အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
448

အခန်း(၂၅)

“ကိုကြေး..လာ..မိတ်ဆက်ပေးရဦးမယ်..ဒါ တက္ကသိုလ်တုန်းက မယု အရမ်းချစ်ရတဲ့ စီနီယာအမ..မနီနီ တဲ့…အခု တောင်ကြီးကောလိပ်မှာ လက်ထောက်ကထိကပေါ့”

မျက်ခုံးမျက်ဖန်ကောင်းကောင်း၊ အောက်နှုတ်ခမ်းတွဲတွဲဖြင့် လှပသောအမျိုးသမီးက ကြေးမုံကို ပြုံးပြသည်။

“ဒါကတော့ မနီနီရဲ့..ဟိုဒင်း..”

နီနီက ယုယုမော်၏ ပေါင်ကို အသာဆွဲဆိတ်လိုက်သည်။

“မနီနီရဲ့ အခင်မင်ဆုံးမိတ်ဆွေလို့…ဟင်း..ဟင်း..နာမည်က ဖလော်ရင့်မောင်စိန် တဲ့…တောင်ကြီးက ရွှေလိမ္မော်အရက်ဆိုတာ သူတို့ မိသားစုက ထုတ်တာပေါ့”

နီနီနှင့်အတူပါလာသော အသားဖြူဖြူအမျိုးသားက ကြေးမုံကို လက်ကမ်းပေးသည်။

ကြေးမုံက လက်ဆွဲနှုတ်ဆက်လိုက်၏။

“ကဲ..စားကြပါဦး..ကျွန်တော်က ခုန အပေါ်မှာ ဧည့်သည်ကို ဧည့်ခံနေလို့ မမယုတို့ ရောက်တာမသိလိုက်တာပါဗျာ..တောင်းပန်ပါတယ်”

“ရပါတယ်..ကိုကြေးရဲ့…ဒီမှာ ဒီက ညီမလေးက ဧည့်ခံနေတာပဲဟာ..ရပါတယ်”

ယုယုမော်စကားကြောင့် ကြေးမုံက ဘေးနားတွင် ထိုင်နေသော မြိုင်ကို လှမ်းကြည့်လိုက်သည်။

မြိုင်က ကလေးကို ချီပြီး ထ ထွက်သွား၏။

“ဒါနဲ့..အဲ့ဒါက ကိုကြေး ညီမ လား”

ယုယုမော်က မြိုင်၏ နောက်ကျောကို ကြည့်ပြီး မေးလိုက်သည်။

“အင်း..အမေရှိတုန်းက အမေ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တာပါ..အင်း..ညီမပဲ ဆိုပါတော့လေ”

“သြော်”

ကြေးမုံကမလုံမလဲဖြင့် မြိုင့်ကို လှမ်းကြည့်လိုက်သည်။

မြိုင်က ခပ်ဝေးဝေးတွင် ကလေးကိုမြူနေ၏။

“ကိုကြေးမုံ..ခုန အပေါ်ထပ်က ဆင်းလာတာ..ဟိုမင်းသားမဟုတ်လားဗျ”

ဖလော်ရင့်မောင်စိန် က ကြေးမုံကို မေးလိုက်သည်။

“ဟုတ်တယ်ဗျ”

“ဟာ..ကျွန်တော်က..အဲ့ဒီမင်းသားသိပ်ကြိုက်တာဗျ”

“အို..နီနီတော့ မကြိုက်ပါဘူး…လမ်းသရဲပုံစံနဲ့ တွန့်လိမ်ကောက်ကွေးနေတာပဲ”

“အင်းလေ..မမနီနီက ဘယ်ကြိုက်မလဲ..မမနီနီ ကြိုက်တဲ့ ပုံစံကို ယု သိပါတယ်နော်”

ယုယုမော်က ဖလော်ရင့်မောင်စိန်ကို မျက်စပစ်ကာ စနောက်လိုက်သဖြင့် အားလုံးပွဲကျသွားကြသည်။

ရယ်မောရင်းမှ အကြည့်ချင်းဆုံကြသော ယုယုမော်နှင့် ကြေးမုံကို မြိုင်က မျက်နှာလွှဲကာ အခန်းတွင်းသို့ ဝင်သွား၏။

ကြေးမုံက ရယ်နေရမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မြိုင် ရှိရာသို့ လိုက်ကြည့်လိုက်သည်။

“ကိုကြေး…မယုတို့ကို အားမနာနဲ့နော်…လုပ်စရာရှိတာလုပ်…မယုတို့က သူစိမ်းတွေမဟုတ်ဘူး”

ကြေးမုံမှာ ထရမလို ထိုင်ရမလိုဖြစ်နေ၏။

ခဏအကြာတွင် အခန်းထဲမှ ကလေးငိုသံဝါးခနဲ ထွက်လာသည်။

“ခဏနော်..ကလေး ဘာဖြစ်တယ်မသိဘူး”

ကြေးမုံက မြိုင်ရှိရာ အခန်းထဲသို့ လိုက်ဝင်သွားသည်။

ဂျူနီယာဧရာလေးက သည်းကြီးမဲကြီး ငိုနေသည်။

“ကလေး ဘာဖြစ်တာလဲ..မြိုင်”

“နို့ဆာလို့ထင်တယ်..နို့ဗူး..မြန်မြန်ဖျော်မှရမယ်..အကို”

“ရော့..ကလေးကို ယူထား..အကိုသွားဖျော်လိုက်မယ်..နို့ဗူးက ဘယ်နားမှာလဲ”

“မီးဖိုက စားပွဲပေါ်မှာ..နို့ဆီဗူး နဲ့ နို့ဗူးရှိတယ်.အကို..ရေနွေးလည်း အသင့်ရှိတယ်”

ကြေးမုံက အပြင်သို့ ပြန်ထွက်လာပြီး နောက်ဖေးခန်းသို့ ဝင်သွားသည်။

ခဏအကြာ နို့ဗူးကို ကိုင်ပြီး အခန်းထဲသို့ ဝင်သွားသော ကြေးမုံကို ယုယုမော်က စောင်းငဲ့ကြည့်၏။

ကြေးမုံက မြိုင့်လက်ထဲသို့ နို့ဗူးကို ထည့်ပေးလိုက်သည်။

“ဟင်..မြိုင်..ငိုနေတာလား…ဘာလို့ ငိုနေတာလဲ”

“ဘာမှ မဟုတ်ပါဘူး..အကို….ကလေးကို မြင်ပြီး စိတ်မကောင်းလို့ပါ..အပြင်မှာ အကို့ဧည့်သည်တွေ သွားဧည့်ခံလိုက်ပါဦး..အားနာစရာ”

ကြေးမုံ အခန်းအပြင်သို့ ပြန်ရောက်လာပြန်သည်။

“သြော်…ဒီလိုကျတော့လည်း ကိုကြေးက ကလေးအဖေပေါက်စပုံစံနဲ့ပါလား”

ယုယုမော်ဘေးတွင် ထိုင်ချလိုက်သော ကြေးမုံကို နီနီက အရွှန်းဖောက်လိုက်၏။

ထိုအခါ ယုယုမော် မပြုံးပါ။

တပတ်ခန့်အကြာ။

ကြေးမုံ၏ အိမ်ရှေ့မှ ကားဟွန်းသံ ကြားရသည်။

ဖလော်ရင်မောင်စိန်၏ ဆီးဒင့်ကားကလေး။

ကြေးမုံ၏ အထုပ်အပိုးအိတ်များကို မြိုင်က အခန်းထဲမှ ထုတ်လာသည်။

ထို့နောက် ကြေးမုံဝတ်နေကျ ဂျင်ကင်အင်္ကျီကို ခေါက်ကာ ပေးလိုက်၏။

“ကိုကြေးရေ..မြန်မြန်လုပ်ဟေ့..ရထားမမီပဲနေမယ်”

အိမ်ရှေ့ကားထဲမှ ယုယုမော်၏ အသံ။

“အကို နဲ့ သူက အတူ ပြန်ကြမှာလား”

မြိုင့် အသံက တိုးလျနေ၏။

“ဟုတ်တယ်လေ..မြိုင်…အကိုတို့က အလုပ်အတူလုပ်နေကြတာပဲ..ဘန်ကောက်ရောက်ရင် မြိုင့်အတွက် အိတ်လှလှလေးတစ်လုံးဝယ်လာခဲ့မယ်နော်”

“ဘန်ကောက်ကရော သူ ပါမှာလား”

“အင်းပေါ့..သူ့အချိတ်အဆက်တွေနဲ့ လုပ်ရတာလေ..မြိုင်”

မြိုင် ကခေါင်းငုံ့သွားသည်။

ကြေးမုံက ပုခက်ထဲတွင် အိပ်နေသော ဂျူနီယာဧရာကို သွားကြည့်ပြီး တချက်ငုံ့နမ်းလိုက်သည်။

“ကဲ..သွားပြီနော်”

ကြေးမုံက အိတ်ကို လွယ်လျက် ကားရှိရာ ဦးတည်လိုက်သည်။

ထို့နောက် ကားနောက်ခန်းရှိ ယုယုမော်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

ယုယုမော်က ကားထဲမှနေလျက် မြိုင့်ကို လှမ်းပြုံးပြလိုက်သည်။

“မြိုင့် ကို ဘယ်လိုသဘောရလဲ…မမယု”

ကြေးမုံက မေးလိုက်၏။

“အင်း…ချစ်စရာလေးပါပဲ..ဘာဖြစ်လို့လဲ..ကိုကြေး”

“ကျွန်တော် သူ့ကို လက်ထပ်ရလိမ့်မယ်”

ယုယုမော် ထံမှ ဘာသံမှ ထွက်မလာ။

“ဟုတ်တယ်…အမှန်ဝန်ခံရရင်..သူနဲ့ ကျွန်တော် တရားဝင်လက်မထပ်ရသေးပေမယ့်..ညားနေတာကြာပြီ..မမယု.အခုတော့..ဧရာရဲ့ ကျန်ရစ်တဲ့သားလေးအတွက် သူ့ကို ကျွန်တော် လက်ထပ်ရလိမ့်မယ်”

“ဒါက ကိုကြေးကိစ္စလေ…..ဘာလို့ မယုကို လာပြောနေရတာလဲ..ဖလော်ရင့်..မောင်းတော့လေ..ရထားမမီပဲ နေလိမ့်မယ်”

သူတို့နှစ်ယောက်အား နောက်ကြည့်မှန်ထဲမှ အကဲခတ်နေသည့် ဖလော်ရင့်မောင်စိန်က ကားကို စက်နှိုးကာ မောင်းထွက်သွား၏။

မြိုင်က ကြေးမုံနှင့် ယုယုမော် လိုက်ပါသွားသည့် ကားကလေးကို ငေးလျက် ကျန်ရစ်။

………………………………..

၁၉၇၁ ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို ကျင်းပခဲ့သည်။

ထိုညီလာခံတွင် အဖွဲ့ဝင် (၁၅၀)ပါဝင်သည့် ပါတီဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။

ဗဟိုကော်မတီတွင် စစ်ဘက်အရာရှိ (၁၁၉)ဦးပါဝင်ခဲ့သည်။

ဇူလိုင်လ (၈)ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ဗဟိုကော်မတီဝင်များက တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းအား လမ်းစဥ်ပါတီ ဥက္ကဌကြီးအဖြစ် ရွေးချယ်ခဲ့ကြသည်။

စစ်အစိုးရအရေခွံပေါ်တွင် တစ်ပါတီစနစ်ကို ထပ်မံလွှမ်းခြုံရန် ခြေလှမ်းစလိုက်ခြင်းဖြစ်သည်။

၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အဖွဲ့ဝင် ၉၇ ဦး ပါဝင်သော “မြန်မာနိုင်ငံ အခြေခံ ဥပဒေသစ် ရေးဆွဲရေး ကော်မရှင်” ကို ဖွဲ့စည်းလိုက်၏။

ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စန်းယုကို တာဝန် ပေးကာ၊ စစ်တပ်မှ တပ်မှူးကြီး ၃၄ ဦး ကိုလည်း ပါဝင်ခဲ့သည်။

ဧပြီလ ၂ဝ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း သည် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ အနားယူ လိုက်ပြီး၊ လမ်းစဥ် ပါတီ ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနေဝင်း ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ် စန်းယုကို ဗိုလ်ချုပ်ကြီး အဆင့်ကို တဆင့်ကျော် တိုးပေးလိုက်ပြီး ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ် လိုက်သည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် ဒုတိယဝန်ကြီးချုပ်နှင့် လမ်းစဥ်ပါတီ အတွင်းရေးမှူး အဖြစ်လည်း ပူးတွဲ တာဝန်ယူလိုက်သည်။

မျက်မှန်ကြီးမှာလည်း ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ခံရပြီး တပ်မတော်ထောက်လှမ်‌ရေး၏ ဒုတိယညွှန်ကြားရေးမှူး နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)၏ ညွှန်ကြားရေးမှူးတာဝန်ကို တွဲဖက်ကိုင်လာရသည်။

တဖက်တွင်လည်း ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ (PDP) သည် လည်း အသက်ဝင်လာပြီဖြစ်သည်။

ဥက္ကဌ ဦးနု၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဦးလောရုံ၊ ဝန်ကြီးဟောင်း ဦးသွင်၊ လေတပ်ဦးစီးချုပ်ဟောင်း တော်မီကလစ်၊ ဗိုလ်မှူးချုပ်ဟောင်း ‌စောကြာဒိုး၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တို့ ဦးဆောင်ခဲ့ကြသည်။

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (Partriotic Liberation Army, PLA) ကို စစ်တိုင်းနှစ်တိုင်းဖြင့် စတင်ဖွဲ့စည်းပြီး ဗိုလ်ရန်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာသည်။

ပြည်တွင်းမှ ဖဆပလခေတ်နိုင်ငံရေးသမားဟောင်းများနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော တပ်အရာရှိဟောင်းတချို့မှာ PDP နှင့်ပူးပေါင်းရန် နယ်စပ်သို့ရောက်ရှိလာနေကြသည်။

KNU နှင့် မွန်ပြည်သစ်ပါတီတို့မှာ PDP နှင့်မဟာမိတ်စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း အပြန်အလှန် ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် တပ်ပေါင်းစုအဖွဲ့အတွင်း ပြဿနာများမကြာခဏဖြစ်ပေါ်ခဲ့ကြသည်။ စစ်ရေးနှင့်နိုင်ငံရေးအပိုင်းတွင် ပူးတွဲသွားလာလှုပ်ရှားခြင်းမျိုးမရှိခြင်း၊ တစ်ဖွဲ့မှသတ်မှတ်ထားသည့်နယ်မြေအတွင်းသို့ အခြားတစ်ဖွဲ့အား ဝင်ရောက်လှုပ်ရှားခွင့်မပြုခြင်း စသည့်ပြဿနာများဖြစ်ပေါ်ခဲ့ပါသည်။

PDPသည် မြန်မာလူမျိုးများဉီးဆောင်သောအဖွဲ့ဖြစ်သည့်အပြင် ဦးနုကပါတီဥက္ကဌအဖြစ်ပါဝင်လာသည်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပိုပြီးသတိထားလာကြသည်။

အဓိကအချက်မှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာခဲ့သည့်သက်တမ်းတစ်လျှောက်တွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့များအား ဗိုလ်ချုပ်နေဝင်းဉီးဆောင်သည့်စစ်တပ်ဖြင့် နှိမ်နင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်ဟု မြင်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဦးနုအစိုးရမှ နိုင်ငံတော်ဘာသာအား ဗုဓ္ဒဘာသာကြေငြာခဲ့သည့် ဖြစ်ရပ်ကြောင့် ဦးနုနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည်လည်း ၁၉၄၈ ခုနှစ်တွင် ကရင်နီခေါင်းဆောင် U Bee Tu Ree လုပ်ကြံခံခဲ့ရသည့် အဖြစ်တွင် ဦးနု၌တာဝန်ရှိသည်ဟု ယုံကြည်ကြပြီး ဦးနုအဖွဲ့နှင့် ဆက်ဆံခြင်းမပြုခဲ့ကြချေ။

ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ကနဦးဆက်သွယ်မှုများ အဆင်မပြေခဲ့ပေ။ ဝတပ်ဖွဲ့ နှင့် လားဟူ တပ်ဖွဲ့တို့ကို ဦးနုအားထောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

သို့သော် ကြေးမုံနှင့် ယုယုမော်တို့သည် ဆွန်ချိုင်းထံမှ လက်နက်များကို PDP ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်ရင်းအချို့တွင် တပ်ဆင်ရန် ကြားပွဲစားလုပ်ပေးနိုင်ခဲ့ကြသည်။

ထိုပွဲတွင် ဆွန်ချိုင်းက ကြေးမုံနှင့် ယုယုမော်အတွက် ဒေါ်လာသုံးသောင်းခန့် အကျိုးအမြတ်ပေးခဲ့သည်။

မှောင်ခိုလုပ်ငန်းသည်လည်း အားကောင်းကောင်းဖြင့် ဖြစ်ထွန်းလာခဲ့၏။ ကြေးမုံ၏ မှောင်ခိုအဝတ်အထည်၊ အသုံးအဆောင်များမှာ စိန်ဂေါ်လီဂိုဏ်းဝင်ဖြစ်ခဲ့ဖူးသည့် မင်းသား၏ ချိတ်ဆက်ပေးမှုဖြင့် ရုပ်ရှင်လောကသားများကြား ရေပန်းစားခဲ့သည်။

ထိုမှတဆင့် ရန်ကုန်မြို့အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကြေးမုံမှာ မျက်နှာပွင့်လန်းလာ၏။

ကြေးမုံမှာ ရန်ကုန်နှင့် မော်လမြိုင် ၊ ဘန်ကောက် အသွားအပြန်လုပ်နေခဲ့သည်။

ယုယုမော်သည် ရန်ကုန်သို့ လုံးဝလိုက်မလာတော့။

၁၉၇၁ စက်တင်ဘာတွင် ကြေးမုံ သည် မြိုင် နှင့် လက်ထပ်လိုက်တော့သည်။

လက်ထက်ပွဲပြီး တလကျော်အထိ ကြေးမုံသည် မော်လမြိုင်သို့ မသွားသေး။

အောက်တိုဘာလ။

ရန်ကုန်သည် သတင်းကျွတ်ပွဲတော်ကို ဆင်နွှဲရင် မိုးလေကင်းစွာဖြင့် အသင့်ဖြစ်နေပေပြီ။

ကြေးမုံ၏ အိမ်ရှေ့သို့ ဖလော်ရင့်မောင်စိန်၏ ကားကလေး ဆိုက်လာသည်။

“ဟာ…ဖလော်ရင့်…ခင်ဗျား ဘယ်တုန်းကရောက်တာလဲဗျ”

“ဟဲ..ဟဲ..တောင်ကြီးကနေ ဆင်းလာတာတော့ ကြာပြီဗျ…အိမ်ကအလုပ်ကိစ္စနဲ့ မော်လမြိုင်ဘက် တန်းဆင်းသွားတာ..အခုမှ ရန်ကုန်ကို ဝင်လာတာ..ဒီမှာလည်း အသိဆိုလို့ ကိုကြေးပဲရှိတော့”

“ဒီမှာ ဘယ်လောက်ကြာမှာလဲ”

“အလုပ်ကိစ္စနဲ့ဆိုတော့ တစ်လနှစ်လလောက်ကြာမယ်ထင်တယ်”

“အတော်ပဲ..ကျွန်တော့်အိမ်မှာတည်းဗျာ”

“ခင်ဗျားအိမ်တော့ မတည်းပါရစေနဲ့..ကျွန်တော်ဝိုင်အမ်စီအေမှာ အခန်းယူထားပါတယ်…ခင်ဗျားတို့ ညားခါစ လင်မယားလွတ်လွတ်လပ်လပ်နေကြပါ..အဟဲ”

ဖလော်ရင့်မောင်စိန်က အအေးခွက်လာချပေးသော မြိုင့်ကို မျက်စပစ်ကာ နောက်လိုက်သည်။

“ကျွန်တော်အအေးမသောက်ချင်ဘူးဗျ…ဟဲ..ဟဲ..ဒီအချိန်က မင်္ဂလာအချိန်လေဗျာ”

ကြေးမုံက ပြုံးလိုက်သည်။

“မြိုင်ရေ..နောက်ဖေးခန်းက မဲခေါင်တစ်လုံး ယူခဲ့ပါဦး..ဖန်ခွက်နဲ့ ဆိုဒါပါ ယူခဲ့..ရေခဲကတော့ ကိုစန်းထွန်းကို လမ်းထိပ်လွှတ်လိုက်”

“ဟာ..အိမ်မှာမသောက်ချင်ဘူး..ကိုကြေး…ရန်ကုန်ရောက်တုန်း…ရန်ကုန်အရသာလေး ရအောင် တရုတ်တန်းမှာ သွားသောက်ချင်တာ..ခင်ဗျား လိုက်ခဲ့ပါဗျာ…”

“ကဲ..ဒါဆိုလည်း လစ်ကြတာပေါ့”

ကြေးမုံ နှင့် ဖလော်ရင့်မောင်စိန် တို့ ကားရှိရာသို့ ထွက်လာကြသည်။

“ကားနောက်ခန်းက ပစ္စည်းများလှချည်လား..ဘာတွေလဲဗျ”

“နီနီ့အတွက်….ယုယုမော် ပေးလိုက်တာတွေလေ..သြော်..ဒါနဲ့ ယုယုမော် ဆိုလို့”

ဖလော့်ရင်မောင်စိန်၏ စကားက ရပ်သွားသည်။

“မမယု ဘာဖြစ်လဲဗျ..ဆက်ပြောလေ”

“အင်း..ကျွန်တော် ဘာပြောရမှန်းမသိဘူး..ကိုကြေးရာ”

“အေးဗျာ..ဒါဆိုလည်းမပြောပါနဲ့တော့”

မကြာမီ ကြေးမုံတို့၏ ကားသည် “သင်အာ”တရုတ်ဟိုတယ်ရှေ့တွင် ရပ်လိုက်သည်။

မှောင်ခိုသွင်းလာကြသော တန်ဖိုးကြီးဝီစကီတစ်လုံးနှင့် အစားအသောက်များ မှာလိုက်ကြသည်။

“ကိုကြေး..ခင်ဗျား..ရန်ကုန်မှာ ဆက်နေမယ်ဆိုရင်တော့ ဟန်ပြလုပ်ငန်းတစ်ခုလောက် ထောင်ထားတာ ကောင်းမယ်ဗျ”

“အင်း..ကျွန်တော်လည်းစဥ်းစားမိတယ်..နောက်ပိုင်း ကျွန်တော် အိမ်အသစ်ဝယ်ဖို့ ကားဝယ်ဖို့တွေရှိသေးတယ်..စီးပွားရေးတခုလောက်ပြထားမှဖြစ်မယ်ဗျ”

“ဟုတ်တယ်…ယုမော် ကလည်း အဲ့ဒါပဲ စိုးရိမ်နေတာ…ခင်ဗျားကို သတိပေးဖို့ မှာလိုက်တယ်”

ကြေးမုံ မျက်နှာက ရုတ်တရက်အုံ့မှိုင်းသွား၏။ ရှေ့တွင်ချထားသော ဝီစကီခွက်ကို ဂွပ်ခနဲမော့ချလိုက်သည်။

“ကျွန်တော်တို့ ဆီက ထုတ်တဲ့ အရက်တွေကို ဖြန့်ပါလား…ကျွန်တော်က အစိုးရနဲ့ ဖက်စပ်လိုင်စင်ယူထားတာ..ခင်ဗျားလုပ်မယ်ဆို..ကျွန်တော့်ဘက်က ကိုယ်စားလှယ်လိုင်စင်ဘာညာ အားလုံးစီစဥ်ပေးလို့ရတယ်”

“အင်း…ဒါဆိုရင်တော့ အဆင်သင့်တာပေါ့ဗျာ”

ထိုအချိန်တွင် သူတို့ရှေ့ဝိုင်းမှ အမျိုးသမီးတစ်ဦး က ကြေးမုံရှိရာသို့ လျှောက်လာသည်။

“ကိုကြေးမုံ..မဟုတ်လား”

အမျိုးသမီးကား ဆံပင်ရှည်ရှည်၊ စိုသောညိုသော အသားအရည်ဖြင့် တောင့်တင်းသောအမျိုးသမီးတစ်ဦး။

“ဟုတ်ပါတယ်…ကြေးမုံပါ..ခင်ဗျားက ဘယ်သူလဲ”

“ကျွန်မ ညိုညိုလေ..မမှတ်မိဘူးလား”

“သြော်…..မညို….ကိုရေခဲ အမျိုးသမီးမဟုတ်လား..ကို‌ရေခဲရော အခြေအနေကောင်းရဲ့လား”

“ကျွန်မ ခဏထိုင်လို့ရမလား”

“ထိုင်ပါ”

“ဝီစကီတခွက်လောက် သောက်လို့ရော ရတယ်မဟုတ်လား”

“ရပါတယ်”

ဖလော်ရင်မောင်စိန်က ဖန်ခွက်အလွတ်တစ်ခုကို ထိုးပေးလိုက်သည်။

ညိုညိုက ပုလင်းထဲမှ ဝီစကီကို ကျွမ်းကျင်စွာငှဲ့ထည့်လိုက်၏။

“ကိုကြေးမုံ ကို ကျွန်မ လိုက်ရှာနေတာ ကြာပြီ”

“ဘာဖြစ်လို့လဲဗျ”

“ကိုရေခဲက ရှာခိုင်းတာ”

“အင်း..ဘာတဲ့လဲဗျ”

“ကိုရေခဲ က ထောင်ခြောက်နှစ်ကျသွားတယ်..မှောင်ခိုမှုနဲ့ပဲ”

“သြော်..မှောင်ခိုမှုနဲ့ပဲလား”

“ကျွန်မတို့ နှစ်ယောက်တည်း စကားပြောလို့ရမလား…မကြာပါဘူး..ငါးမိနစ်လောက်ပါပဲ.ကိုကြေးမုံ”

ဖလော်ရင့်မောင်စိန်က သက်ပြင်းချလိုက်သည်။

“ကဲ..ကိုကြေး..ကျွန်တော် ကားထဲမှာ စီးကရက်ဘူးကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်..ခင်ဗျားတို့ ပြောစရာရှိတာ ပြောကြပါ”

ဖလော်ရင်မောင်စိန်က အလိုက်တသိဖြင့် ထထွက်သွားသည်။

ညိုညို က ခေါင်းကို အရှေ့သို့ တိုးလိုက်ပြီး လေသံတိုးတိုးဖြင့်

“ ဟိုလူကြီးတွေကို သတ်လိုက်တဲ့အထဲ ကိုရေခဲ ပါတာ…ရှင်သိတယ်မဟုတ်လား”

ကြေးမုံက ခေါင်းညိတ်ပြလိုက်သည်။

“သူ့ကို အသက်ဘေးနဲ့ ခြိမ်းခြောက်ပြီး အကြပ်ကိုင်လို့ သူလုပ်လိုက်ရတာ…. မိုးကျော်တပည့်တွေ က သူ့ကိုပါ သတ်ဖို့လုပ်ခဲ့ကြသေးတယ်..အခု သူက ထောင်ထဲကနေ ရှင့်ကို လှမ်းတောင်းပန်ပါတယ်လို့ ပြောခိုင်းလိုက်တယ်…သူလည်း မတတ်သာလို့ ဦးစံဘတို့ကို သတ်ဖို့ လက်ခံလိုက်ရတာပါတဲ့”

“အင်း..ကျွန်တော်နားလည်ပါတယ်..ဒီလောကမှာတော့ ဒါမျိုးတွေက ဖြစ်တတ်တာပဲ…မညို အခု ကိုရေခဲနဲ့ ထောင်ဝင်စာပုံမှန်တွေ့ဖြစ်လား”

“အင်း..တွေ့ဖြစ်တယ်”

“ကျွန်တော့်ကို စကားပါးပေးပါ….အခု အင်းစိန်ထောင်ထဲမှာရှိတဲ့ မိုးကျော်တပည့်တွေ ကို ကျွန်တော်က ထောင်ထဲမှာပဲ အပြတ်ရှင်းခိုင်းချင်တယ်လို့…သူစီစဥ်ပေးနိုင်မလား..မေးပေးပါ…ကုန်သလောက်ပိုက်ဆံ ကျွန်တော်ပေးပါ့မယ်”

“ကျွန်မ ပြောလိုက်မယ်လေ”

ညိုညိုက ဝီစကီခွက်ကို ကောက်မော့လိုက်သည်။ ထို့နောက် ကြေးမုံက အိတ်ထဲတွင်ပါသော ဆယ်တန်တစ်အုပ်ကို ညိုညို့ထံ ထိုးပေးလိုက်သည်။

“ဒါက ကိုရေခဲဆီသွားရင် လိုအပ်တာဝယ်သွားဖို့ပါ…မညို”

ထိုအချိန်တွင် ဖလော်ရင့်မောင်စိန် ပြန်ရောက်လာသဖြင့် ညိုညိုက ဆယ်တန်အုပ်ကို ယူကာ ထသွားသည်။

“အင်း….ကိုကြေး..ကိုကြေး..‌ေရာက်ရာအရပ်မှာ.မိန်းမလှလေးတွေနဲ့ တယ်လည်း ပနံသင့်တဲ့လူပါလားဗျာ”

“မဟုတ်ပါဘူးဗျာ..မိတ်ဆွေတစ်ယောက်ရဲ့မိန်းမပါ…အလုပ်ကိစ္စ စကားပြောကြတာပါ”

ဖလော်ရင့်မောင်စိန်က ရေခဲတို့ ပျော်နေပြီဖြစ်သည့် သူ့ဝီစကီခွက်ကို ဆုတ်ကိုင်လိုက်ပြီး…

“မူးမှ ပြောတယ်ဖြစ်မှာဆိုးလို့…မမူးခင် ပြောဖြစ်အောင်ပြောရဦးမယ်”

“လုပ်ပြန်ပြီ..ဘာလဲဗျ”

“ခုန ကားပေါ်မှာ ခင်ဗျားကို ကျွန်တော်ဆက်မပြောဖြစ်တဲ့စကားပေါ့”

“ကဲ..ပြောဗျာ”

“ယုမော် က အသဲကွဲနေတယ်။ ခင်ဗျားကို သူ တကယ်ချစ်တာဗျ…ခင်ဗျား မိန်းမယူသွားတော့ တနေ့တနေ့ သူ ကြိတ်ကြိတ်ပြီးငိုနေတယ်လို့ နီနီက ကျွန်တော့်ကို ပြောပြတယ်..။ ယုမော်ဟာ အင်မတန်စိတ်ဓာတ်မာတဲ့မိန်းကလေးဗျ…သူဒီလောက်ခံစားနေရတာ..ခင်ဗျားအပေါ်ထားတဲ့ မေတ္တာက အတော်ကြီးတယ်ပြောရမယ်..ကိုယ့်လူ..အခု ကျွန်တော်မော်လမြိုင်မှာ သူနဲ့တွေ့တော့လည်း အတော်ကို ပိန်ကျသွားတယ်ဗျ..ကျန်းမာရေးပါထိတယ်ထင်ပါရဲ့..အင်းလေ..ဘယ်တတ်နိုင်မလဲဗျာ..ခင်‌ဗျား ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်နားလည်ပါတယ်”

ကြေးမုံ က ဝီစကီခွက်တွင်းမှ ရေခဲတုံးလေးများကို ငေးကြည့်နေသည်။

“ဆောရီး..ကိုကြေး..ခင်ဗျားက အိမ်ထောင်သည်ဖြစ်နေပြီပဲ….ကျွန်တော် ဒါတွေမပြောသင့်ပါဘူး..ဆောရီးဗျာ..ကျွန်တော်မှားသွားတယ်”

“ခင်ဗျားမမှားပါဘူး..ဖလောရင့်…ကျွန်တော်ပဲ အားလုံးမှားခဲ့တာပါ..ကျွန်တော်ပဲ မှားခဲ့တာ”

ညနေသည် ယစ်ရွှေရည်လမ်းဆုံထက်တွင် အလိမ့်လိမ့်ဖြင့် အရှိန်ရလာခဲ့ပြီဖြစ်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၆ ) >>>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>