အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
799

အခန်း(၁၀)

“ကျွန်တော့် နာမည် မိုးကျော် ပါ…ပန်းဆိုးတန်းဆိပ်ကမ်းမှာ အခွန်ကောက်ပါတယ်”

“သြော်…အကောက်အခွန်က အရာရှိကို..အဲ့ဒီညက သမီးတို့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…မောင်ရင်”

ကြေးမုံက ရုတ်တရက်အကောက်အခွန်အရာရှိဖြစ်သွားသော မိုးကျော်ကိုတလှည့်..စီစီအမေ ဒေါ်ရှုတီ ကို တလှည့်ကြည့်သည်။

“ဒါနဲ့ စီစီကို အန်တီ”

“စီစီ ကျောင်းသွားတယ်လေ….နေ့လည်ပိုင်း ပြန်လာမယ်လို့တော့ပြောတယ်”

“သြော်..ဟုတ်တဲ့..ဦးကိုလည်း ကျွန်တော်လာလည်သွားတယ်လို့ ပြောပေးပါဦး..ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး”

မိုးကျော် က နှုတ်ဆက်ပြီး ပြန်ရန်ပြင်သည်။ ကြေးမုံလည်း လိုက်ထသည်။

ဒေါ်ရှုတီ က ခြံအဝအထိ လိုက်ပို့သည်။

ကြေးမုံက မိုးကျော် ဆိုင်ကယ်နောက်မှ ခွလိုက်သည်။

“ကဲ..အကောက်အခွန်က အရာရှိမင်း..ကောင်မလေးနဲ့မတွေ့ရတာနဲ့ သောက်ရမ်းတော့မမောင်းနဲ့နော်”

“ဟေ့ကောင်..ငကြေး…အဖွားကြီးကြားသွားဦးမယ်”

ဆိုင်ကယ်က အောက်ကြည်မြင့်တိုင်လမ်းမဘက်ချိုးကွေ့လိုက်သည်။

တနေရာတွင် အရောက်တွင် မိုးကျော်က ဆိုင်ကယ်ကို ထိုးရပ်လိုက်၏။

“ကဲ…ငကြေး..မင်းဒီကနေ မြေနီကုန်းကို ပြန်တော့”

“ဘာလဲ..ကိုမိုးကျော်..ခင်ဗျားပဲ လာခေါ်တုန်းက ခေါ်ပြီး လိုက်ပို့ဦးလေဗျာ”

“ကိုယ့်ဟာကိုယ် ပြန်ကွာ….ဟိုမှာ တွေ့လား”

မိုးကျော် က လမ်းဘေးတစ်နေရာသို့ လက်ညှိးထိုးပြသည်။

လွယ်အိတ်ကိုလွယ်လျက် ထမင်းချိုင့်ကို ကိုင်ခါ လမ်းလျှောက်လာသော စီစီ။

“ငါ စီစီကို လိုက်ပို့လိုက်ဦးမယ်”

“သူ့အိမ်က ဒီနားလေးတင်ကို..သူ့ဟာသူ ပြန်ပါစေလားဗျာ”

ကြေးမုံ စကားမဆုံးလိုက် မိုးကျော်၏ ဆိုင်ကယ်က ဝူးခနဲ မောင်းထွက်သွားတော့သည်။

“ဒီလူတော့ တဏှာရူးပြီ”

ကြေးမုံက ပြောပြောဆိုဆိုနှင့် ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်လာလိုက်သည်။

“ရှမ်းလမ်း ရွှေမန်း မြေနီကုန်း”

ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာသဖြင့် ကြေးမုံက ပြေးတက်လိုက်သည်။

မြို့ထဲဘက်မှ ထွကလာသောကားဖြစ်သဖြင့် လူက ကြပ်သိပ်နေ၏။

ကြေးမုံက သူလွယ်နေကျ ကချင်လွယ်အိတ်ကို စလွယ်သိုင်းပြောင်းလွယ်လိုက်ပြီး ကားတန်းတစ်ခုကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

ဗားဂရာချောက်ကို ကျော်လာသောအခါ သူ့လွယ်အိတ်ကို တစ်စုံတစ်ခုနှင့် ထိုးခွဲနေသည့် အသံကို သတိထားမိလိုက်သည်။

ခါးပိုက်နှိုက်လောက၏ ဘုရင်ကို ခါးပိုက်လာနှိုက်နေသည့်အဖြစ်။

ကြေးမုံက လက်ကို အသာလျှိုလိုက်ပြီး လွယ်အိတ်ထဲရောက်နေသော လက်မှ လက်ကောက်ဝတ်ကို အားနှင့် ဖိညှစ်ကာ ရှေ့တိုးလိုက်သည်။

ရှမ်းလမ်းမှတ်တိုင်အ‌ရောက်တွင် ကြေးမုံက လွယ်အိတ်ထဲတွင် မိထားသော လက်ကို မလွှတ်ပဲ ကားပေါ်မှ ဆင်းသည်။

နောက်မှ လူလည်း ကြေးမုံနောက်တွင် တန်းလန်းပါလာ၏။

“ရှင်လွှတ်နော်..ကျွန်မ ဓါးနဲ့ထိုးမှာ”

မိန်းကလေးတစ်ယောက်။

ဆံပင်အဖျားကို ခပ်လိပ်လိပ်ကောက်ထား၏။ အသားညိုညို ၊ နှုတ်ခမ်းဖူးဖူးလေးများ။

ရင်ဖုံးအင်္ကျီအဖြူရောင်နှင့် ထမီအဝါ။ ဆလင်းဘတ်အိတ်နှင့်။

ကြေးမုံ၏ လွယ်အိတ်ထဲတွင် သူ့လက်တစ်ဖက်။

“ညည်းက ငါ့ကို ဘာကောင်ထင်နေတာလဲ”

ကြေးမုံက ဖိဟောက်လိုက်သဖြင့် အမျိုးသမီးမှာ မျက်လုံးကလေးဝိုင်းသွားသည်။

“ကျွန်တော် မှားပါတယ်..ကျွန်တော့်ကို လွှတ်ပေးပါနော်”

“အံမယ်..ခါးပိုက်နှိုက်မိတာကို ငါကလွှတ်ပေးစရာလား..ဓါးနဲ့ထိုးမယ်လို့လည်း ခြိမ်းခြောက်သေးတယ်”

ဘေးမှလူအချို့က သူတို့ အခြေအနေကို သတိထားမိသွားသည်။

“ကဲ..ဒီအချိန် ငါ ခါးပိုက်နှိုက်လို့ အော်လိုက်ရင် မင်းဘာဖြစ်သွားမယ်ထင်လဲ…အသံတိတ်ပြီး လိုက်ခဲ့ရင်ကောင်းမယ်”

ကြေးမုံ က ခါးပိုက်နှိုက်မလေးအား ခပ်လှမ်းလှမ်းသစ်ပင်ရိပ်အောက်သို့ ခေါ်သွားသည်။

ထို့နောက် ဆုတ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်သည်။

“ပြေးမယ်တော့ မကြံနဲ့နော်..ဒီနေရာက ငါ့နယ်..မင်းဘယ်ပြေးပြေးမလွတ်ဘူး..နင်ဘယ်သူ့ဂွင်ကလဲ ပြောစမ်း”

ကောင်မလေးက မဖြေသေးပဲ ကြေးမုံဆုပ်ကိုင်ထားခြင်းခံခဲ့ရသော သူ့လက်ကောက်ဝတ်ကို ပွတ်သပ်နေသည်။

ကြေးမုံက ဓါးဖြင့်ခွဲခံထားရသော သူ့လွယ်အိတ်ကို သေချာကြည့်သည်။

“အံမယ်..လက်ရာက ဘယ်ဆိုးလို့တုန်း..ပြောစမ်း..ဘယ်သူ့ဂွင်ကလဲ..နင်ငါ့ကိုတောင် မသိဘူးလား”

“မသိဘူး”

“ကိုကြေးမုံ…..အဲ့ဒါ အဆင့် ကလေးမပါ..အဆင့်ဆီကပါ”

ထိုအချိန်တွင် အနောက်မှ အသံတစ်ခုထွက်လာသည်။

ခါးပိုက်နှိုက်လောကတွင် အဆင့် ဟု ခေါ်ကြသော ကျော်ကျော်ဆင့်။

တကိုယ်တော်လှုပ်ရှားတတ်သော မိန်းမလျာခါးပိုက်နှိုက်တစ်ဦး။ ရန်ကုန်အထိုင်ထက် မြန်မာပြည်အနှံ ဆယ့်နှစ်ပွဲ စျေးများတွင် လှုပ်ရှားသည်က များသည်။

အထူးသဖြင့် တောင်ပြုန်းပွဲတော်သည် အဆင့် ကြက်စားရာ။

“သြော်..အဆင့်…နင်တို့က ဂွင်ကျော်လှချည်လား..ဒါ ငါ့နယ်လေ..နည်းနည်းပါးပါး ငါ့ကို အသိပေးဝင်လေ”

“အဆင့် ကိုစိုးရကို မနက်က ပြောလိုက်ပါတယ်..ကိုစိုးရ က ကိုကြေး ကို မပြောရသေးတာထင်ပါတယ်..တောင်ပြုန်းပွဲတုန်းကလည်း အလုပ်က အရမ်းမဖြစ်လိုက်လို့ အခုအရမ်းကြပ်လွန်းလို့ လုပ်လိုက်တာပါ…တောင်းပန်ပါတယ်ရှင်”

“အေး..ဟုတ်ပြီ…..ဒါက ဘယ်သူတုန်း”

“သူက မြိုင်ပါ….တောင်ပြုန်းက အဆင့် ခေါ်လာတာ”

“ခါး ပဲလား”

“ရေကျော်က မိုးဝင်း မိန်းမပါ…မိုးဝင်းက တောင်ပြုန်းမှာ လူမိသွားပြီး ဝိုင်းရိုက်ခံရလို့ သေပြီ…သူ ဒုက္ခရောက်နေလို့ အဆင့်လိုင်းထဲ ခေါ်သွင်းပြီး လုပ်ခိုင်းထားတာပါ..ကိုကြေး”

“မိုးဝင်းက ဆုံးသွားပြီလား…ပြီးခဲ့တဲ့ ခြောက်လလောက်က ငါ့ဆီ ပစ္စည်းလာသွင်းသေးတယ်..အဲ့ဒီတုန်းကထိ အိမ်ထောင်မကျ‌သေးပါဘူး”

“ဟုတ်ပါတယ်…ပြီးခဲ့တဲ့ တောင်ပြုန်းပွဲကမှ မန္တလေးကနေ ခိုးပြေးလာတာ.. ကောင်မလေးက မိဘလည်းမရှိဘူး..မွေးစားမိဘတွေနဲ့နေတာဆိုတော့…..အခု မိုးဝင်းက အသတ်ခံလိုက်ရတော့.. မွေးစားမိဘဆီလည်းမပြန်ချင်တော့ အဆင့်ပဲခေါ်လာရတာ…ကိုမိုးဝင်းက ဟိုမှာရှိတုန်းက သူ့ကို ဓါးခွဲလေး သင်ပေးထားတော့ ဒီနေ့ အဆင့်က နောက်ကျားလုပ်ပြီး သူ့စမ်းသုံးကြည့်တာ…အဲ့ဒီမှာ ကိုကြေး နဲ့ တွေ့တာပါပဲ…သူလည်း.ကိုကြေးမှန်း မသိလို့ပါ..ကိုကြေးရယ်”

မြိုင် ဆိုသည့် ကောင်မလေးက ကြေးမုံ

နှင့် အဆင့် ပြောနေသည်များကို မျက်လုံးအပြူးသားလေးဖြင့် ငေးကာ လိုက်နားထောင်နေ၏။

“ကဲ..မမြိုင်..ကိုကြေးကို တောင်းပန်လိုက်လေ”

ကောင်မလေးက ရှေ့သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တက်လာသည်။

“ကျွန်တော်..ကျွန်တော်..တောင်းပန်ပါတယ်..ဟို..ဟို..ကို..ကြေး”

ကြေးမုံက ရယ်လိုက်သည်။

“ဓားခွဲပုံခွဲနည်းကတော့ သဘောကျပါတယ်..ဒါပေမယ့် အသံမထွက်အောင် ဆွဲချတတ်ဖို့က လိုသေးတယ်…တော်သေးတာပေါ့..ငါနဲ့တွေ့လို့..တခြားသူနဲ့ဆို မန္တလေးသူတော့ ရဲစခန်းကို တန်းနေတာပဲ..ဟဟ.. ကဲ.အဆင့်..သွားတော့…အလုပ်ကို သတိထားလုပ်ကြစမ်းဟာ”

“ဟုတ်ကဲ့..ကိုကြေး”

အဆင့်နှင့် မြိုင်တို့က ကြေးမုံကို နှုတ်ဆက်ပြီးထွက်သွား၏။

ကြေးမုံက မြိုင်၏ နောက်ကျောကို ငေးရင်း ကျန်ရစ်သည်။

သူ့ကို ဆိုင်ကယ်ဖြင့် လိုက်မပို့တော့ပဲ စီစီနောက် လိုက်သွားသည့် ကိုမိုးကျော်ကိုပင် ကျေးဇူးတင်သလိုလိုဖြစ်သွား၏။

………………………………..

တော်လှန်ရေးကောင်စီခေတ် ရုပ်ရှင်ရုံ

“ကြေးမုံ..ငါ့ကို ကူညီပါဦးကွာ..စီစီတို့သူငယ်ချင်းတွေ သွင်ရုံမှာ နေ့လည်ပွဲ ဂျိမ်းစ်ဘွန်းကား ကြည့်ချင်လို့တဲ့…အဲ့ဒါ မင်း နည်းနည်း လိုက်စောင့်‌ရှောက်ပေးလိုက်ပါဦး…သူတို့ မိန်းကလေးတွေချည်းမို့..ငါ့ကိုခေါ်တာ..ငါလည်း ဆိပ်ကမ်းမှာ လုပ်စရာလေးတစ်ခုရှိနေလို့”

“ဟာ ကိုမိုးကျော်ကလည်း လုပ်ပြန်ပြီ”

“ကူညီပါကွာ..လက်မှတ်ဝင်တိုးပေးရုံပါပဲ..မိန်းကလေးတိုးတာထက် ယောက်ျားလေးတိုးတော့ ပိုအဆင်ပြေတာပေါ့”

“ဘယ်နှစ်နာရီပွဲလဲ”

“နေ့ခင်း ၁၂ ခွဲပွဲ”

“မှောင်ခိုရရင် ကျွန်တော် မှောင်ခိုဝယ်ပေးလိုက်မယ်”

“အေး..မင်းသဘောပဲ.အဆင်ပြေဖို့အဓိကကွာ”

နေ့လည် ၁၁ နာရီတွင် ကြေးမုံက မွှေးနီကို ခေါ်ကာ သွင်ရုံသို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့သည်။

ပြည်သူပိုင်သိမ်းပြီးဖြစ်သော ရုပ်ရှင်ရုံတို့တွင် မှောင်ခိုလက်မှတ်ကိုသာ အားကိုးနေခဲ့ကြရသည်။

သာမန်ရုပ်ရှင်ကြည့်လိုသူများအဖို့သွားတန်းစီလျှင်ပင် နှစ်နာရီခန့် ကြိုတင်တန်းစီရလေ့ရှိသည်။

ဆယ့်ငါးမိနစ်နေမှ ခြေတစ်လှမ်းရွေ့သော ထိုလူတန်းကြီးထဲတွင် မိန်းကလေးများပါလာပါကလည်း မစားသာလှ။ ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်သည်။

နှစ်နာရီခန့် ဝင်တန်းစီပြီး ကိုယ့်အလှည့်ရောက်ခါမှ လက်မှတ်ကုန်သည်နှင့်တိုးလျှင်တော့ ခဲလေသမျှ သဲရေကျ။

ထို့ကြောင့် မှောင်ခိုသမားများကို အားကိုးရသည်။

မှောင်ခိုလက်မှတ်ကား လေးကျပ်တန်းကို တစ်ဆယ်ကျပ်၊ ငါးကျပ်တန်းကို ဆယ့်ငါးကျပ် စသဖြင့် စျေးပိုတင်ပေးရလေ့ရှိသည်။

ကြေးမုံ သွင်ရုံရှေ့သို့ ရောက်သောအခါ စီစီနှင့် သူသူငယ်ချင်းနှစ်ယောက်ကို ကြံရည်ဆိုင်နဘေးတွင် တွေ့လိုက်ရသည်။

“ဆောရီး..မစီစီ..ကျွန်‌တော်နည်းနည်းနောက်ကျသွားတယ်”

ကြေးမုံက ဘေးပတ်လည်သို့ မျက်စိ ကစားလိုက်သည်။

ကြံရည်ဆိုင်တွင် ထိုင်နေသော အသားမဲမဲလူတစ်ယောက်။

သူက ကြေးမုံနှင့်စီစီတို့အုပ်စုကို အကဲခတ်နေသည်။ ကြေးမုံက မှောင်ခိုသမားမှန်း ချက်ချင်းသိလိုက်ပြီး မျက်ရိပ်ပြလိုက်သဖြင့် သူက ထလာသည်။

“လက်မှတ်လား ညီလေး….ငါးကျပ်တန်းဒီစီက ရဦးမယ်”

“တစ်စောင်ဘယ်လောက်လဲ”

“မင်းတို့ဘယ်နှစ်ယောက်လဲ”

“ဒီက အမသုံးယောက်”

“ခြောက်ဆယ်ပဲပေးသွားကွာ”

ကြေးမုံက သူ့ အိတ်ထဲမှ ပိုက်ဆံကိုထုတ်လိုက်သည်။

ထိုအချိန်တွင် စီစီက သူ့လက်ကို ဝင်တွန်းထားလိုက်၏။

“မပေးနဲ့..ငါ့မောင်..အမတို့ ပေးမယ်..ဒီမယ်…ငါးကျပ်တန်းကို တစ်စောင်နှစ်ဆယ် ရောင်းတာတော့ ရှင်တို့ မှောင်ခိုတွေလွန်တာပေါ့..ဆယ့်ငါးကျပ်ပဲ ပေးမယ်”

“မကြည့်ချင် မကြည့်နဲ့လေ… စျေးသက်သက်သာလိုချင်ရင် အစောကြီးကတည်းက လာတန်းစီကြပါလား”

“ဟဲ့..လာတန်းစီလည်း လက်မှတ်တဝက်လောက်က နင်တို့ မှောင်ခိုစျေးထဲ ရောက်နေတာ..နင်တို့ မှောင်ခိုသမားတွေ စောက်အမြတ်ကြီးစားလွန်းလို့ပြောနေတာဟေ့”

“စကားပြောတာ လူပါးလာမဝနဲ့..ကောင်မတွေ..ငါ့နာမည်သောင်းတင်တဲ့..ဒီမှာကြည့်..နင်တို့ကို ရောင်းမယ့်အစား..ဒီမှာ..ဒီမှာ”

မှောင်ခိုသမားသောင်းတင်က အိတ်ကပ်ထဲမှ မီးခြစ်ကို ထုတ်ကာ ဒီစီလက်မှတ်သုံးစောင်အား မီးရှို့ပစ်လိုက်သည်။

အခြေအနေကို အကဲခတ်နေသော မှောင်ခိုသမား သုံးလေးဦးက နောက်မှ ရောက်လာသည်။

“သြော်..ငါတို့နဲ့ စုံတွဲအတူတူကြည့်ချင်တယ်ဆိုရင်တော့ ရမယ်နော်..ကောင်မတွေ…ဟင်းဟင်း”

မှောင်ခိုသမားက မခိုးမခန့်ရယ်လိုက်သည်။

စီစီမှာ ဒေါသထွက်လွန်းသဖြင့် မှောင်ခိုသမားအား ထီးဖြင့် ရိုက်ရန် ရွယ်လိုက်သည်။

ကြေးမုံက စီစီနှင့် သောင်းတင်ကြား ဝင်ရပ်လိုက်သည်။

“အမ..စိတ်လျော့လိုက်ပါ..လာလာ…ဒီဘက် ကျွန်တော် ရအောင် ဖန်တီးပေးပါမယ်”

စီစီ နှင့် သူငယ်ချင်းများကို ကြေးမုံက ကြံရည်ဆိုင်အတွင်းဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။

ထို့နောက် သောင်းတင်တို့ ရှိရာသို့ ထသွား၏။

“အကို..ကျွန်တော့်အမတွေကို ဗွေမယူပါနဲ့..နှစ်ဆယ်ဆိုလည်း နှစ်ဆယ်ပေးပါ့မယ်..လက်မှတ်ရှိသေးတယ်မဟုတ်လား”

သောင်းတင်ဆိုသူက ကြေးမုံကို လှောင်ပြုံးပြုံးပြီး ကြည့်လိုက်သည်။

“မရတော့ဘူးဟေ့ကောင်..မင်းတို့လိုချင်ရင် လေးကျပ်တန်းကရမယ်..အေး လေးကျပ်တန်းကို အစိတ်ဖြစ်သွားပြီနော်နော်.. မင်းကောင်မတွေက စောက်စိရှည်လို့ ငါစျေးတင်လိုက်တာ..ခုန ငါ့လက်မှတ်သုံးစောင်လည်း ရှုံးသွားသေးတယ်..”

ကြေးမုံက အိပ်ကပ်ထဲမှ ငွေခုနှစ်ဆယ့်ငါးကျပ်ကို ထုတ်ပေးလိုက်သည်။

ထို့နောက် စီစီတို့ ဆီသို့ ပြန်လာ၏။

“ကဲ..အမတို့ ပွဲချိန်နီးနေပြီ ရုံထဲ ဝင်တော့..ရော့လက်မှတ်”

“နင်ဘယ်လောက်ပေးလိုက်ရလဲ..မောင်လေး..ဒီကောင်တွေ သက်သက်လူပါးဝတာ မခံနဲ့”

“ပြောမနေပါနဲ့..အမ…ကိုမိုးကျော်က အားလုံးအဆင်ပြေအောင် ကျွန်တော့်ကို ခိုင်းထားတာ..တော်ကြာ…အမတို့ ရုပ်ရှင်မကြည့်ရရင် ကျွန်တော်မကောင်းဘူးဖြစ်မယ်”

စီစီနှင့် သူသူငယ်ချင်းနှစ်ဦးကို ကြေးမုံက ရုံအဝ အထိ လိုက်ပို့လိုက်သည်။

ထို့‌နောက် ဆိုင်ကယ်ရပ်ထားရာတွင် စောင့်နေသည့် မွှေးနီဆီသို့ လမ်းလျှောက်သွားသည်။

“မွှေးနီ…မင်းမှာ ချွတ်ပါလား”

မွှေးနီက သူ့ခါးကြားတွင် ထည့်ထားသော စကေဘာသံချွန်ကို လှန်ပြလိုက်သည်။

“အေး…ငါ့ဘေးကနေ ချွတ်နဲ ရံထားပေး..လာ”

ကြေးမုံက သောင်းတင် ထိုင်နေရာ ကြံရည်ဆိုင်ဆီသို့ ပြန်လည်ဦးတည်လိုက်သည်။

ရုပ်ရှင်စတင်ပြသချိန်ဖြစ်သဖြင့် အစောက အုံနေသော လူအုပ်ကြီးမှ မရှိတော့။

မှောင်ခိုသမားအချို့သည်လည်း အနီးဆုံး မီးရထားရိပ်သာတွင် ဘီယာစုပ်ရန် ထွက်ခွာသွားကြလေပြီ။

သောင်းတင်နှင့် သူ့လူသုံးယောက်က စားပွဲပေါ်တွင် ငွေများပုံကာ ခွဲတမ်းချနေသည်။

ကြေးမုံက အနားကပ်သွား၏။

“ဟေ့ကောင်”

သောင်းတင်က မော့ကြည့်သည်။

ကြေးမုံလက်ထဲတွင် ကိုင်ထားသည့် သစ်သားခွေးချေခုံက မြောက်တတ်သွား၏။

ခွပ် ခနဲ အသံနှင့်အတူ သောင်းတင် နောက်ပြန်လန်ကျသွားသည်။

“တကောင်မှ အနားမကပ်နဲ့”

မွှေးနီ က ချွတ် ကို ထုတ်ကာ ဝှေ့ရမ်းလိုက်သဖြင့် ကျန်သည့် မှောင်ခိုလက်မှတ်နှစ်ဦးမှာ အသည်းအသန် ထ ဆုတ်သွားသည်။

သောင်းတင် သွေးရူးသွေးတန်းဖြင့် ထကာ ခါးကြားမှ ဓါးမြှောင်ကို ထုတ်လိုက်သည်။

သို့သော် ကြေးမုံက ဆင့်ကာဆင့်ကာ ရိုက်ချလိုက်သဖြင့် ခွေးခြေခုံ တစစီကြိုးပြီး သောင်းတင်၏ ခေါင်းမှ သွေးများ ဖြာကျလာသည်။

“ငကြေး ဘာဖြစ်နေတာလဲ”

ထိုအချိန်တွင် အနောက်ဖက်မှ အသံတစ်သံကြားလိုက်ရသည်။

ဆိုင်ကယ်ရပ်ကာ ဆင်းလာသော မိုးကျော်။

“ဒီကောင်..မစီစီတို့ကို စော်ကားမော်ကားပြောလို့..ကိုမိုး‌ကျော်”

မိုးကျော်ဆိုသည့် အသံကိုကြားသည်နှင့် သောင်းတင်၏ ပါတနာလက်မှတ်မှောင်ခိုနှစ်ဦးမှာ မျက်နှာများ ဖြူလျော်သွားကြသည်။

“ဆရာမိုး‌ကျော်..ကယ်ပါဦးဗျာ..ကျွန်တော် ကိုရေခဲ လူပါ…”

သွေးအိုင်ထဲမှ သောင်းတင်က မိုးကျော်ကို အကူအညီတောင်းသည်။

“မင်း စီစီ ကို ဘာသွားပြောတာလဲ”

သောင်းတင်ထံမှ အသံထွက်မလာ။

“ဒီကောင် မစီစီ တို့ လက်မှတ်စျေးစစ်တာကို လက်မှတ်ကို မီးရှို့ပစ်တယ်၊ ပြီးတော့ မစီစီကို သူနဲ့အတူ ရုပ်ရှင်ကြည့်ရင် လက်မှတ်ရမယ်ဆိုပြီး စော်ကားမော်ကားပြောတယ်”

“ဘာ”

မိုးကျော်က သောင်းတင်ကို ကုပ်မှ ဆွဲကိုင်လိုက်သည်။

ထို့နောက် ကြံရည် ကြိတ်စက်ထဲ ဆွဲခေါ်သွား၏။

သောင်းတင်က ရုန်းကန်နေသည်။

“ငကြေး..ဒီကောင့်ကို လာချုပ်ထား”

ကြေးမုံနှင့် မွှေးနီက သောင်းတင်ကို ချုပ်ထားလိုက်သည်။

“မင်းတို့နှစ်ကောင်လည်း ဒီကိုလာ ငုတ်တုတ်ထိုင်”

လက်မှတ်မှောင်ခိုသမားနှစ်ယောက်မှာ မိုးကျော်ညွှန်ကြားသည့်အတိုင်း မြေပြင်တွင် ငုံ့တုံ့လာထိုင်ကြသည်။

“ကြည့်ထားကြ..မအေလိုးတွေ..လက်မှတ်မှောင်ခိုရောင်းတဲ့အဆင့်လောက်နဲ့…လူပါးဝရင် ဘာဖြစ်တတ်လည်းဆိုတာ”

မိုးကျော်က သောင်းတင်၏ ညာလက်ကို ဆွဲကာ ကြံရည်ကြိတ်စက်ထဲသို့ ထိုးထည့်လိုက်သည်။

“ငကြေး..လှည့်စမ်းကွာ”

ကြေးမုံက မိုးကျော်ကို ပြူးကြည့်နေသည်။

“လှည့်စမ်းပါ..ရဲရဲ”

“မလုပ်ပါနဲ့..မလုပ်ကြပါနဲ့ဗျာ..အီးဟီးဟီး..ကျွန်တော်မှားသွားပါတယ်..ဆရာမိုးကျော် အသိတွေမှန်း မသိလို့ပါ ခင်ဗျာ..မလုပ်ကြပါနဲ့”

“ဟေ့ကောင်..ငကြေး လှည့်ကွာ”

ကြေးမုံက ကြံရည်ကြိတ်စက်လက်တံကို အားဖြင့် ဖိလှည့်လိုက်သည်။

“ဂျွတ်..ဂျလစ်”

“အား…အား..အား”

“ရပြီ”

မိုးကျော်က ခွေးချေခုံလွတ်တစ်ခုံကို ယူထိုင်လိုက်သည်။

“ဒီမယ်..မင်းတို့ မှောင်ခိုကောင်တွေမှတ်ထား…ငါ့အသိ ဟုတ်ဟုတ် မဟုတ်ဟုတ်..ရုပ်ရှင်လာကြည့်တဲ့..မိန်းကလေးတွေကို မင်းတို့ကောင်တွေ အသားလွတ်မစော်ကားနဲ့…မမိုက်ရိုင်းနဲ့.. မင်းတို့ ကိုယ့်အလုပ်ကိုယ်လုပ်ကြ..အဲ့ဒီထက် ဘောင်ကျော်ရင်တော့..ဘာဖြစ်မလဲ ဒီသူတောင်းစားကို ကြည့်ထား”

မိုးကျော်က စားပွဲပေါ်တွင် ပုံထားသော ပိုက်ဆံများကို ကြည့်လိုက်သည်။

“ငကြေး…မင်းဘယ်လောက်ပေးခဲ့ရလဲ..ဒီကောင်တွေကို..ပြန်ယူကွာ”

“ရတယ်..ကိုမိုးကျော်..ဆေးကုစရိတ်ထားပေးခဲ့လိုက်မယ်”

မိုးကျော်၊ ကြေးမုံနှင့် မွှေးနီတို့ ဆိုင်ကယ်များဖြင့် ပြန်ထွက်လာခဲ့ကြသည်။

ခဏအကြာတွင် ရုပ်ရှင်ရုံမှောင်ခိုလောက၏ ဂေါ့ဖားသားဟု ကင်ပွန်းတပ်ကြသော ရေခဲ နှင့် လူမိုက်အုပ်စုများမှာ သွင်ရုံရှေ့သို့ ရောက်ရှိလာကြတော့သည်။

ယခင်က ရုပ်ရှင်ရုံမှောင်ခို လောကကို ချုပ်ကိုင်ထားသူများမှာ ဆာလေ(ခေါ်)မောင်စိန် နှင့် ဘာဘူတို့ဖြစ်သည်။

ရုပ်ရှင်ရုံများအား ပြည်သူပိုင်သိမ်းပြီးသည့်နောက်ပိုင်းတွင် ဖဆပလကွက်သစ်မှ ဘောလုံးပွဲလက်မှတ်မှောင်ခိုသမား ရေခဲသည် ပန်းဆိုးတန်း လူမိုက်ဟောင်း ခါးကုန်မောင်မောင် နောက်ခံဖြင့် ရုပ်ရှင်လက်မှတ်မှောင်ခိုလောကသို့တိုးဝင်လာသည်။

ရေခဲ၏ မိခင်သည် ရုပ်ရှင်ရုံရှေ့တွင် စျေးရောင်းသဖြင့် ရေခဲ၏ ငယ်ဘဝမှာ ရုပ်ရှင်ရုံရှေ့တွင် ကြီးပြင်းခဲ့ရသည်။

ရုပ်ရှင်ရုံလိုင်းနှင့်ပတ်သက်ပြီး ရေခဲက ပိုမိုကျွမ်းကျင်သည်။ အသိအကျွမ်းများသည်။ အဝင်အထွက်နပ်သည်။

အသက်အရွယ်ရလာပြီဖြစ်သော မောင်စိန် နှင့် ဘာဘူတို့ကို ရေခဲက နည်းမျိုးစုံဖြင့် လက်မှတ်မှောင်ခိုလောကမှ မောင်းထုတ်ခဲ့သည်။

အသားညိုညို၊ အရပ်ခပ်ပြတ်ပြတ်ဖြင့် ရန်ပွဲများတွင် အလွန်လက်သွက်ပြီး အရှောင်အတိမ်းမြန်သည်ဟု နာမည်ကြီးသည့် ရေခဲ သည် လက်မှတ်မှောင်ခိုလောက၏ ဂိုဏ်းစတားတစ်ဦးဖြစ်လာသည်။

ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုံပိုင်ရှင်များသာမက အစိုးရအရာရှိပိုင်းကပါ ရေခဲ နှင့်မကင်းရာမကင်းကြောင်းဖြစ်လာရသည်။

ရုပ်ရှင်ကားသစ် မိတ်ဆက်သည့် ပရက်ရှိုးအထူးပွဲများတွင် တကူးတကဖိတ်ရသည်အထိ ရေခဲ၏ ပါဝါက ကြီးမာနေချိန်လည်းဖြစ်သည်။

ယခုတော့ မိုးကျော်နှင့် ကြေးမုံ တို့သည် ရေခဲ၏ အပိုင်စားနယ်မြေကို ဝင်ရောက်ထိပါးလိုက်ပြီဖြစ်သည်။

“ဒီကောင်တွေက ငါ့ဂွင်ထဲဝင်ပြီး ငါ့ကို ထိပ်တိုက်တွေ့တယ်ပေါ့”

ရေခဲက ကြံရည်စက်ကြားတွင် လက်ညှပ်ပြီး တအီးအီးအော်ညည်းနေသော သူ့လက်အောက်ခံ သောင်းတင်ကို ကြည့်ရင်း ပါးစပ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၁ ) >>>>>