လောင်းလုံး ဝဗျောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
4224

လောင်းလုံးမြို့နယ် ဝဗျောရွာတွင် နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီခန့်က အသက် ၃၅ နှစ်ရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ‌ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သော ကိုဖြိုးဆိုသူဖြစ်ပြီး ဝဗျောရွာတွင်ရှိသော ယောက္ခမဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူက သူ့ဇနီးဘက်က ဆွေမျိုးတစ်ယောက်ရဲ့ အလှူရှိလို့ ရွာမှာ ရောက်နေတာ လေးငါးရက်လောက်ရှိပြီ။ ဘာကြောင့် ပစ်သတ်ခံရတာဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ကိုဖြိုးဆိုသူအား Dawei Defense Team-DDT တပ်ခွဲ (၃) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က နိုဝင်ဘာလ ၁၆ ရက်ညတွင် ထုတ်ပြန်ထားသည်။

ကိုဖြိုးဆိုသူသည် ထားဝယ်ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူ ဦးကြည်လွင် သတ်ဖြတ်ခံရမှုတွင် ၎င်းကိုယ်တိုင်လမ်းပြပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ဝဗျောရွာသူ ဒေါ်ခင်ချို သတ်ဖြတ်ခံရမှုတွင်လည်း ၎င်းကပင် လမ်းပြခေါ်ဆောင်လာပြီး စစ်ကောင်စီ တပ်သားများကို သတင်းပေးပို့ခြင်းကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။