သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)

0
3448
ABSDF- လက်မောင်းတံဆိပ် နမူနာများ

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃)

အပိုင်း -၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့)

အခန်း-၁၄-

(၁) ကော့မူးရာ (သို့) ABSDF ပထမအကြိမ်ညီလာခံ ကျင်းပတဲ့နေရာ

ကော့မူးရာ ခေါ် ဝမ်ခစခန်းဟာ မဲဆောက်မြို့ကနေ  မိနစ် ၃၀ လောက်ပဲ ကားမောင်းရပြီး ထိုင်းဘက်ကမ်း ဝမ်ခရွာအထိ လိုင်းကားတွေ တနာရီတစီးနှုန်း ပြေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ တံတားကြီး ၂ ခုက ဝမ်ခနဲ့ ကော့မူးရာ စခန်းကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဖောက်ထားတဲ့အတွက် မဲဆောက်ကလာတဲ့ အရေးကြီးကားတွေဟာ နာရီဝက်အတွင်း ကော့မူးရာစခန်းထဲအထိ ရောက်နိုင်တဲ့အနေ ထားဖြစ်ပါတယ်။

ဒီလို ဆက်သွယ်ရေးလွယ်ကူပြီး KNU အထူးတပ်ရင်း ၁၀၁ အခြေစိုက်တဲ့စခန်း ဖြစ်တာကြောင့် ABSDF ပထမ အကြိမ်ညီလာခံ ကျင်းပတဲ့နေရာ ဖြစ်လာတာလို့ ကျနော်ထင်ပါတယ်။

ပထမအကြိမ် ညီလာခံကို နိုဝင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကော့မူးရာမှာ ကျင်းပတာဖြစ်ပေမယ့် ABSDF ဆိုတဲ့အမည်ကိုတော့ အောက်တိုဘာလနှောင်းပိုင်းက သေဘောဘိုးစခန်းမှာ ကျင်းပတဲ့ ကရင်နယ်မြေရောက် ကျောင်းသားစခန်း ၅ ခုက ကိုယ်စားလှယ်တွေနဲ့ ဗကသ-ကိုယ်စားလှယ်တွေပါတဲ့ အစည်းဝေးကနေ စတင်ရွေးချယ်ခဲ့တာလို့ အဲဒီ အစည်းဝေးကိုတက်ခဲ့တဲ့ ကျောင်းသားတွေကပြောပါတယ်။

ဒါပေမယ့် ABSDF (All Burma Student’s Democratic Front) သို့မဟုတ် မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) အမည်နဲ့ ဗဟိုကော်မီတီ တရားဝင် ဖြစ်လာတာကတော့ ကော့မူးရာစခန်းမှာ ကျင်းပတဲ့ ပထမအကြိမ် ညီလာခံပြီးမှ ဖြစ်ပါတယ်။

မူလဖွဲ့စည်းစဉ်က ABSDF တပ်ဦးအမည်သာပါပြီး ကျောင်းသားတပ်မတော်ဆိုတဲ့ အမည်ကတော့ သံလွင်စခန်း အရေးပေါ်ညီလာခံ မတိုင်ခင်လေးမှာမှ ပေါ်လာတယ်လို့ သိရပါတယ်။ အနီရောင် နောက်ခံမှာ အဖြူရောင်နဲ့ရေးထားတဲ့ “ကျောင်းသားတပ်မတော်” အမည်စာတန်းကို ယူနီဖောင်း အင်္ကျီရဲ့ လက်ဝဲဘက် အကျီအိတ်ပေါ်မှာ တပ်ဆင်ပါတယ်။ ABSDF စာတန်းနဲ့ မြန်မာပြည်မြေပုံပါတဲ့ လက်မောင်းတံဆိပ်ကို လက်ဝဲပခုံးမှာ တပ်ဆင်ထားပြီး တပ်ရင်းနံပါတ်နဲ့ ဓား၊ လှံပုံပါတဲ့ တံဆိပ်ကိုတော့ လက်ယာပခုံးမှာ တပ်ဆင်ထားတာတွေ့ရမှာ ဖြစ်ပါတယ်။

ဓားနဲ့လှံရဲ့ အဓိပ္ပာယ်ကတော့ လက်နက်ကိုင် အနိုင်ကျင့်နေတဲ့ စစ်အစိုးရကို လက်နက်ကိုင်ပြီး ဓား-ဓားချင်း၊ လှံ-လှံချင်း ပြန်တော်လှန်မှရမယ်။ ၁၉၆၂ ဇူလိုင် ၇ ရက်မှာ ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖျက်ဆီးစဉ်က ဗိုလ်ချုပ်ကြီးနေဝင်းကနေ ကျောင်းသားတွေကို ဓား-ဓားချင်း၊ လှံ-လှံချင်းချေမှုန်းမှ ရမယ်ဆိုပြီး စိမ်ခေါ်ခဲ့ဖူးတဲ့အတွက် ဒီတံဆိပ်ကို သုံးတာလို့ သိရပါတယ်။

ပထမအကြိမ် ညီလာခံကျင်းပတဲ့ ဒီလို အရေးကြီးတဲ့နေရာကို ကျနော် ရောက်ဖူးချင်နေတာကြာပြီ ဖြစ်ပေမယ့် တကယ်တမ်း ရောက်ဖူးတာကတော့ ၁၉၈၉ ဇန်နဝါရီလ နှောင်းပိုင်းမှလို့ အမှတ်ရနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကလက်ဒေးစခန်းကနေ မဲဆောက်ဘက်ဆီ ကျနော်တို့ ရုံးရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဗိုလ်စိုးစိုးအိမ်မှာ သောင်တင်နေစဉ် ကော့မူးရာစခန်းက ကျောင်းသားစစ်သင်တန်းဆင်းပွဲတခုဆီ ဗိုလ်မှူးစိုးစိုးတို့အဖွဲ့နဲ့ အတူကျနော်ရောက်သွားတာလို့ ထင်ပါတယ်။

ကော့မူးရာစခန်း ဘောလုံးကွင်းထဲ ကျနော်ရောက်သွားချိန်မှာ စစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပနေပါပြီ။ နိုင်ငံတကာက သတင်းထောက်တွေ၊ ကင်မရာသမားတွေ အတော်များများ တွေ့ရပြီး သင်တန်းဆရာတွေထဲမှာလည်း KNU အပြင် အနောက်တိုင်း လူဖြူကွန်မန်ဒို တဦးနှစ်ဦးကိုပါ တွေ့ခဲ့ရပါတယ်။ ကားကြုံနဲ့လိုက်သွားတဲ့အတွက် အချိန်သိပ်မရလိုက်။ စခန်းတာဝန်ရှိသူတွေနဲ့ ခဏစကားပြောပြီး ပြန်လာခဲ့ရပါတယ်။

ကော့မူးရာဆီ ဒုတိယအခေါက် ကျနော်ရောက်တော့ ဖေဖော်ဝါရီနှောင်းပိုင်း အရေးပေါ်ညီလာခံအပြီးမှာလို့ ထင်ပါတယ်။ ၁၅ ဘတ်တန် လိုင်းကားအနီကို မဲဆောက်ကနေ ဝမ်ခအထိ စီးသွားပြီး ဝမ်ခ ဈေးတန်းနောက်ကျောဘက်ကနေ ကော့မူးရာစခန်းဆီ သွယ်တန်းထားတဲ့ သစ်တိုသစ်စ လက်လုပ်တံတားပေါ်ကနေ သောင်ရင်းမြစ်ကို ဖြတ်သွားရပါတယ်။

KNU စစ်ဆေးရေးဂိတ်မှာ ထူးထူးခြားခြား ကျနော်တွေ့မိတဲ့ ဆိုင်းဘုတ်ကြီးတခုကတော့ မူးယစ်ဆေးဝါးတွေ့ရင် ပြင်းထန်စွာအရေးယူမယ်လို့ အနီရောင်နောက်ခံ သွပ်ပြားဆိုင်းဘုတ်မှာ အဖြူရောင်စာလုံးကြီးကြီးနဲ့ သတိပေးထားတာပါ။

KNU စစ်ဆေးရေး ဂိတ်ကနေ ကျနော်တို့ ABSDF နယ်မြေရုံးဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်က နေအိမ်ဆီအသွား လမ်းတလျှောက်မှာ လက်ဖက်ရည်ဆိုင်၊ အချိုရည်ဆိုင်၊ ဗီဒီယိုရုံနဲ့ လူနေတဲအိမ်တချို့ကို တွေ့ရ ပါတယ်။ ကျနော်တို့ရုံးအဖြစ် သတ်မှတ်ထားတဲ့ အိမ်ကတော့ ကျွန်းသစ်အကြမ်းထည်နဲ့ ဆောက်ထားတဲ့ နှစ်ထပ် အိမ်လေးဖြစ်ပြီး ကျနော်တို့ မနေခင် ဘယ်သူတွေနေသွားလဲ ဆိုတာကိုတော့ မမှတ်မိတော့ပါ။

ကျနော်တို့ရုံးရှေ့မှာ ခန့်ညားထည်ဝါလှတဲ့ ကော့မူးရာ ဘုန်းကြီးကျောင်းကြီးကိုမြင်တော့ KNU မှာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူရှိသားပဲ၊ ငါတို့ မင်းသမီးဒေသမှာ ဘာကြောင့်များ ဘုန်းကြီးကျောင်း မရှိတာပါလိ့မ်လို့ စဉ်းစားမိပါတယ်။ အဲဒီဘုန်းကြီးကျောင်းရဲ့ အစွန်မှာတော့ နောက်ထပ်အဆောင်တခုကို တွေ့ရပြီး အဲဒီမှာ အသစ်ရောက်လာတဲ့ ရဟန်းပျိုအဖွဲ့က သံဃာတော် ၂ ပါးနဲ့ ကျောင်းသားတချို့ကို တွေ့ရပါတယ်။

ကျနော်တို့ရုံးအတွက် လိုအပ်တဲ့ရေကို သောင်ရင်းမြစ်အတွင်း သွားခပ်ရပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ အဲဒီလမ်းမှာ ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရတဲ့ KNU ၁၀၁ တပ်ရင်းက ဗိုလ်လှဝေရဲ့ အိမ်ကို တွေ့ရပါတယ်။ အဲဒီအိမ်နဲ့ သိပ်မဝေးတဲ့ ဘားတိုက်တခုမှာတော့ ၂၁၁ တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ကို တွေ့ရပါတယ်။

ဒီဘားတိုက်ဟာ ကျောင်းသားအင်အား ၁၃၀ ခန့်ထဲက ဘားအံဘက်ကလာတဲ့ ကျောင်းသား ၆၀ ခန့်အတွက်ဖြစ်ပြီး အဲဒီထဲမှာ ဦးယုနွယ်၊ ဦးရီထွန်း၊ ဦးစိုးထွတ် (အခုအထိ ABSDF ဗဟိုမှာ တာဝန်ထမ်းဆဲ) နဲ့ ဒေါက်တာ မြင့်ချို (နောက်ပိုင်း ဗဟိုအတွင်းရေးမှူး ၁၊ အခု သြစတြေးလျ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ) တို့ကို ကျနော်မှတ်မိနေပါတယ်။

နောက်ပိုင်း ပြန်သိရတာကတော့ ဒီအဖွဲ့တွေဟာ အယင်က ကလက်ဒေးစခန်းကဖြစ်ပြီး KNU အထူးတပ်ရင်း ၁၀၁ မှာ မွမ်းမံ စစ်သင်တန်းတက်ဖို့လာရင်းနဲ့ ကော့မူးရာအခြေစိုက် တပ်ရင်းဖြစ်သွားတာလို့ ဒီဆောင်းပါးရေးဖို့ မေးမြန်းစဉ် ဒေါက်တာမြင့်ချိုက ပြန်ပြောပြခဲ့ပါတယ်။ တခြား ဘားတိုက် ၂ ခုမှာ ရောက်နေသူတွေကတော့ သေဘောဘိုး စခန်းကနေ စစ်သင်တန်းတက်ဖို့ ရောက်လာသူတွေဖြစ်ပြီး ရန်ကုန်၊ မွန်ပြည်နယ်နဲ့ တခြား နယ်ပေါင်းစုံက ပါဝင်တယ်လို့ သိရပါတယ်။

—————-

(၂) ကျိုးဖိုး၊ ကျည်ခွံနဲ့ ကျွန်းသစ်

နယ်မြေကော်မီတီ အတွင်းရေးမှူး ကိုခင်မောင်စိုးနှင့် စာရေးသူအား ကောမူရာရုံးခန်းရှေ့ တွေ့ရစဉ်။

အဲဒီ ဘားတိုက်တွေနဲ့ပတ်သက်ပြီး အခုအထိ ကျနော်မျက်စိထဲ မြင်နေတဲ့ ထူးခြားချက်တခုကတော့ ကျောင်းသား ၁၀၀ ကျော်အတွက် ထမင်းချက်တဲ့ မိုးပြဲဒယ်အိုးကို ကျနော်တို့ မောင်တော်စခန်းမှာလို အုတ်တွေ၊ ကျောက်တုံးတွေပေါ် တည်ထားတာမဟုတ်ဘဲ လက်နက်ကြီး ကျဉ်ဆံအခွံ ၃ ခုနဲ့ထောက်ပြီး တည်ထားတဲ့မြင်ကွင်းပါ။

၅၇-မမ လောင်ချာ ကျည်ဆံအခွံလို့ ယူဆရပြီး အမြင့် တပေခွဲ၊ အချင်း ၃ လက်မလောက်ရှိပါတယ်။ ဘေးပတ်လည်မှာ အပေါက် သေးသေးလေးတွေပါပြီး အဲဒီကျည်ခွံရဲ့ ထိပ်ဖူးဘက်ကို မြေထဲစိုက်၊ မောင်းတံရိုက်တဲ့ ဖင်ပိုင်းကို အပေါ်ထောင်ကာ အဲဒီအပေါ် မိုးပြဲဒယ် ထမင်းအိုးကြီး တည်ထားတဲ့ပုံကို အခုအထိ ကျနော် မြင်ယောင်နေဆဲဖြစ်ပါတယ်။

နောက်တခါ မီးထိုးထားတဲ့ ထင်းတွေကိုလဲ ကြည့်ပါဦး၊ အားလုံးကျွန်းသစ်တွေ။ သစ်စက်က ထွက်လာတဲ့ သစ်တိုသစ်စတွေနဲ့ ကျွန်းသစ် အကိုင်းအခက်တွေ။ ကျွန်းပင်ဆိုတာ ရွှေထက်ရှားတဲ့ ပစ္စည်းတခုလိုလို ကျောင်းစာအုပ်ထဲမှာသာ သင်ခဲ့၊ စာအုပ်ထဲမှာသာ မြင်ခဲ့ဖူးတဲ့ ကျနော့်အဖို့တော့ ကျွန်းသစ်ထင်းနဲ့ ထမင်းချက်နေတဲ့မြင်ကွင်းဟာ တကယ့်ကို အထူးအဆန်းပါပဲ။

ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၈၉ သင်္ကြန်ကို ကော့မူးရာမှာနွှဲလိုက်ရပြီး အဲဒီအချိန်အထိ ကော့မူးရာကနေ ရေကျော်စခန်းအထိ KNU ကားတွေသွားလာနေဆဲ။ ကျနော်ကိုယ်တိုင်လည်း KNU ကားကြုံနဲ့ ရေကျော်ကနေ ကော့မူးရာကို တခေါက် ဝင်ဖူးပါတယ်။ ရေကျော်စခန်းဟာ တပ်မဟာ ၇ အောက်မှာရှိပြီး ဗိုလ်ဂျော်ဖြူ၊ ဗိုလ်ဂျော်နီတို့ အလွန်နာမည်ကြီးတဲ့အချိန် ဖြစ်ပါတယ်။

ကော့မူးရာကတော့ KNU ဗဟိုရဲ့ အထူးတပ်ရင်း ၁၀၁ နေရာဖြစ်ပြီး တပ်ရင်းမှူးက ဗိုလ်မှူးကြီး တောလှ၊ ဒု တပ်ရင်းမှူးက ဒု ဗိုလ်မှူးကြီးသန်းမောင်ဖြစ်ပါတယ်။ ဗိုလ်မှူး တောလှရဲ့နေအိမ်ဟာ ကျွန်းပင်တွေကြားမှာတည်ရှိပြီး ကျနော်တို့ရုံးရှိရာ ဘုန်းကြီးကျောင်းနားကနေ မိနစ် ၂၀၊ နာရီဝက်နီးပါး လမ်းလျှောက်သွားရပါတယ်။

KNU တပ်ရင်းရုံးနဲ့ တခြား စစ်ဖက်အဆောက်ဦတွေကိုလည်း သူအိမ်ဝန်းကျင်မှာ တွေ့ရပါတယ်။  နောက်တခါ ထူးထူးခြားခြား ဘရင်းကယ်ရီယာ အဟောင်းတစီးကိုလည်း ဗိုလ်မှူးတောလှ အိမ်နဲ့ မလှမ်းမကမ်းက ဂိုဒေါင်ထဲမှာ အသေချာ သိမ်းထားတာကို တွေ့ခဲ့ရပါသေးတယ်။ ကောမူးရာမှာ တပတ်၊ ၁၀ ရက်လောက် နေပြီးတော့ တခြားတာဝန်တခုအတွက် ကျနော်ဟာ မဲဆောက်ရုံးဆီ ပြန်လာခဲ့ရပါတယ်။

————————–

(၃) တိုက်ပွဲတွင်းက ခရီးသည်

ကောမူးရာစခန်း သင်တန်းဆင်းပွဲက ABSDF ရဲဘော်အချို့။

ကော့မူးရာစခန်းဆီ တတိယအခေါက် ကျနော်ရောက်တော့ မေလနှောင်းပိုင်းလို့ ထင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်နေတဲ့အချိန်၊ ကော့မူးရာစစ်မြေပြင်ရှိ ဥက္ကဋ္ဌ ကိုကျော်ကျော်နဲ့ နယ်မြေရုံးအဖွဲ့သားတွေအတွက် ဘာလချောင်ကြော်နဲ့ တခြားစားစရာတွေကို သွားပေးဖို့ မဲဆောက်မြို့ကနေ ၁၅ ဘတ်တန် လိုင်းကားအနီးလေးကိုစီးပြီး ကျနော် ထွက်လာပါတယ်။

မဲဆောက်-မယ့်စရိယန် လမ်းမကြီးကနေ မယ်ပ လမ်းချိုးကိုကျော်၊ ဟွေးခလုတ်ဒုက္ခသည် စခန်းဝန်းကျင်ရောက်တော့ လိုင်းကားက ရပ်လိုက်ပါတယ်။ ကျနော်တို့ မဲဆောက်ဘက်ရောက်တဲ့ ၁၉၈၈ ခုနှစ်ကတည်းက (၈-လေးလုံးမတိုင်ခင်ကတည်းက) ဟွေးခလုတ်ရွာမှာ ဒုက္ခသည် စခန်းကြီးရှိနေတာကို တွေ့ရပြီး ဒုက္ခသည် ၅ ထောင်လောက်ရှိမယ်လို့ ထင်ပါတယ်။ အခင်းအကျင်းကတော့ အခု နိုဖိုးစခန်းနဲ့ တူပါတယ်။

“ရှေ့ဆက်သွားဖို့ မလွယ်ဘူး။ ထိုင်းဘက်ကမ်းထဲအထိ လက်နက်ကြီးတွေကျနေတယ်” လို့ ကားသမားက ထိုင်းတဝက် ဗမာတဝက်နဲ့ ပြောပါတယ်။ ဟုတ်ပါတယ်။ ကျနော်နဲ့ ခရီးသည်တွေ ကိုယ်တိုင်လည်း လက်နက်ကြီးပေါက်ကွဲသံတွေကို ကြားနေရပါတယ်။ သွားလို့ရသလောက် ဆက်သွားပေးဖို့ ကားသမားကိုပြောတဲ့ အခါမှာတော့ ဒုက္ခသည်စခန်းရှေ့က ရွာအထိ မောင်းလာပြီး အဲဒီအရောက်မှာ ထိုင်းစစ်တပ်က ကားလမ်းကိုပိတ်၊ ၁၀၅ မမ အဝေးပစ် အမြောက်ကြီးတွေနဲ့ နဝတ တောင်ကုန်းဘက်ကို သတိပေး ပစ်ခတ်ဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။

ကျနော်လည်း ဘာလုပ်ရမှန်း မသိ။ အဲဒီကာလက အခုခေတ်လို လက်ကိုင်ဖုန်းကလည်း မတွင်ကျယ်သေး၊ လမ်းဘေးဖုန်းကလည်း မရှိသေးတဲ့အတွက် မဲဆောက်ရုံးကို ဘယ်လိုမှ ပြန်ဆက်သွယ်လို့မရ။ ကော့မူးရာစခန်းတွင်းရှိ ကိုကျော်ကျော်တို့ဆီ ဝေါ်ကီတော်ကီနဲ့ ဆက်သွယ်နိုင်မလားဆိုပြီး နည်းလမ်းရှာကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အဲဒီလို ရှေ့ဆက်ရမလား၊ နောက်ဆုတ်ရမလား စဉ်းစားမရဖြစ်နေချိန်မှာ ကော့မူးရာစခန်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ဖူးတဲ့၊ ကျနော်တို့ ကျိုးဖိုးတွေနဲ့ အလွန်ရင်းနှီးတဲ့ အမိုး (ဒေါ်ရွှေလို့ ခေါ်တယ်ထင်ပါတယ်) တို့မိသားစုကို အနီးနားက အိမ်တလုံးပေါ်မှာ ကျနော်တွေ့လိုက်ရပါတယ်။ အမိုးကို အကူအညီတောင်းကြည့်တော့ “ဒီလောက် တိုက်ပွဲတွေဖြစ်နေတာ ဘယ်လိုသွားမလဲ။ ဒီည ဒီမှာအိပ်ပြီး မနက်ဖြန်မှ အခြေနေ ကြည့်ကြည့်ပေါ့” လို့ အကြံပေးပါတယ်။

ကျနော်ကလည်း မရဘူး၊ ဟိုမှာ ကျနော့်လူတွေ စောင့်နေတယ်။ သွားလို့ရရင် ဒီညနေ သွားချင်တယ်ဆိုတော့ အနီးနားရှိ အရပ်ဝတ် KNU အရာရှိတဦးနဲ့ ကျနော့်ကို မိတ်ဆက်ပေးပါတယ်။ “မင်း ကရင်လို ပြောတတ်လား” ဆိုပြီး အဲဒီအရာရှိက မေးရင်းနဲ့ ကျနော်ရဲ့ ID တွေကိုစစ်၊ ဟိုမေး ဒီမေးလုပ်ပါတယ်။ ကျနော်ကလည်း ကရင်စကားကို ဝါလဲဂေး၊ ဟာလဲဂေးထက် ပိုမပြောတတ်သေး။

ဒီတော့ ထိုင်းလိုရော ပြောတတ်လားလို့ သူက ဆက်မေးပါတယ်။ ထိုင်းစကားကိုလည်း စဝါဒီခပ်၊ စဘိုင်ဒီမိုင် ထက်ပိုမပြောတတ်သေးတဲ့ခါမှာတော့ သူကျနော်ကို အတော်စိတ်ပျက်သွားပုံ ရပါတယ်။

နောက်ဆုံးမှာတော့ “မင်းဘာစကားမှ မပြောဘဲ ငါတို့နောက်သာလိုက်ခဲ့။ တိုက်ပွဲအရှိန်နည်းနည်း လျော့ရင် သွားမယ်” လို့ KNU အရာရှိက ကျနော်ကို ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း အမိုးတို့တည်းနေတဲ့အိမ်ပေါ်မှာ ခဏနား၊ ပါလာတဲ့ ပစ္စည်းတွေထဲက လိုအပ်သလောက်ကိုပဲ ခွဲယူ၊ စစ်မြေပြင်ဆီသွားဖို့ အဆင်သင့်ပြင်ရပါတယ်။

အဆင်သင့်ပြင်တယ်ဆိုလို့ ကျနော်မှာ ကျောပိုးအိတ်တောင် မပါဘူး။ ဘာလချောင်ကြော်နဲ့ တခြားအကြော်အလှော်တွေ ထည့်လာတဲ့ ပလစတစ်အိတ်တလုံးနဲ့ အဝတ်တထည် ကိုယ်တခုမျှသာ။ ညနေ ၄ နာရီကျော်ကျော်မှာတော့ တိုက်ပွဲအရှိန် နည်းနည်းငြိမ်သွားတဲ့အတွက် ကျနော်တို့ရဲ့ခရီးစဉ်ကို စတင်ပါတယ်။

ဝေါ်ကီတော်ကီကိုင်တဲ့ ဆရာတဦးရယ်၊ နောက် ကရင်စစ်သားလား၊ ရွာသားလား မသိတဲ့ ၂ ဦးရယ်၊ ကျနော်ရယ် ပေါင်း ၄ ဦးဟာ ကော့မူးရာနဲ့ ၃ မိုင်လောက်ဝေးတဲ့ အဲဒီ ထိုင်းစစ်တပ် ရှိတဲ့နေရာကနေ ဝမ်ခရွာကိုရှောင်၊ တောအုပ်လေးအတိုင်း ချုံတိုးပြီး တနာရီနီးပါး လမ်းလျှောက်လိုက်ရပါတယ်။

ဝေါ်ကီတော်ကီဆရာမှာ ပစ္စတိုသေနတ် ပါကောင်းပါနိုင်ပေမယ့် ကျန် ၂ ဦးဆီမှာတော့ တောခုတ်ဓား တလက်စီကိုသာ ကျနော်တွေ့ရပါတယ်။ မောင်ကျိုးဖိုးစစ်သားကြီး ကျနော်ဆီမှာတော့ ဘာလချောင်အထုပ် တခုသာပါတဲ့အတွက် စစ်သားနဲ့မတူဘဲ ပေါ်တာနဲ့ ပိုတူနေမလားပဲ။

……………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅) >>>>>

ထက်အောင်ကျော်