သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆)

0
335
ကြခတ်ဝါးရုံကြားမှာ ဆေးသင်တန်းပေးနေတဲ့ ဒေါက်တာမြင့်ချို။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅)

အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့)

အခန်း-၁၆-

(၁) ပစ်တိုင်း မထိ၊ ထိတိုင်း မသေ

နှစ်ဖက် အသုံးပြုတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် မိုင်း-ဗုံးတွေအကြောင်းကိုလည်း ပြောချင်ပါတယ်။ မိုင်းတွေထဲမှာတော့ ရှေ့ထွက်မိုင်းဟာ အသုံးဝင်ဆုံးဖြစ်ပါတယ်။ ဗုံးတွေထဲမှာတော့ M 16 သေနတ် ပြောင်းထိပ်မှာ တင်ပြီးပစ်တဲ့ ခွင်းဗုံးနဲ့ အမေရိကန်လုပ် လက်ပစ်ဗုံးအသေးစားတွေပေါ့။ ဒါပေမယ့် ကျနော်တို့အကြား ဖောဖောသီသီ သုံးနိုင်တဲ့ ဗုံးသီးကတော့ “မဖွားရှင်” ခေါ် KNU ရဲ့ လက်လုပ်ဗုံးပဲ ဖြစ်ပါတယ်။

လက်လုပ်ဗုံးဆိုတဲ့အတိုင်း ပင်တွေ ဘာတွေအသေချာမပါ။ ယမ်းတွေနဲ့ သံတိုသံစတွေ ထည့်ထားတဲ့ ဗုံးသီးထဲကနေ အုန်းဆံကြိုးလိုလို၊ အပ်ချည်ကြိုးလိုလို အဖြူရောင်ကြိုးစ အကြီးကြီးတခု တပေခွဲလောက် အရှည်ထွက်နေပါတယ်။ အဲဒီ အစကို မီးရှို့ပြီးဖြစ်ဖြစ်၊ ဆေးလိပ်မီးနဲ့တို့ပြီးဖြစ်ဖြစ် ပစ်ရတဲ့ဗုံးသီးမျိုးပါ။

မဖွားရှင်လို့အမည်ရတဲ့ ဆေးပေါလိပ်မီးနဲ့တို့ပြီး ပစ်ဖို့ထွင်ထားတဲ့အတွက် မဖွားရှင်ဗုံး ဆိုပြီး အမည်တွင်လာတယ်လို့ ဆိုပါတယ်။ လမ်းမှာ မီးငြိမ်းသွားရင်  ဗုံးသီးက မကွဲတော့သလို မီးစ ဗုံးသီးနား မရောက်ခင် တဖက်ရန်သူက ကောက်ပြီး ပြန်ပစ်ရင်လည်း ကိုယ့်ဘက်မှာလာပြီး ကွဲနိုင်တဲ့ ဗုံးသီးမျိုးဆိုတော့ ကျောင်းသားတွေက ဒီဗုံးကို သိပ်မကြိုက်လှ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက လက်နက်ကြီးပစ်တဲ့ အဖွဲ့အချင်းချင်း ပညာပေးပြိုင်ဆိုင်မှုပါ။  ကျနော်တို့ ကျောင်းသားတွေထဲကလည်း KNU ဆီမှာ လက်နက်ကြီးသင်တန်း ဆင်းထားသူတွေရှိတဲ့အတွက် အဲဒီပစ်ကွင်းဆီ ကျနော်သွားကြည့်ခွင့် ရခဲ့ပါတယ်။ ၂ ပေလောက်နက်ပြီး ၄ ပေလောက် အကျယ်ရှိတဲ့ မြေကျင်းထဲကနေ ၈၁-မမ ပစ်နေတာတွေ့ရပြီး ၃ ခါပစ်ပြီးတိုင်း နေရာပြောင်းနေတာကို တွေ့ရပါတယ်။ ဒီလို နေရာမပြောင်းလို့မဖြစ်။ ၂ ခါလောက် ပစ်ပြီးတာနဲ့ ဒီက ကျည်ထွက်တဲ့နေရာကို နဝတ လက်နက်ကြီးအဖွဲ့က မြေပုံပေါ်မှာ ရှာတွေ့သွားပြီး တန်ပြန်လက်နက်ကြီး ချက်ချင်းပြန်လာလို့ဖြစ်ပါတယ်။

လက်နက်ကြီးအဖွဲ့ရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး ကျနော်တို့အကြား သတင်းကြီးသွားတဲ့ အဖြစ်ပျက်တခုကတော့ ရှေ့မှာတင်ပြခဲ့တဲ့ KNU က ဗိုလ်လှဝေနဲ့ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့က ကုလားလေး ကိုတင်ရွှေ (မော်လမြိုင် တက္ကသိုလ်ကနေ ပထဝီနဲ့ ကျောင်းပြီးသူ) တို့ ပူးတွဲ မြေပုံဖတ်ပြီး ပစ်လိုက်တဲ့ ၈၁-မမ လက်နက်ကြီးကျည်ဟာ နဝတဘက်ကနေ ကျနော်တို့ဆီ ပစ်ဖို့ပြင်နေတဲ့ ၁၂၀-မမ မော်တာကို တည့်တည့်ထိတဲ့အထိ ပစ်မှတ်မှန်တယ်ဆိုတဲ့ သတင်းပါ။

အဲဒီကာလကတော့ ဒီလိုမျိုး မှတ်တမ်းရေးဖို့လည်း စိတ်ကူးက မရှိသေးတော့ အဲဒီသတင်း ဘယ်လောက်မှန်သလဲ ဆိုတာကို သတင်းစာပညာအရ ဘ ၆လုံး (ဘယ်သူ၊ ဘယ်နေရာ၊ ဘယ်လို၊ ဘာဖြစ်၊ ဘယ်အချိန်၊ ဘာကြောင့် … စသည်) စုံအောင် မေးရကောင်းမှန်းလည်း မသိခဲ့ပါ။ ဒါပေမယ့် ဒီသတင်း ကော့မူးရာတခွင် ဟိုးလေးတကျော်ဖြစ်ခဲ့ တာကတော့ အမှန်ပါပဲ။

ဒါက ၈၁-မမ မော်တာပစ်ရာမှာ တော်တဲ့အကြောင်းပါ။ ဒါပေမယ့် ၅၇-မမ နောက်ပွင့်လောင်ချာ ပစ်တဲ့အချိန်မှာတော့ နည်းနည်း အခက်အခဲရှိတယ်လို့ ထင်ပါတယ်။ လောင်ချာဆိုတော့ မော်တာလို မြေပုံချ ပစ်တာမျိုးမဟုတ်ဘဲ ရှင်းနေတဲ့မြင်ကွင်းကနေ တိုက်ရိုက်လှမ်းပစ်ရတာမျိုး ဖြစ်တာကြောင့် ကျည်ထွက်တဲ့၊ မီးပွင့်တဲ့နေရာကို နဝတဘက်က ချက်ချင်းမြင်နိုင်ပါတယ်။

တခါတလေဆိုရင် လောင်ချာပစ်ပြီး သိမ်းလို့တောင်မပြီးသေး။ နဝတ ဘက်က ၈၄ လောင်ချာကျည်က ကျနော်တို့လောင်ချာ ပစ်တဲ့နေရာတည့်တည့်ဆီ တန်းပြီးရောက်လာတတ်ပါတယ်။ ဒါကြောင့် လောင်ချာကိုတော့ တခါပစ် တနေရာပြောင်း အမြန်နည်းနဲ့ လုပ်ရတာတွေ့ရပါတယ်။ ဒီလိုနဲ့ သူများပစ်နေတာကို ကြည့်ရင်း၊ နဝတ ဘက်ကလာတဲ့ ကောင်တာကျည်ကို ရှောင်ပြီး ဆက်သွယ်ရေး မြောင်းထဲပြေးရင်းနဲ့ တိုက်ပွဲအတွေ့အကြုံ အတော်ရလာတယ်ဆိုပါတော့။

ဒီလို တိုက်ပွဲရက် ကြာလာတာနဲ့အမျှ ရှေ့ကကြောက်ရွံ့မှုတွေ၊ ဘုရားတမှုတွေ တဖြည်းဖြည်း လျော့ကျလာပါတယ်။ နဝတဘက်က ပစ်လိုက်တဲ့ ဘယ်လို လက်နက်ကြီးဆိုရင် ကျည်စထွက်သံ ကြားရတဲ့အချိန်ကနေ တကယ့်ကျည်ဆံ ဒီကိုရောက်တဲ့ အချိန်ကြားမှာ စက္ကန့်ဘယ်လောက်ကြာတယ်၊ ဘယ်လို အသံဆိုရင် ဘယ်ဘက်ကို သွားတယ်၊ ဘယ်အသံမျိုးဆိုရင် ကိုယ်ဘက်လာတယ်၊ ဘယ်လို အသံဆိုရင် ကိုယ်ခေါင်းပေါ် ပေဘယ်လောက်အမြင့်ကနေ ဖြတ်သွားတယ် စသည်ဖြင့် ခန့်မှန်း တွက်ချက်လာနိုင်ပါတယ်။

“ဘာမှမပူနဲ့။ ရန်သူ့လက်နက်ကြီးကျည်မှာ လိပ်စာပါတယ်။ ဒီနေ့အထိတော့ မင်းလိပ်စာ သူ မသိသေးဘူး” ဆိုတဲ့ စကားဟာ အဲဒီကာလ ကျနော်တို့ ကျိုးဖိုးတွေရဲ့ လက်သုံးစကားပေါ့။ ဒီစကား ဘယ်လောက်မှန်သလဲဆိုတာ ပြောဖို့ခက်ပေမယ့် “ပစ်တိုင်း မထိ၊ ထိ တိုင်းမသေ” ဆိုတာကိုတော့ စစ်မြေပြင်မှာ အနေကြာလာတာနဲ့အမျှ အတော်လေး နားလည်သိရှိလာပါတယ်။

——–

(၂) စစ်မြေပြင်က လက်ဖက်ရည်ဆိုင်

နောက်ပိုင်းမှာတော့ ကျိုဖိုးတွေဟာ ပိုမိုအတင့်ရဲလာပြီး ကွန်ပြူတာတွေ၊ ရေဒါတွေမရှိပဲ စိတ်ကူးသက်သက်နဲ့ တွက်ဆထားတဲ့ အချက်တွေအပေါ် ယုံကြည်ကာ ကံယုံပြီး ဆူးပုံနင်းတဲ့အလုပ်မျိုးတွေ လုပ်လာခဲ့ဲ့ပါတယ်။

ဒီလောက် ပူအိုက်စွတ်စိုတဲ့ရာသီမှာ ရေမချိုးပဲ နေရတာ သီတင်းတပတ်လောက် ကြာလာတော့ ကျနော်တို့ ဘယ်လိုမှ ဆက်မနေနိုင်။ ဒီတော့ နဝတ တောင်ကုန်းကနေ လှမ်းမြင်နိုင်၊ လှမ်းပစ်နိုင်တဲ့ နေရာမှန်းသိလျက်နဲ့ ကျွန်းတံတားကြီး ဘေးနားဆင်းပြီး သောင်ရင်းမြစ်ထဲ ရေဆင်းချိုးတာမျိုး၊ ကျနော်တို့ ကတုတ်ကျင်းနဲ့ နာရီဝက်နီးပါး လမ်းလျှောက်ရတဲ့ ဝမ်ခဈေးနဲ့ မျက်နှာချင်းဆိုင်အရပ်ရှိ အဝီစီတွင်းရှိရာနေရာအထိသွားပြီး ရေချိုး၊ ရေခပ်လုပ်တာမျိုး၊

နောက်တခါ ထိပ်တိုက်မှာ တာဝန်ကျ နေသူတွေအတွက် ထမင်းချက်ပေးနေတဲ့ စက်ရေတွင်းနဲ့ မနီးမဝေး ကြခတ်ရုံအောက်က ကတုတ်ကျင်းမှာ ခိုလှုံနေတဲ့ အမိုးတို့မိသားစုကို လက်ဖက်ရည်ဆိုင် အတင်းပြန်ဖွင့်ခိုင်းပြီး ကော်ဖီ၊ လဖက်ရည် ထိုင်သောက်ကြတယ်လို့ ပြောရင် စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ (အခန်း ၁၄ မှာ ဖော်ပြခဲ့တဲ့အမိုးနဲ့ တဦးတည်းဖြစ်ပါတယ်။ သူတို့မိသားစုဟာ စစ်မဖြစ်ခင်ကတည်းက ကော့မူးရာမှာ ဆိုင်ဖွင့်ထားသူတွေဖြစ်ပြီး စစ်ဖြစ်ချိန်မှာတော့ ဟွေးခလုတ် ဒုက္ခသည်စခန်းဆီ ခဏထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲကြာလာချိန်မှာတော့ ကော့မူရားဆီပြန်လာ ကူညီနေတာတွေ့လို့ ကျနော်တို့ ကျောင်းသားတွေက အနိုင်ကျင့်ပြီး အတင်းဆိုင်ဖွင့်ခိုင်းတာပါ)။

အဲဒီစစ်ပွဲကာလအတွင်း ကျနော်အမှတ်တရ အဖြစ်ဆုံးဖြစ်စဉ် ၂ ခုရှိပါတယ်။ ပထမတခုကတော့ တိုက်ပွဲကြီးတခုပြီးတိုင်း ဖုတ်ပေါင်းစုံဆီပြေးပြီး ကျည်ခွံတွေကောက် ရောင်းစားတာပါ။ အဲဒီကာလက M16 အခွံက ဈေးအကောင်းဆုံးဖြစ်ပြီး G 3 အခွံက ဒုတိနေရာမှာရှိပါတယ်။ AK 47 ကျည်ကတော့ ကြေးနည်းပြိး သံများတဲ့အတွက် ဝယ်သူမရှိပါ။ ကျည်ခွံဈေးနှုန်းကို ကျနော်မမှတ်မိတော့ပေမယ့် အဲဒီကာလက AK 47 ကျည်၊ M16 ကျည် တထောင့်ကိုမှ ၅ ဘတ်ပဲပေးရတဲ့အတွက် ကျည်ခွံတကီလိုကို အစိတ်လောက်ပဲ ရမယ်လို့ထင်ပါတယ်။

တချို့ကျောင်းသားတွေနဲ့ KNU စစ်သားတချို့ကတော့ လက်နက်ကြီးဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ကော့မူးရာတခွင် လူနေအိမ်တွေက ကျွန်းသစ်သားတွေကို ခွာယူပြီး မီးသွေးဖုတ်ကြပါတယ်။

လက်နက်ကြီးသံ ငြိမ်နေချိန်မှာ ဒီအလုပ်ကို အချိန်လု လုပ်ရတာဖြစ်ပြီး မီးသွေးဖော်ပြီးရင် ထိုင်းဘက်ကမ်းပို့ ရောင်းစားကြပါတယ်။ ဒီလို ကျည်ခွံဖိုးရတဲ့ငွေ၊ မီးသွေးဖိုးကရတဲ့ငွေ အနည်းအကျဉ်းနဲ့ စစ်မြေပြင်မှာဖွင့်ထားတဲ့ အမိုးရဲ့ကော်ဖီဆိုင်ဆီ သွားထိုင်ပြီး ကျောင်းသားတွေထုံးစံအတိုင်း ပွားကြပါတယ်။

နဝတတောင်ကုန်းပေါ်က လက်နက်ကြီး ထွက်သံကြားရင် သေနတ်ကိုလွယ်၊ ကော်ဖီခွက်ကိုင်ပြီး လျှောက်မြောင်းထဲဆင်းပြေး၊ အသံပြန် ငြိမ်ရင် ကြံခတ်ရုံအောက်က စားပွဲမှာ ပြန်ထိုင်သောက်နဲ့၊ အခုချိန်ပြန်စဉ်းစားရင် မယုံနိုင်စရာ၊ ကြက်သီးထစရာကြီး ဖြစ်နေပါတယ်။

ဒုတိယတခုကတော့ မနက်အိပ်ရာထချိန်မှာ အိမ်သာမတက်ရရင် မနေနိုင်တဲ့ကျနော့်အဖို့ အဲဒီမနက် အိမ်သာတက်ချိန်မှာ နဝတ ဘက်က လက်နက်ကြီး မပစ်ပါစေနဲ့လို့ အိမ်သာတက်နေရင်း ဘုရားတ ဆုတောင်းရတဲ့အချက်ပါ။

“တိုက်ပွဲမှာကျည်မှန်ပြီး ကျသွားတာက အကြောင်းမဟုတ်ဘူး။ အာဇာနည်စာရင်း ဝင်နိုင်သေးတယ်။ ဒါပေမယ့် အီးအီးပါနေတုန်း လက်နက်ကြီးစထိပြီး သေသွားတယ်ဆိုရင်တော့ သမိုင်းကွေးပြီ” လို့ ပြောပြီး အချင်းချင်းကြား ဟား ကြတာကိုလည်း အမှတ်ရနေဆဲဖြစ်ပါတယ်။

ထမင်းချက်နေတုန်း၊ တခြားတခုခုလုပ်နေတုန်း နဝတ တောင်ကုန်းဘက်က လက်နက်ကြီး ထွက်သံကြားရင် ကတုတ်ကျင်းထဲဖြစ်ဖြစ်၊ အနည်းဆုံး ဆက်သွယ်ရေး မြောင်းထဲဖြစ်ဖြစ် ပြေးခိုလို့ရပါတယ်။ ဒါပေမယ့် အိမ်သာတက်နေစဉ် လက်နက်ကြီး ထွက်သံကြားရင်တော့ တို့လို့တန်းလန်းနဲ့ ဘယ်လိုမှ နေရာပြေးယူဖို့ မလွယ်ပါဘူး။

“ဗုံးခို အိမ်သာကျင်း ဆောက်ပေးထားရင် ကောင်းမယ်ကွာ။ တခြားနိုင်ငံက စစ်ပွဲတွေမှာ ဒီကိစ္စ ဘယ်လို ဖြေရှင်းကြလဲမသိဘူး” ဆိုပြီး ကျနော်ငြီးတွားဖူးပါတယ်။ တခြားရဲဘော်တွေ ကျနော့်လို ဖီလင်ဖြစ်မဖြစ်တော့ အသေချာမမေးဖြစ်။ ကျနော်ကတော့ စစ်မြေပြင်အတွင်း အိမ်သာတက်ချင်တာ၊ စစ်ကြောင်းသွားနေစဉ်အတွင်း ရှုးရှုးပေါက်ချင်တာတွေအတွက် အတော့်ကို စိတ်အနှောက်အယှက်ဖြစ်ခဲ့ဖူးပါတယ်။

ကျနော်ဟာ အဲဒီကာလက အညကြ စစ်သည်တဦးသာ ဖြစ်တယ်ဆိုပေမယ့် သတင်းထောက်ဗီဇ ပါလာလို့လားမသိဘူး၊ KNU တပ်ကြပ်ကြီးတဦး ပေးထားတဲ့ ကင်မရာ ခပ်ညံ့ညံ့တလုံးကိုကိုင်ပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ အဲဒီကင်မရာက အလင်းရောင် မလုံတဲ့အတွက် မဲဆောက်မှာ ဖလင်သွားကူးတော့ ဘာပုံမှထွက်မလာ။ ကင်မရာအကြောင်း နကန်းတလုံးမှ နားမလည်သေးတဲ့ ကျနော်ကတော့ စစ်ခမောက်ကို အပီဆောင်း၊ စစ်ဖိနပ်ကို အသေချာစီး၊ စစ်ယူနီဖောင်း အပြည့်ဝတ်ပြီး စစ်မြေပြင်သတင်းထောက်လိုလိုနဲ့ ရိုက်လိုက်ရတာအမော။

ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကော့မူးရာဟာ မဲဆောက်ကနေ မိနစ် ၃၀ သာလာရတဲ့အတွက် တိုက်ပွဲကြီးတွေဖြစ်ပြီးတိုင်း နိုင်ငံတကာက မျက်နှာဖြူ သတင်းထောက်တွေနဲ့ ထိုင်းတွေအမြဲလာပြီး သတင်းယူနေကြဖြစ်ပါတယ်။  အဲဒီကာလတွေတုန်းကတော့ အေပီ၊ ရိုက်တာ၊ အေအက်ဖ်ပီ စသည်ဖြင့် အေဂျင်စီသတင်းဌာနတွေအကြောင်း နားမလည်သေးတဲ့အတွက် အသေချာ မစပ်စုမိပါ။ ဒါပေမယ့် ဘန်ကောက်ပို့စ် သတင်းထောက် မစ္စတာ ဂျိုးဆိုတဲ့ မြန်မာတဝက်၊ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက်ပြောတဲ့ လူကိုတော့ ကျနော်ကောင်းကောင်း မှတ်မိနေဆဲဖြစ်ပါတယ်။

———————–

(၃) လူလှိုင်းလုံးစစ်ဆင်ရေးနဲ့ လက်ညောင်းသွားတဲ့သူပုန်များ

ကော့မူးရာ ကတုတ်ကျင်းအတွင်းတွေ့ရတဲ့ ABSDF ရဲဘော် ၂ ဦး။

တနေ့မှာတော့ အဲဒီ သတင်းထောက်တွေနဲ့အတူ ထိပ်တိုက် ကတုတ်တွေရှေ့က သတ်ကွင်းဆီ ကျနော် ရောက်သွားပါတယ်။ အဲဒီနေ့ဟာ ၃ ရက်ခန့်ကြာတဲ့ တိုက်ပွဲအကြီးကြီးတခု ပြီးသွားလို့ နှစ်ဖက်တပ်တွေ ငြိမ်နေချိန်။ နဝတတပ်တွေအားလုံး ထိပ်တိုက်ကနေ ခဏနောက်ပြန်ဆုတ်ပြီး သူတို့ရဲ့ တောင်ကုန်းဆီ ပြန်စုနေချိန်ဖြစ်ပါတယ်။

၃ ရက်တာတိုက်ပွဲအတွင်း နဝတဘက်က ကျန်ခဲ့တဲ့အလောင်းတွေ၊ သေနတ်တွေ၊ ဗုံးသီးတွေ၊ လှံစွပ်တွေ၊ ကိုယ်ပိုင်နံပါတ် ကတ်ပြားတွေ၊ ဂေါ်ပြားတွေ စုံလို့ပါပဲ။ သတ်ကွင်းကို တက်ရှင်းတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ နဝတဘက်က အလောင်းတွေနဲ့အတူ ကျန်နေနိုင်တဲ့ ဗုံးသီးတွေ၊ ကိုယ့်ဖက်ကထောင်ထားတဲ့ မပေါက်သေးတဲ့ မိုင်းတွေကြားမှာ သွားရတာမျိုးပါ။ ဒါ့အပြင် သတ်ကွင်းပေါ် ကျနော်တို့လူအုပ်ကြီး ဒါဇင်နဲ့ချီ ရောက်နေတာကို နဝတ တောင်ကုန်းပေါ်ကနေ ကောင်းကောင်းမြင်နိုင်တဲ့အတွက် အချိန်မရွေး အပစ်ခံရနိုင်တဲ့ အခြေနေလည်း ရှိနေပါတယ်။

ကျနော့်အထင် အဲဒီသတ်ကွင်းထဲမှာ ၁၀ မိနစ်လောက်တော့ ဓာတ်ပုံရိုက်ခွင့်၊ ကြည့်ရှုခွင့်ရခဲ့တယ်လို့ ထင်ပါတယ်။ အလောင်းဘယ်နှစ်လောင်း တွေ့ခဲ့သလဲဆိုတာကို မမှတ်မိတော့။ ဒါပေမယ့် ၁၀၁ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းမောင်ရဲ့ ရုံးခန်းလေးတခုမှာတော့ ရာနဲ့ချီရှိတဲ့ နဝတ အလောင်းတွေရဲ့ ဦးခေါင်းခွံတွေကို စုစည်းပြီး အသေအချာ မှတ်တမ်းတင်ထားတာ နောက်ပိုင်းမှာ ထုတ်ဝေတဲ့ စာစောင်တွေထဲမှာ ကျနော် တွေ့ဖူးပါတယ်။

ကျနော့်အတွေ့အကြုံအရ ၂ ဘက် အကျအဆုံး စာရင်းကို ပြောရမယ်ဆိုရင် နဝတ ဘက်က ၁၀ ဦးကျရင် ကျနော်တို့ဘက်က တဦးလောက်ပဲ ဒဏ်ရာရာတဲ့သဘော။ နဝတဘက်က ၄၀-၅၀ လောက်ကျမှ ကျနော်တို့ဖက်က တဦးလောက်ကျတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဘာကြောင့် ဒီလို အချိုးစားကွာသလဲဆိုရင်  ရှေ့မှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း ကျည်ကွယ်၊ မျက်ကွယ်၊ မြေပိုင်မှုတွေမှာ ကျနော်တို့ဘက်က အစစအရာရာ သာလွန်နေလို့ဖြစ်ပါတယ်။

ဒီလိုသာလွန်နေတဲ့ အခြေနေမှာ ပုံမှန်ထိုးစစ်နဲ့ ကျားတက်ထိုးလို့ မဖြစ်နိုင်တော့တဲ့အတွက် နဝတ တပ်တွေဟာ သူတို့တပ်စခန်းရှိရာ တောင်ခြေရင်းကနေ ကျနော်တို့ရှိတဲ့ ထိပ်တိုက်ခြံစည်းရိုးနားအထိ ဆက်သွယ်ရေးမြောင်းတူးပြီး တဆင့်ပြီးတဆင့် တက်လာနေတာကို နေ့ဘက်မှာတောင် မြင်နေရပါတယ်။ အကွေ့အကောက်များစွာနဲ့ တူးနေတဲ့အတွက် ဂေါ်ပြားနဲ့ကော်ပစ်နေတဲ့ မြေစာတွေကိုသာ ကောင်းကောင်းမြင်ရပြီး လူကိုတော့ ရိပ်ကနဲသာ မြင်ရပါတယ်။ အဲဒီမြင်ရတာကို ပွိုင့်-၅ နဲ့ လှမ်းပစ်တော့ ခဏငြိမ်ပြီး ဆက်တူးမြဲ တူးနေပါတယ်။

ကျနော်အထင် သီတင်းတပတ်ကျော် ကြာတဲ့အခါမှာတော့ အဲဒီတူးမြောင်းဟာ သတ်ကွင်းထိပ်နားအထိ ရောက်လာပြီး အဲဒီအချိန်မှာ အင်အားအလုံးအရင်းနဲ့၊ လူလှိုင်းလုံးနဲ့ ဖိပြီးကျားတက်ထိုးတော့တာပါပဲ။ ကျနော်တို့ဘက်ကလည်း ကတုတ်ကျင်းထဲကနေ အသေချာ ချိန်ပစ်ရုံပါပဲ။

ဒီလောက် ပစ်နေတဲ့ကြားထဲကကို ပစ်နေတဲ့လူရဲ့ ညာဖက်လက်ညှိုး ညောင်းသွားအောင်၊ ဘယ်လက်နဲ့ကိုင်ထားတဲ့ AK 47, M 16 ကိုယ်ထည်တွေ ပူလာပြီး မကိုင်နိုင်တဲ့အထိတောင် လူလှိုင်းလုံးကြီးက တလှိမ့်ပြီးတလှိမ့် တက်လာနေဆဲ ဖြစ်ပါတယ်။ တချို့စစ်သားတွေဆိုရင် မူးယစ်ဆေးတခုခု သုံးစွဲထားပုံရပြီး သေနတ်နဲ့ ဒီလောက်ပစ်နေတဲ့ကြားထဲ တိုးတိုးပြီး တက်လာတာ မပစ်ရက်လောက်အောင်ကို ခံစားခဲ့ရတယ်လို့ ထိပ်တိုက်ကတုတ်မှာ အနေကြာခဲ့တဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နဝတဘက်က အကျအဆုံးအများဆုံး တိုက်ပွဲတွေထဲက တခုကို ဥပမာပေးရမယ်ဆိုရင်  စစ်ကူရောက်လာတဲ့ DAB စစ်ကြောင်းနဲ့ စစ်ကြောင်းမှူး ဗိုလ်မှူး ရောဘတ်ဇံ (ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ သားကြီး၊ အခု အမေရိကား) ဦးဆောင်တဲ့အဖွဲ့ ထိပ်တိုက်မှာ တာဝန်ယူစဉ် ၃ ရက်တာ တိုက်ပွဲပါ။ တခြား စစ်ကြောင်းမှူးတွေဆိုရင်တော့ နဝတဘက်ကတပ်တွေ အလုံးအရင်းနဲ့ တက်လာပြီဆိုရင် မိုင်းကွင်း၊ ဝါးချွန်ကွင်းကိုကျော်ပြီး ပထမ သံဆူးကြိုး ခြံစည်းရိုးကိုရောက်တာနဲ့ ပစ်မိန့် ပေးလေ့ရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဗိုလ်မှူး ရောဘတ်ဇံကတော့ သတ်ကွင်းနဲ့ ခြံစည်းရိုးအားလုံးကို ကျော်ပြီး နောက်ဆုံး သံဆူးကြိုးရောက်မှ ပစ်မိန့်ပေးတဲ့အတွက် ထိပ်တိုက်ပေါက်ပြီထင်ပြီး တအားလှိမ့်တက်လာတဲ့ နဝတတပ်တွေကို အနီးကပ် ပစ်ခတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ နယ်ကျွံသွားတဲ့ နဝတတပ်တွေဟာ အလောင်းနဲ့ဒဏ်ရာရသူကိုလည်း ပြန်မသယ်နိုင်၊ သေနတ်တွေကိုလည်း ပြန်မယူနိုင်တော့ပဲ ဆုတ်ခွာခဲ့ရတဲ့အတွက် အရာရှိတွေအပါဝင် အတော်များများ ကျဆုံးခဲ့ရပါတယ်။

ဘာကြောင့်မှန်းတော့မသိ။ စစ်မြေပြင်မှာ သာမန်ရဲဘော်တွေ ကျဆုံးပြီး သူတို့ဆီက ဂျီသရီး သေနတ်ရတာကို ဘယ်သူကမှ သိပ်စိတ်မဝင်စား။ ဒါပေမယ့် အရာရှိတဦးဦးကျပြီး သူတို့ဆီက ပစ္စတိုသေနတ်ရပြီ ဆိုရင်တော့ အဲဒီသတင်းဟာ ကျနော်တို့ကြား ဟိုးလေးတကျော် ဖြစ်လေ့ရှိပါတယ်။ အဲဒီညက တိုက်ပွဲအတွင်း နဝတဆီက ပစ္စတို ၂ လက်ရခဲ့တယ်လို့ ဗိုလ်မှူး ရောဘတ်ဇံရဲ့ ပီအေ-တဦးက အဲဒီပစ္စတိုကို ထုတ်ပြပြီး ကျနော်တို့ ကတုတ်ကျင်းရှေ့မှာ ကြွားပြသွားတာကို ကျနော်မြင်ယောင်နေဆဲဖြစ်ပါတယ်။

………………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇) >>>>>

ထက်အောင်ကျော်