ဖက်ဒရယ်ရပြီးကာမှ အီသီယိုးပီးယားမှာ ဘာဖြစ်လို့ အသားကုန် ချနေကြတာလဲ

0
3596
ပုံစာ - တီဂရေးစစ်ပွဲအတွင်း ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်

ညိုမောင်  စုစည်း ဖော်ပြသည်

အီသီယိုးပီးယားနိုင်ငံတွင် ၁၉၉၅ ခုနှစ်၌ ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်အဖြစ် အသွင်ပြောင်းခဲ့သည်။ ယခင်က ဗဟိုက ဦးစီးသော အာဏာပိုင်သည့် စနစ်ဖြစ်ကာ ပြုပြင်ပြောင်းလဲလိုက်သည့် အခါ လူမျိုးစုကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး၊ မျိုးနွယ်စုအခွင့်အရေး၊ ဒေသအခွင့်အရေး၊ လူ့အခွင့်အရေး ၊ ဒီမိုကရေစီရေး တို့ကို အလေးပေးသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်အောင် ကြိုးစားခဲ့သည်။ ယခင်က တိုက်ခိုက်နေခဲ့သော ပြည်ထောင်များသည် စုစည်းသွားကြပြီးနောက် ငြိမ်းချမ်းသော ပြည်ထောင်စု အိပ်မက်ကို အတူမက်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံ အီရစ်ထရီးယား နှင့် ဖြစ်နေသော စစ်ကိုပင် ရပ်ပစ်လိုက်သဖြင့် ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရသွားသည်။ သို့သော် ၂၀၁၅ နောက်ပိုင်း ဆယ်စုနှစ်ဒုတိယပိုင်းတွင် မတည်ငြိမ်မှုများ ပြန်ထ လာကာ ပြည်ထောင်အချင်းချင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြန်ချကြသော ဖြစ်စဉ်များ သမိုင်းတစ်ပတ် ပြန်လည်သွားသည်။ သိန်းနဲ့ချီသော ပြည်သူများသေသည်။ သင်ခန်းစာ ယူစရာများ ရှိသည်။

အီသီယိုးပီးယားသည် ပြည်ထောင်စုကြီးမပြိုကွဲအောင် ပြည်ထောင်စုအတွင်း ဒေသများကို စုစည်းလိုက်သည့် (holding together federalism) ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကွဲချင်နေကြသူများကို မကွဲကြပါနဲ့ဟု စည်းရုံးကာ စုစည်းလိုက်သည့် စနစ်မျိုးဖြစ်သည်။ နဂိုရှိပြီးသား နိုင်ငံကြီးက သူ့ထဲက ဒေသများကို စုစည်းလိုက်ပြီး ပြည်ထောင်စု တည်ထောင်ခြင်း ဖြစ်သည်။ နောက်ထပ် ဖက်ဒရယ်အမျိုးအစားသည်ကား ပေါင်းနေကြမည်ဟု အားလုံးက ဆုံးဖြတ်ကာ အတူတကွ ပေါင်းနေလိုက်ကြသည့် သီးခြားပြည်ထောင်များ လာစုသော coming together federalism ဖြစ်ပေသည်။ နဂိုကတည်းက လွတ်လပ်သော ဒေသများက အတူတကွ စုပေါင်းလိုက်ကြခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။ အီသီယိုးပီးယားသည် holding together ဖက်ဒရယ်ဟု ဆိုရလိမ့်မည်။ တိုင်းရင်းသားပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဖြစ်ရာ ဂျာမနီ ကဲ့သို့ မဟုတ်ဘဲ လူမျိုးပေါင်းစုံကို အခြေပြုသော စုံလင်သည့် နိုင်ငံရေး ရှိသည့် Heterogeneous Federalism မျိုး ဖြစ်ပါသည်။  ဖက်ဒရယ်ယူနစ် (၉) ခုဖြင့် ဖွဲ့စည်းထားသည်။ နောက်ခံသမိုင်းကြောင်းများ၊ စီးပွါးရေးအခြေအနေများ၊ အမျိုးသားရေးဝါဒများ၊ နိုင်ငံရေးပြိုင်ဆိုင်မှုများကြောင့် ပြည်တွင်းစစ်မီးကြီးက ဖက်ဒရယ်ရပြီးမှ တဟုန်းဟုန်း ပြန်တောက်လာသည်။

၁၉၉၁ ခုနှစ် ပြည်တွင်းစစ်ပြီးတော့ အီသီယိုးပီးယားတွင် ဖက်ဒရယ်နိုင်ငံ ထူထောင်ကြသည်။ ယခင်လက်နက် ကိုင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် EAO များ စုစည်းကာ နိုင်ငံရေး အင်အားစုတစ်ရပ် ထူထောင်ကာ တိုင်းရင်းသား လူမျိုးစု နယ်မြေများကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုပြုလုပ်ကြသည်။  EAO နိုင်ငံရေးအင်အားစုများ ညွန့်ပေါင်း လုပ်ထားသော အီသီယိုးပီးယားပြည်သူ့ တော်လှန်ရေး ဒီမိုကရက်တစ် တပ်ဦး (EPRDF) က ရွေးကောက်ပွဲနိုင်ပြီး အုပ်ချုပ်သည်။ အီသီယိုးပီးယား နိုင်ငံရေးကိုလည်း အတော်လေးလွှမ်းမိုးနိုင်သည်။ ယခု စစ်ဖြစ်နေသော တီဂရေးယန်း လူမျိုးများ၏ တိုင်းရင်းသားလက်နက်ကိုင် EAO ဖြစ်သည့် TPLF က အဆိုပါ ညွန့်ပေါင်းထဲမှာ ပါခဲ့သည်။ ထို့ပြင် TPLF က အင်အားကြီး EAO ပီပီ ဦးဆောင်ခဲ့သည်။ TPLF ၏ တီဂရေးယန်း ဥက္ကဌကြီး က ဖက်ဒရယ်ပြည်ထောင်စုကြီး၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ် ဆုံးသွားတော့ EPRDF တပ်ပေါင်းစုထဲက တောင်ပိုင်း EAO ဖြစ်တဲ့ SEPDM အဖွဲ့က ခေါင်းဆောင်တစ်ဦးက ဝန်ကြီးချုပ် ဖြစ်လာသည်။ ၂၀၁၈ တွင် အဆိုပါ ဝန်ကြီးချုပ် နူတ်ထွက်သည်။ လူထု၏ အထွေထွေ အဆင်မပြေမှုများ ဖိအားကြောင့် ၎င်းထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဘယ်ကဘယ်လို ပြန်ဖြစ်တာလဲ

၂၀၁၈ ခုနှစ်ရောက်တော့ ဝန်ကြီးချုပ် အဘီအာမက် တက်လာသည်။ EPRDF တပ်ပေါင်းစုထဲက အိုရိုမိုပြည်သူ့ဒီမိုရက်တစ်အဖွဲ့ မှ (OPDO) မှ ဖြစ်သည်။ အဘီအာမက် က စစ်ဖြစ်နေခဲ့သော အိမ်နီးချင်း နိုင်ငံ အီရစ်ထရီးယား နှင့် ငြိမ်းချမ်းရေး စလုပ်သည်။ အိမ်နီးချင်းနိုင်ငံနှင့် ငြိမ်းချမ်းရေး ရသွားတော့ အဘီအာမက် ပင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့သည်။ သို့သော် ထိုကိစ္စကို အဆင်မပြေသည့် အင်အားစုရှိသည်။ EAO လက်နက်ကိုင် များထဲတွင် အင်အားအကြီးဆုံး TPLF ဖြစ်သည်။ တီဂရေးယန်း များသည် အီရစ်ထရီးယန်းများ နှင့် အစဉ်အလာ ရန်သူ ဖြစ်ခဲ့သည်။ တီဂရေး ပြည်နယ်ကလည်း အီရစ်ထရီးယား နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည်။ ဝန်ကြီးချုပ်က အီရစ်ထရီးယား နှင့် ငြိမ်းချမ်းရေး လုပ်ခြင်းကို TPLF က ၎င်းတို့ကို သစ္စာဖောက်သည်ဟု ယူဆကြသည်။ ၁၉၉၈ -၂၀၀၀ ခုနှစ် အီရစ်ထရီးယား စစ်ပွဲတွင် ကျဆုံးသွားကြသော ရဲဘော်များအား သစ္စာဖောက်လိုက် သည်ဟု ရှုမြင်ကြသည်။ သို့ဖြစ်ရာ EAO များစုပေါင်းထားသော နိုင်ငံရေးအင်အားစု EPRDF ထဲတွင် အက်ကြောင်းကြီးများ ဖြစ်လာခဲ့သည်။

တီဂရေးစစ်ပွဲပဋိပက္ခသည် အခြားဖက်ဒရယ်ယူနစ်များသို့ သက်ရောက်မှုများ ပြင်းထန်စွာ ရှိနေသည်။

ဝန်ကြီးချုပ် အဘီအာမက် က EPRDF ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။ Prosperity Party အဖြစ် အမည်ပြောင်းကာ တိုင်းရင်းသားပါတီများ၊ အတိုက်အခံပါတီများ ပိုမိုပါဝင်လာအောင် ဆောင်ရွက်ခဲ့သည်။ သို့သော် တီဂရေးလူမျိုးများ၏ TPLF က မပါတော့ပေ။ တပ်ပေါင်းစုမှ ထွက်သွားသည်။ ထို့ပြင် TPLF သည် တီဂရေးပြည်နယ် သို့ ပြန်သွားပြီး ကိုယ့်ပြည်နယ်ထဲမှာ ကိုယ်ပြန်ကာ အခိုင်အမာ နေသည်။ သူတို့ တပ်ကိုလည်း ပြန်လည် ပြင်ဆင်နေသည်။ တချိန်တည်းမှာပင် တီဂရေးပြည် အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့အကြား အငြင်းပွါးမှု များက ခပ်စိတ်စိတ် ဖြစ်လာနေသည်။ TPLF ၏ ဗဟိုကော်မတီဝင်ဖြစ်ဖူးကာ ဖက်ဒရယ်အစိုးရအတွက် ထောက်လှမ်းရေးချုပ် တာဝန်ထမ်းဆောင်နေသူကို ဖက်ဒရယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ဆောင်ရွက်စဉ် ဖက်ဒရယ်ရဲများကို တီဂရေး ပြည် အစိုးရက သူ့ ပြည်ထဲကို ဝင်ခွင့် မပြုခဲ့ပေ။

ဖက်ဒရယ်အစိုးရက TPLF သည် တီဂရေးပြည်ကို လက်နက်ပြကာ အုပ်ချုပ်နေသည်ဟု ပြောထားသည်။ TPLF ကလည်း ဖက်ဒရယ်အစိုးရသည် ဗဟိုက ချုပ်ကိုင်ကာ အာဏာကို အလွန်အကျွံသုံးနေပြီး တီဂရေးယန်း လူမျိုးတွေ ကို ခွဲခြား ဆက်ဆံနေတယ်လို့ ပြောထားသည်။ ဖက်ဒရယ်အစိုးရနှင့် တီဂရေးပြည် တို့၏ တင်းမာမှုက ကိုဗစ်ကာလ တွင် အမြင့်ဆုံးအဆင့် ရောက်သွားကာ ပေါက်ကွဲပါတော့သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် ကိုဗစ်ကြောင့် ရွေးကောက်ပွဲကော်မရှင်က အထွေထွေ ရွေးကောက်ပွဲကြီးကို နောက်ဆုတ်ရန် ကြေညာလိုက်သည်။ ဖက်ဒရယ်အဆင့် အမတ်များ၊ ပြည်နယ်အဆင့် အမတ်များ၏ သက်တမ်းကို ၂၀၂၀  အောက်တိုဘာလအထိ သက်တမ်းတိုးလိုက်သည်။ ထိုအစီအစဉ်ကို တီဂရေးပြည်အစိုးရနှင့် TPLF တို့က လက်မခံပေ။ ကိုယ့်ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ကာလမှာပဲ ကိုယ်လုပ်မည်ဟု ဆိုလာသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်ကို ကျော်လွန်ကာ ကိုယ့်ပြည်နယ်ထဲမှာ ကိုယ်ရွေးကောက်ပွဲလုပ်သည်။ ဖက်ဒရယ် အစိုးရဘက်ကလည်း ပိတ်ပင်မှုတွေ ပြုလုပ်သည်။ သတင်းစာဆရာများ တီဂရေးပြည်နယ်ထဲ မသွားနိုင်အောင် ပိတ်ပင်ထားသည်။ အဆိုပါ ရွေးကောက်ပွဲကိုလည်း တရားမဝင်ပါဟု ထုတ်ပြန်သည်။ တီဂရေးကို ပေးနေသော ဖက်ဒရယ်ပြည်ထောင်စု ရန်ပုံငွေများကို ရပ်ပစ်လိုက်ပါသည်။ TPLF နှင့် ဖက်ဒရယ်အစိုးရတို့ကြား တင်းမာမှုက အမြင့်ဆုံး အဆင့်သို့ ရောက်လာနေခဲ့ပါသည်။ TPLF က စစ်ရေးကို ပြန်လည်ပြင်ဆင်လေပြီ။ တပ်များကို အဆင်သင့် ပြင်ထားသည်။ ဖက်ဒရယ်ပြည်ထောင်စု အစိုးရက အိမ်နီးချင်းနိုင်ငံ အီရစ်ထရီးယား နှင့် သဘောတူညီ ချက် ရယူကာ TPLF ကို ထိန်းဖို့ အထူးတပ်တွေ ပို့ထားသည်။ သဘောက တီဂရေးကို စစ်အင်အားဖြင့် ဝိုင်းလိုက် သည့်သဘောဖြစ်သည်။ အီသီယိုးပီးယား အမျိုးသားပြန်လည်သင့်မြတ်ရေး ကော်မရှင် က TPLF နှင့် ဖက်ဒရယ် အစိုးရကြား ညှိနိူင်းပေးရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဆွေးနွေးရာတွင် နှစ်ဘက်လုံး၏  ကြိုတင် သတ်မှတ်ချက်များကြောင့် ပွဲ အကြိမ်ကြိမ်ပျက်သည်။

တီဂရေးနယ်မြေထဲတွင် ဖက်ဒရယ်တပ်၏ မြောက်ပိုင်းကွပ်ကဲရေး ဌာနရှိသည်။ ဝန်ကြီးချုပ်က မြောက်ပိုင်းအတွက် ဗိုလ်ချုပ်ကြီးတစ်ဦးခန့်ခဲ့ရာ တီဂရေးက အဆိုပါ ဗိုလ်ချုပ်ကြီးကို သူ့နယ်မြေထဲ အဝင်မခံပေ။ ထိုနေ့မှာပင် မြောက်ပိုင်းစစ်စခန်းများကို TPLF က ဝင်တိုက်သည်။ အီသီယိုးပီးယားပါလီမန် က TPLF ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်သည်။ ဒီလိုနှင့် မဟာမိတ်တပ်ပေါင်းစုများ၏ တီဂရေးပြည် ထိုးစစ် ဖြစ်လာပေ တော့လေသည်။

ENDF (Ethiopia National Defense Force) အီသီယိုးပီးယားအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သည် မဟာမိတ် တပ်ပေါင်းစု ဖြစ်သည်။ ၎င်းက “တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် တီဂရေး ကို ထိုးစစ်ပြန်ဆင်သည်။ လပေါင်းများစွာ တိုက်ပွဲကြီးများ ဖြစ်ပြီးနောက် တီဂရေးပြည်နယ်မြို့တော် သိမ်းလိုက်သည်။ သို့သော် လက်နက်ကိုင် အဖွဲ့တစ်ရပ်ကို ဒေသခံလူထု မထောက်ခံဘဲ ဘယ်မှာ ချေမှုန်းနိုင်မည်နည်း။ TPLF က တောင်တန်း ဒေသများပေါ်သို့ ခိုဝင်ကာ ပြောက်ကျားစစ်ဆင်ရေးဖြင့် ပြန်တိုက်သည်။ ဘေးက ဖက်ဒရယ်ယူနစ်များထဲအထိ ဝင်ရောက်သိမ်းပိုက် တိုက်ခိုက်သည်။ တီဂရေးတပ်များသည် အိုမိုရိုလွတ်မြောက်ရေးတပ်တော် နှင့် ပေါင်းကာ အဝေးပြေးလမ်းမကြီးကို ထိမ်းချုပ်ပြီး မြို့တော် အဒစ်စ် အဘာဘာ အထိ ချီတက်လာခဲ့သည်။ မဟာမိတ် တပ်ပေါင်းစုများက လေကြောင်းတိုက်ခိုက်မှုများဖြင့် အဝေးပြေးလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ် ဆင်ရသည်။

ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂတို့က အကြိမ်ကြိမ် ကြားဝင်စေ့စပ်နိုင်အောင် ကြိုးစားသော်လည်း စစ်ပွဲက ရပ်လိုက် ပြန်တိုက်လိုက်သာ ဖြစ်နေသည်။ လအတန်ကြာရပ်သွားခဲ့သော်လည်း ၂၀၂၂ ဩဂုတ်လတွင် ပြန်တိုက်ကြလေပြီ။ နှစ်ဖက် ပြည်သူ့စစ်များ ကလည်း အချင်းချင်း ချကြသည်။ ကြားက ဖက်ဒရယ်ယူနစ်များမှ တပ်များကလည်း ကျူးကျော်လာသူများကို ချရသည်။ အီရစ်ထရီးယား မျိုးနွယ်စုဝင် ပြည်သူ့စစ်များကလည်း တီဂရေးများကို ဝင်ချသည်။ တီဂရေးကလည်း အီရစ်ထရီးယား တိုင်းရင်းသားများကို ချသည်။ အီရစ်ထရီးယား အစိုးရကလည်း သူ့လူမျိုးကို ချသဖြင့် ဝင်ချသည်။ အီသီယိုးပီးယား အစိုးရကလည်း တီဂရေးကို ချသည်။ တီဂရေးကလည်း အစိုးရထောက်ခံသူများကို ချသည်။ သို့ဖြင့် အသတ်ခံရသူ ၆ သိန်းခန့်ရှိပြီဟု သတင်းဌာနများက ခန့်မှန်း ကြသည်။

သင်ခန်းစာများ

တီဂရေးစစ်ပွဲကနေ လူမျိုးပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သင်ခန်းစာများ ယူသော် အများကြီး ရနိုင်ပါသည်။ အီသီယိုးပီးယား သည် အီရစ်ထရီးယား နှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်အခါ တကယ် တိုက်ခဲ့ကြသည့် တီဂရေးယန်းများက မကျေနပ်ပေ။ ကျဆုံးရဲဘော်များကို သစ္စာဖောက်သည်ဟု မြင်ခဲ့သည်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကို နိုင်ငံရေး ခြေလှမ်းတစ်ခုထက် ရေရှည်ကို ကြည့်သော အလုံးစုံ ပါဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ပြီး ဆောင်ရွက်သင့်သည်။ လုပ်ကြမယ် လုပ်ကြမယ် ဟေ့ ဆိုပြီး ချက်ခြင်း ထလုပ် လိုက်သည့် ငြိမ်းချမ်းရေးသည် နောက်ပြန်လန်ပြီး အရင်ကထက် မီးကုန်ယမ်းကုန် ချသည့် စစ်ပွဲကြီးများ ပြန်ဖြစ် လာနိုင်ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံရှိသော အီသီယိုးပီးယား သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ပြီးသော အခါ တပ်ပေါင်းစုအဖြစ် ဖက်ဒရယ်အာမီ ဖွဲ့သလို ကိုယ့်လူမျိုးလက်နက် ကိုယ့်လူမျိုးဆီမှာပဲ ထားသည့် ပြည်နယ်တပ်များလည်း ရှိသည်။ ထိုတပ်များအချင်းချင်း ဆက်ဆံရေး၊ အာဏာခွဲဝေကျင့်သုံးမှု၊ အဆင့်ဆင့်သော စစ်ဘက်အရပ်ဘက် ဆက်ဆံရေးများ၊ အရပ်သားအုပ်ချုပ်မှုကို နာခံသော လက်နက်ကိုင်တပ်များ ဖြစ်ရေးတို့ကို အသေအချာ တည်ဆောက်သင့်လှပေသည်။ လက်နက်ကို နိုင်ငံရေးထဲသို့ ထည့်သွင်းခြင်းသည် လူမျိုးပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာသည့်အခါ နောက်ပြန်လန်သွားစေသည့် အချက်တစ်ခု ဖြစ်လာခဲ့ပေသည်။

ဖက်ဒရယ်ပြည်ထောင်စုအဆင့်နှင့် ဖက်ဒရယ်ယူနစ်အဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ပွတ်တိုက်မှုများ ဖြစ်လာသည့်အခါ ညှိနိူင်းဆောင်ရွက်သည့် နိုင်ငံရေးယဉ်ကျေးမှုသည် အီသီယိုးပီးယား ကဲ့သို့ ထွန်းသစ်စ လူမျိုးစု ဖက်ဒရယ်နိုင်ငံအတွက် အလွန် အရေးကြီးပါပေသည်။ ကြားဝင်စေ့စပ်သည့် ကော်မရှင်များ၊ အခြေခံဥပဒေတရား ရုံးများ အားကောင်းအောင် ဆောင်ရွက်ရပေမည်။ ထို့ပြင် ဒီမိုကရေစီ သည် လူများသူက အနိုင်ယူသည့် Majoritarian Democracy အစား၊ အာဏာခွဲဝေကျင့်သုံးသည့် consociationalism democracy ဖြစ်သင့်သည်။ အထူးသဖြင့် အကွဲအပြဲသမိုင်း ကြီးသော အီသီယိုးပီးယားလို နိုင်ငံမျိုးမှာ ပိုလိုသည်။ နိုင်သူက ဖိထားမယ်၊ ရှူံးသူက ပတ်မ ကြီး ထိုးဖောက်မယ် ဟူသော နိုင်ငံရေးယဉ်ကျေးမှု က ခုလိုမျိုး လူသတ်ပွဲတွေကို ဖြစ်လာစေနိုင်သည်။

နိုင်ငံတကာကလည်း ဘယ်တုန်းကမှ မယူခဲ့သည့် သင်ခန်းစာကို ယူရပေမည်။ အရပ်သားများ ထိခိုက်သည့်အခါ ဝင်ရောက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် ကုလသမဂ္ဂတွင် စကားတွေများနေကြသည့် အစည်းအဝေးများ အကြား ယခုအထိ မပေါ်လာနိုင်ပါ။ တီဂရေးတပ်များ၊ ဖက်ဒရယ်တပ်များ၊ ပြည်သူ့စစ်များ၊ နိုင်ငံခြားတပ်များ၊ အခြား EAO များအကြား တိုက်ခိုက်မှုများကြောင့် လူတွေက နေ့စဉ် တဖြုတ်ဖြုတ်သေနေသည်။ ကုလသမဂ္ဂက စာထုတ်သည်။ တီဂရေးတပ်နှင့် အစိုးရတပ် နှင့် ပြည်သူ့စစ်များက အချင်းချင်းလွှဲချနေကြသည်။

Ref: Tigray War in Ethiopia, Comparing Federalism

ပုံစာ – တီဂရေးစစ်ပွဲအတွင်း ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်