးပြန်လာတယ်။ ၂၀၀၂ မှာပြန်လာတာ။ ထားဝယ်ပြန်လာပြီး ၂၀၀၆ ခုနှစ်လောက်မှာ အလူမီနီယံဆိုင်ဖွင့်ဖြစ်တယ်။ အခုဆိုရင် ဆိုင်သက်တမ်းက ၁၅ နှစ်လောက်တော့ ရှိနေပြီ။

DW ။ ဆိုင်ရဲ့ အ‌ခြေအနေလေး ပြောပြပါဦး။

ဖြေ ။ ဆိုင်ဖွင့်ပြီးတဲ့အချိန်မှာဆို အောင်မြင်မှုတွေရှိတယ်။ ကိုဗစ်စဖြစ်ချိန်ကတည်းက လုပ်ရတာက နည်းပါး လာတယ်။ အခုအာဏာသိမ်းပြီးတဲ့အချိန်မှာတော့ လုပ်ငန်းက တော်တော်လေးသိသိသာသာကို ကျဆင်းသွားတာ။ အခုချိန်မှာတော့ အခြေအနေ မကောင်းတော့ဘူးပေါ့။ လုပ်စားလို့ အဆင်မပြေတော့ဘူး။ ဒီတော့ ဆိုင်ကိုပြန်ပိတ်ပြီးပဲ မလေးရှားနိုင်ငံကိုပဲ ကိုယ်တတ်တဲ့ပညာနဲ့ ဒီလုပ်ငန်းပဲ ပြန်သွားလုပ်ရမလားဆိုပြီး ဆုံးဖြတ်ထားတယ်ပေါ့။ အခုလောလောဆယ်တော့ မသွားဖြစ်သေးဘူး။

DW ။ အခုလို ဖြစ်သွားတဲ့အပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ စိတ်ထဲမှာတော့ ဆုံးဖြတ်ထားတာရှိတယ်။ သူများနိုင်ငံကို လုံးဝကိုမထွက်တော့ဘူးဆိုပြီး။ ကိုယ့်အလုပ်လေးနဲ့ပဲ ကိုယ်ပဲ ကိုယ်လုပ်နိုင်နေတဲ့ကာလပတ်လုံး လုပ်ပြီးနေလိုက်တော့မယ်လို့ ဆုံးဖြတ်ထားတာပဲ။ ဆုံးဖြတ်ထားတယ် ဆိုပေမယ့် အခုပုံစံက သွားရမယ့်အခြေအနေအထိ ဖြစ်လာတယ်ပေါ့။ ဒီနေ့ဒီအချိန်အထိ ကိုယ်စုဆောင်းထားတဲ့ ငွေလည်း ကုန်လာတယ်။ ကိုယ်ကြိုးစားလာတာတွေ တည်ဆောက်လာတွေက ရေစုန်မျောသွားတာပေါ့။ ဝင်ငွေကတော့ အခုချိန်မှာက အရှုံးပဲရှိတယ်လေ။ ဆိုင်ခန်းလခပေးဖို့တောင် ကိုယ့်မှာ မလုံလောက်ဘူး။ ဆိုင်ခန်းလခ မလုံလောက်တဲ့အပြင် စည်ပင်တွေကလည်း အခွန်အခတွေ လာတောင်းနေသေးတာ။ သွားမသွင်းဘူး။ သွင်းမယ့်ငွေကို မိသားစုစားရင် သင့်လျော်သလို စားရသေးတယ်ဆိုတဲ့  စိတ်နဲ့ သွားသွင်းလို့ မဖြစ်ဘူး။

“အာဏာသိမ်းလိုက်တော့ မဖြစ်နိုင်တော့ဘူး။ မျှော်လို့မရတော့ဘူးဆိုတာ သဘောပေါက်သွားတယ်”

မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် ထားဝယ်မြို့ခံ ကိုမင်းပိုင်

DW ။ ထားဝယ်မှာတုန်းက ဘယ်လိုစီးပွားရေးလုပ်ငန်းလုပ်တာလဲ။ အခု မလေးရှားကို ဘာဖြစ်လို့ ထွက်လာခဲ့တာလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ထားဝယ်မှာ ဓာတ်ပုံနဲ့ ဗွီဒီယိုလုပ်ငန်း လုပ်ပါတယ်။ စလုပ်လုပ်ချင်းတုန်းကတော့ ကိုယ်ပိုင် မဟုတ်ဘူးပေါ့။ သူများဆီမှာ အလုပ်သမားအဖြစ်နဲ့ လိုက်လုပ်ရင်းနဲ့ နောက်မှ ကိုယ်ပိုင်စလုပ်တာ။ (မလေးရှားထွက်လာတာ) တစ်နှစ်လောက်ပဲရှိသေးတယ်။ ကိုဗစ်စဖြစ်တာ။ နောက်နိုင်ငံရေးဆက်ဖြစ်လာတယ်။ အဲဒါပြီးမှာ ဒီကိုထွက်လာလိုက်တာ။

DW ။ အရင်တုန်းက မလေးရှားသွားဖူးလား။ မလေးမှာဘာတွေလုပ်တာလဲ။ ဓာတ်ပုံလုပ်ငန်းပဲလုပ်တာလား။

ဖြေ ။ ဓာတ်ပုံလုပ်ငန်းက မြန်မာပြည်ရောက်မှ လုပ်တာ။ ဒီမှာ (မလေးရှားမှာ) တုန်းက စက်ရုံလုပ်တယ်။ တွင်ခုံလိုမျိုး စက်ရုံပေါ့။ ဒီမှာ ဆယ်နှစ်လောက်နေပြီးမှ မြန်မာပြည်ပြန်သွားတာ။

DW ။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ မြန်မာပြည်ကိုပြန်လာတာလား။

ဖြေ ။ ပထမတော့ ခဏအလယ်ပြန်မယ်ဆိုပြီးပြန်သွားတာ။ စီးပွားရေးလုပ်ဖို့ စိတ်ကူးမရှိသေးဘူး။ အိမ်ရောက်တော့ မမျှော်လင့်ဘဲ အိမ်ထောင်ကျသွားတယ်။ အဲဒီမှာ အိုးမကွာ အိမ်မကွာ ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုပြီး စလုပ်ဖြစ်သွားတာပါ။

DW ။ အရင်းအနှီးက ဘယ်ကရတာလဲ။

ဖြေ ။ ဒီမှာ (မလေးရှားမှာ) အလုပ်လုပ်ပြီး အိမ်ကိုပိုက်ဆံပို့ပြီး စုခိုင်းထားတာလေ။ အဲဒါနဲ့ပဲပေါ့။

DW ။ ကိုယ်ပိုင်စီးပွားရေးလုပ်တာ ဘယ်လိုအခြေအနေရှိလဲ။ အဆင်ပြေရဲ့လား။

ဖြေ ။ အမှန်အတိုင်း‌ပြောရရင် စလုပ်လုပ်ချင်း အဆင်မပြေဘူး။ တစ်နှစ်လောက်ကြာတာတောင် ပွဲတွေမရသေးဘူး။ ပြီးတော့ကိုယ်က လုပ်ငန်းမကျွမ်း‌သေး။ မိတ်လည်း မရှိသေးဘူးလေ။ ကိုဗစ်ဖြစ်တဲ့နှစ်ကဆို အဆင်ပြေဖို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ။ မင်္ဂလာဆောင်တွေ၊ အလှူတွေအကုန် ပိတ်လိုက်ရတော့ အားလုံးရေစုန်မြောသွားတာပေါ့။

DW ။ နောက်ပိုင်းဘာတွေ ဆက်လုပ်ဖြစ်သေးလဲ။

ဖြေ ။ အဲဒါပြီးမှ ဘာမှမလုပ်ဘဲနေသေးတယ်။ မိန်းမကတော့ Online Shop လုပ်တယ်။ ကိုယ်မှာက အလုပ်ကမရှိဘူး။ အဲဒါနဲ့ အိမ်ရှေ့မှာ မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်။ ပီလောပီနံအကြော်တို့၊ သကြားလုံး (သကြားဂျို) တို့ နယ်က ပစ္စည်းတွေ ရောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် စားဖို့သောက်ဖို့တော့ ရနေတာပေါ့။ အဲဒါအဆင်ပြေမယ်ကြံသေးတယ်။ နိုင်ငံရေးတွေဖြစ်လာတာပေါ့။ ကိုယ့်ဆိုင်‌ရှေ့မှာ ဆန္ဒပြပွဲတွေကို ပစ်ကြခတ်ကြဖြစ်ကြတာ ခဏခဏပဲ။ အဲဒါအပြီးတော့ အိမ်နားမှာ စစ်တပ်ဂိတ်ချလိုက်တယ်။ အဲဒီမှာဆိုင်လည်း လုံးပါးပါးတော့တာပဲ။ လူတွေ မလာတော့ဘူးလေ။ ကြောက်ကြတာကိုး။ အဲဒီမှာတစ်ခါ ဆိုင်ပိတ်လိုက်ရပြန်တယ်။

DW ။ ဓာတ်ပုံရိုက်လုပ်ငန်းက လုံးဝမလုပ်ရတော့ဘူးပေါ့။

ဖြေ ။ အချိန်တန်ရင် ကိုဗစ်ကပျောက်သွားမှာပဲ အဲခါဆို ပွဲတွေပြန်ကျင်းပလို့ရှိရင် အလုပ်ပြန်လုပ်ရမယ်မျှော်လင့် ထားတာပေါ့။ အာဏာသိမ်းလိုက်တော့ မဖြစ်နိုင်တော့ဘူး။ မျှော်လို့မရတော့ဘူးဆိုတာ သဘောပေါက်သွားတယ်။ အဲဒါကြောင့် အချိန်ကုန်ခံနေမယ့်အစား ဒီကိုပဲထွက်မယ်ဆိုပြီး ထွက်လာဖြစ်သွားတာ။

DW ။ ကိုဗစ်နဲ့ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် အစ်ကိုလုပ်ငန်းက အောင်မြင်နေမယ်လို့ယူဆလား။

ဖြေ ။ အတိုင်းအတာတစ်ခုအထိတော့ အဆင်ပြေနေလိမ့်မယ်ထင်တယ်။ အနည်းဆုံးတော့ သူများနိုင်ငံမှာ အောက်ကျခံပြီး အလုပ်ထွက်လာမလုပ်ရတော့ဘူး။ မိသားစုနဲ့ အိုးမကွာ၊ အိမ်မကွာနေနေရမှာပေါ့။

DW ။ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်ပြီးမှ မလေးရှားပြန်ရောက်သွားတဲ့အပေါ်ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကိုယ်ပိုင်အလုပ်စလုပ်ကတည်းက ငါဒီနိုင်ငံကို ဘယ်တော့မှ မလာရတော့အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာ။ အခုတော့ ဒုံရင်းက ဒုံရင်းပဲ။ ရင်းထားရတဲ့ ပိုက်ဆံတွေလည်း ငွေသေဖြစ်သွားပြီ။ ရောင်းရင်လည်း ရှုံးတော့မှာ။ အခုဒီမှာ အလုပ်လုပ်နေရတာလည်း မပျော်ဘူး။ ဒီနေရာကို ကိုယ်ကစိတ်ကုန်နေပြီလေ။ မြန်မာပြည်ပဲ ပြန်လာချင်နေတယ်။

DW ။ ‌ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ပြောချင်တာကတော့ မြန်မာပြည် အရင်တုန်းကအခြေအနေကို အမြန်ဆုံးပြန်ရောက်စေချင်တယ်။ အဲဒါမှပဲ ကျွန်တော်ပြန်လာလို့ရမှာ။ ကိုယ့်ဒေသမှာ ကိုယ်ပိုင်စီးပွားရေး ပြန်လာလုပ်လို့ရမှာ။ အမြန်ဆုံးပြန်ပြီး အေးအေးချမ်းချမ်း ပြန်ဖြစ်စေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အချိန်ကုန်၊ ငွေကုန်ခံပြီး ရင်းနှီးထားရတဲ့ဆိုင်လေ။ ရက်ပိုင်းလေးအတွင်းမှာကို ပျက်စီးသွားရတာလေ”

ထိုင်းနိုင်ငံရောက် လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦး

DW ။ အစ်မရဲ့ ဆိုင်လေးဖြစ်လာအောင် ကြိုးစားခဲ့ရတာတွေရှိတာဆိုတော့ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

ဖြေ ။ ကျွန်မတို့က အရင်ကလည်း ထိုင်းမှာ စားသောက်ဆိုင်ပဲလုပ်တာ။ ကျွန်မယောက်ျားက အကြော်ဆရာ (ထိုင်းအစားအစာ ချက်ပြုတ်သူ) ၊ ကျွန်မက အဖျော်ဆရာ (ကောက်တေး၊ အအေးအမျိုးမျိုး ဖျော်စပ်သူ) ဆယ်နှစ်လာက် အဲဒီမှာလုပ်ပြီး ကိုယ့်ဒေသမှာ ဆိုင်လေးဘာလေးဖွင့်ဖို့ ပြန်လာတာ။ (—) ကမ်းခြေမှာ ဆိုင်ဖွင့်လိုက်တယ်။ ဆိုင်က ဖွင့်ဖွင့်ချင်း အရမ်းရောင်းရတာ။ နှစ်နှစ်လောက်ရှိနေပြီ။ ဆိုင်ကို တဖြေးဖြေးချဲ့လာတာ။ အရင်က အအေးဆိုင် သေးသေးလေးကနေ စားသောက်ဆိုင်အထိ ဖြစ်နေပြီ။

DW ။ အရင်တုန်းက စားသောက်ဆိုင်ဖွင့်နေရာကနေ ဘာဖြစ်လို့ ထိုင်းကို ပြန်ရောက်သွားရတာလဲ။

ဖြေ။ ကျွန်မတို့ရွာမှာနေလို့ မရတော့လို့ပါ။ ကျွန်မတို့ဆိုင်က ဖျက်ဆီးခံလိုက်ရတယ်။ ခြောက်လပိုင်းတုန်းက။ ဆိုင်သုံးဆိုင် မီးရှို့ခံရတယ်။ အဲဒီမှာ ကျွန်မတို့ဆိုင်လည်း ပါတယ်။ အဲဒါကြောင့် ရွာမှာမနေရဲတော့လို့ (ထိုင်း) ဆင်းလာလိုက်တာ။

DW ။ ဘာကြောင့် ဘယ်သူတွေက မီးရှို့တာလဲဆိုတာ ပြောပြပေးရလား။

ဖြေ ။ စစ်တပ်က လာရှို့သွားတာပါ။ ဒလန်တွေ သတင်းပေးလို့ပေါ့။ ကျွန်မတို့ကို PDF တွေနဲ့ ဆက်သွယ်ရှိတယ်ဆိုပြီး သတင်း‌ပေးပြီး ရှို့ခိုင်းတာ။ အဓိကကတော့ ရန်ငြိုးရှိလို့။ အဲဒီလိုသတင်းပေးပြီး ရှို့ခိုင်းတာ။ သူတို့နဲ့ ကျွန်မတို့က အရင်ကတည်းက ရန်ငြိုးရှိဖူးတယ်။ ဆိုင်ရောင်းတဲ့ကိစ္စနဲ့ပေါ့။ ရွေးကောက်ပွဲတုန်းကလည်း ကျွန်မတို့က NLD ကဆိုတော့ အောင်ပွဲခံတာကို သူတို့က မနာလိုဘူးလေ။ အခုသူတို့ လက်ထဲရောက်သွားတော့ ကျွန်မတို့ကို ဒုက္ခပေးတာပေါ့။

DW ။ ကိုယ်ပိုင်အလုပ်ကနေပြီး ထိုင်းကိုပြန်ဆင်းပြီး အလုပ်လုပ်နေရတဲ့အပေါ် ဘာမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ အချိန်ကုန်၊ ငွေကုန်ခံပြီး ရင်းနှီးထားရတဲ့ဆိုင်လေ။ ရက်ပိုင်းလေး အတွင်းမှာကို ပျက်စီးသွားရတာလေ။ နောက်ထပ် အဲဒီလိုမျိုး ဆိုင်တစ်ဆိုင် ပြန်ရအောင်ဆို မနည်းပြန်ကြိုးစားရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်မီးလောင်တဲ့အထဲ ပစ္စည်းတွေအကုန်ပါသွားတာလေ။ ဒါပေမဲ့ ကိုယ့်တစ်ယောက်တည်းမှ မဟုတ်တာပဲလေဆိုပြီး ဒီလိုပဲ နေသာအောင်ဖြေနေရတယ်။

DW ။ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးဆိုတော့ တခြားသူတွေရော အစ်မလိုမျိုးဖြစ်တာရှိသေးလား။

ဖြေ ။ ရှိတယ်။ ဒီမှာ (—) ရွာက ။ အစ်မတို့လိုမျိုးတော့ မဟုတ်ဘူး သူတို့က။ သူတို့က ဘီယာဆိုင်ဖွင့်ထားတာ။ ‌ဆိုင်ရောင်းမကောင်းလို့တဲ့။ ဆိုင်ရောင်းမကောင်းလို့ ပိတ်ပြီးဆင်းလာတယ်ပြောတယ်။ သူတို့လူငယ်ပိုင်း‌လေးတွေ ထိုင်းမှာစားသောက်ဆိုင်ရောင်းတဲ့ သူတွေပဲ။ ရွာပြန်ပြီး သူငယ်ချင်းတွေစုပြီး ဆိုင်ဖွင့်ထားကြတာတဲ့။ (အာဏာသိမ်းပြီး) တစ်နှစ်လောက်အထိဖွင့် သေးတယ်ပြောတယ်။ အခုဒီကို (ထိုင်းကို) ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတယ်။ သူတို့က အစ်မတို့ထက်တောင် ငယ်သေးတယ်။ လူငယ်တွေပဲ ရှိသေးတယ်။

DW ။ အစ်မတို့လိုမျိုး နိုင်ငံခြားကနေ မြန်မာပြည်ပြန်လာပြီး ကိုယ်ပိုင်အလုပ်လာလုပ်တဲ့သူတွေလည်း အဆင်မပြေကြလို့ ထိုင်းကိုပြန်ရောက်သွားကြတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘာများမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ ရည်မှန်းချက်တွေ ပျက်စီးသွားတာပေါ့၊ လူတွေမှာ။ ဘယ်သူမှ သူများနိုင်ငံမှာ ကြာကြာမနေချင်ကြဘူး။ ကိုယ့်ဒေသ ကိုယ်ပြန်ပြီး နေချင်တဲ့သူတွေချည်းပဲ။ လုပ်စရာ အလုပ်မရှိလို့သာ ဒီကိုလာနေကြရတာ။ ကျွန်မတို့ လင်မယားဆိုရင် ဆိုင်ဖွင့်နိုင်ဖို့ တော်တော်ကို ခက်ခက်ခဲခဲလုပ်ခဲ့ရတာ။ လိုင်စင်ကိစ္စတွေ မေးရမြန်းရ၊ ခွင့်ပြုချက်ရ‌အောင် ဘယ်လို ဘာတစ်ခုမှ မသိဘဲ စလုပ်ရတာ အရမ်းပင်ပန်းတယ်။ လုပ်ရင်ရှုံးမလား၊ မြတ်မလား မသေချာဘဲနဲ့ အရဲစွန့်ပြီးလုပ်ရတာ။ ရှုံးရင်ထပ်လိုက်ဖို့ မနိုင်တော့ဘူးလေ။ အဲဒီလိုမျိုး ကိုယ်စိုက်ထားတဲ့အပင် အသီးစားရခါနီးမှာမှ ခုတ်လှဲခံလိုက်ရတာ။ ဒီလိုမျိုးလူတွေ အုပ်ချုပ်နေသမျှတော့ မြန်မာပြည်မှာ လူမွေး၊ လူတောင်ပြောင်မှာ မဟုတ်ဘူး။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်မကတော့ စိတ်ဓာတ်မကျသေးဘူး။ အရင်ကိုယ့်ဒေသ ကိုယ့်ရပ်ရွာမှာ တစ်နေ့ပြန်ပြီးအခြေချနေနိုင်အောင် ကြိုးစားနေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။