ခေါဇာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

0
3627

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေးမြို့နယ် ခေါဇာမြို့တွင် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ညက လူနေရပ်ကွက်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အသက် ၆ နှစ်အရွယ်ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။

“ပစ်နေတာ နှစ်ညဆက်တိုက်ရှိနေပြီ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

ခေါဇာမြို့တွင်  စစ်ကောင်စီ၏ ခလရ တပ်ရင်း ၃၁ အခြေစိုက်စခန်းရှိပြီး ယင်းစခန်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

လူနေရပ်ကွက်အနီး လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး လူထိခိုက်မှုပါရှိလာသည့်အတွက် ဒေသခံတို့အကြား စိုးရိမ်ကြောက်ရွံ့နေကြသည်။

“ကျွန်မတို့ နေ့ရော ညရော ကြောက်နေရတယ်၊ အခြေအနေ မကောင်းရင် ထွက်ပြေးရမလား မသိတော့ဘူး” ဟု ခေါဇာမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ခေါဇာမြို့တွင် ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ခေါဇာမြို့ရဲစခန်း တိုက်ခိုက်ခံရသည့်အပြင် စခန်းမှူးနှင့် ရဲတပ်သားနှစ်ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံး၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။