အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
9374

အခန်း(၁)

ရန်ကုန်မြို့။
၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်။ ည ၈ နာရီ။
ပန်းဆိုးတန်းနှင့် ရန်ကုန်ဘူတာကြီးကြားမှ အမှောင်ရိပ်ကျသည့်လမ်းတစ်နေရာ။

“တစ်ရှဲတစ်မတ်…တစ်ရှဲတစ်မတ်..ဖွေးတယ်..တောင့်တယ်..ရှင်းတယ်..လင်းတယ်..တစ်ရှဲတစ်မတ်”

တချက်တချက် မှောင်ရိပ်ထဲမှ ခပ်တိုးတိုးအသံတစ်ခုက ထွက်ပေါ်နေသည်။

လမ်းသွားလမ်းလာ ယောက်ျားသားများထံ ဦးတည်နေခြင်းဖြစ်၏။

မှောင်ရိပ်ထဲမှ အသံရှင်က ရုတ်တရက်အသံတိတ်သွားသည်။

သူ့ရှေ့တွင် လာရပ်နေသော အသက်(၁၄)နှစ်ဝန်းကျင်လူငယ်နှစ်ဦးကို သေချာကြည့်လိုက်သည်။

“ဆရာကြီး…တစ်ရှဲကို နှစ်ယောက်ကြည့်လို့ရမလား”

ဆံပင်ကိုဘိုကေဖီးထားပြီး ကျောင်းဝတ်စုံ၊ လွယ်အိတ်အနီဖြင့် လူကောင်ခပ်သေးသေး လူငယ်က ငွေတစ်မတ်ကို လက်ထဲတွင်ကိုင်လျက်ဆိုသည်။

သူ့နောက်တွင် ဆံပင်ဖွာလန်ဖြင့် ကချင်လွယ်အိတ်ကို လွယ်ထားသည့် ရွယ်တူလူငယ်တစ်ယောက်။

“မရဘူးလေ..တစ်ယောက်ပဲ”

“ကျွန်တော်တို့က ကလေးတွေပဲဗျာ..နှစ်ယောက်ကြည့်မယ်လေ”

ရှဲတစ်မတ်ဆရာက တွေဝေနေသည်။

“လုပ်ပါဆရာကြီးရဲ့…တမတ်ပဲ ပါလို့ပါ..ကျွန်တော်တို့ကျောင်းသားတွေပါ”

“အေး..ကွာ..အေးကွာ..ပေး..ပိုက်ဆံ”

တစ်မတ်စေ့ကို လက်ထဲမှယူလိုက်ပြီး သူ့နောက်သို့ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

မှောင်နေသည့်လမ်းကျဉ်းတစ်ခုကြားသို့ရောက်သည့်အခါ တိုက်နံရံတစ်ခုကို နောက်ခံထားပြီး ဂုန်နီအိတ်များဖြင့် အခန်းသဖွယ်ကာထားသည်နေရာတစ်ခုကိုတွေ့ရသည်။

ဂုန်နီအိတ်အကာအရံရှေ့တွင် ဆေး‌ပေါ့လိပ်ဖွာနေသောလူတစ်ယောက်။

“မော်စီရေ…ဒီမယ်..ကလေးမို့..နှစ်ယောက် တစ်ရှဲလုပ်ချင်တာတဲ့ကွာ”

“စျေးဦးပေါက်ကို..ဘယ်လိုကောင်တွေခေါ်လာတာတုန်း..တင်ဖေရာ..မင်းကတော့ လုပ်ပြန်ပြီ”

“ထည့်ပေးလိုက်ပါကွာ..ငရှုပ်လေးတွေကို”

တင်ဖေ က ငွေတစ်မတ်ကို မော်စီလက်ထဲ ထည့်ပြီး လူခေါ်ရန် ပြန်လှည့်ထွက်သွားသည်။

မော်စီ ဆိုသူက ရှေ့ဆုံးမှဦးဆောင်သည့် လူငယ်၏ လက်ထဲသို့ မီးခြံဆံတစ်ချောင်းနှင့် မီးခြစ်ဖာအလွတ်တစ်ခုကို ထည့်ပေးလိုက်သည်။

“မီးသေတာနဲ့ ပြန်ထွက်နော်..ဟေ့ကောင်လေးတွေ.လက်ပူခံပြီးလည်း ကိုင်မထားနဲ့ဦး”

လူငယ်နှစ်ဦးကခေါင်းညိမ့်ပြလိုက်ပြီး ဂုန်နီအိတ်ကို လှန်ကာ အထဲသို့ ဝင်လိုက်သည်။

အထဲမှ မီးခြစ်ဆံအား ခြစ်လိုက်သံ ထောက်ခနဲကြားလိုက်ရသည်။

တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

မော်စီက သူ့အတွေ့အကြုံအရ စိတ်ထဲမှ စက္ကန့်ကို မှတ်နေသည်။

မီးခြစ်ဆံတစ်ချောင်းလောင်ပြီးချိန်အထိ လူငယ်နှစ်ယောက်ထွက်မလာ။

အထဲမှ မီးအလင်းရောင်က မီးခြစ်ဆံအလင်းရောင်မျိုးထက် ပိုမိုလင်းထိန်းနေသည်ကို မော်စီသတိထားမိလိုက်သည်။

ဂုန်နီအိတ်ကို လှန်ကြည့်လိုက်သောအခါ မြင်ကွင်းကြောင့် မျက်လုံးများပြူးကျယ်သွား၏။

ဘိုကေနှင့် လူငယ်လက်ထဲတွင် ရေနံဆီမီးခွက်ကြီးက ထိန်ထိန်သာလျက်။

ရှေ့မှ မြင်ကွင်းက ရှင်းလင်းပီပြင်လွန်းနေသဖြင့် မော်စီပင် ခေတ္တငေးသွားသည်။

သူတို့ရှေ့ သစ်သားထိုင်ခုံတွင် အဝတ်အစားဗလာကိုယ်လုံးတီးဖြင့် မော်ဒယ်လ်ထိုင်ပေးနေသည့် ရှဲတစ်မတ် ညဥ့်ငှက်မယ်လေး၏ မျက်နှာကလည်း ထိတ်လန့်လျက်။

“ဟေ့ကောင်တွေ မင်းတို့ ဒါဘာလုပ်တာလဲ”

“ဟ မီးခြစ်ဆံနဲ့ အားမရလို့..မီးခွက်ယူလာပြီး ညှိကြည့်တာလေဗျာ”

“ဟာ..ဒီကောင်တွေ..ဟိုကောင်မကလည်း ဘာမှမပြောဘူး..ငြိမ်ပြီးအကြည့်ခံနေတယ်..ငါလီးထဲမှဟာတွေ”

ဝတ်လစ်စလစ်ကောင်မလေးက တစ်ဖက်ကို မေးငေါ့ပြလိုက်သည်။

မီးခွက်ကိုင်ထားသည့်လူငယ်ဘေးမှ ဆံပင်စုတ်ဖွားလူငယ်က ကောင်မလေးမျက်နှာတည့်တည့်အား လေးဂွဖြင့် ချိန်ထားသည်ကိုတွေ့လိုက်ရသည်။

“မအေလိုးလေးတွေကများ..လူပါးဝလို့”

မော်စီက ခါးကြားတွင်ထိုးထားသော သံတုတ်ကို ထုတ်ကာ မီးခွက်ကိုင်ထားသည့် လူငယ်၏ လက်ကို ရိုက်ချလိုက်သည်။

လူငယ်က အမြန်ရှောင်လိုက်သဖြင့် မီးခွက်ကိုသာ ထိမိပြီး မီးခွက်က အောက်သို့ လှိမ့်သွား၏။

လေးဂွကိုင်ထားသည့် လူငယ်က မော်စီ၏ မျက်နှာကို လှည့်ချိန်လိုက်သည်။

သို့သော် အရပ်ငါးပေဆယ်လက်မခန့်ရှိပြီး အတွေ့အကြုံရှိလူမိုက်တစ်ဦးဖြစ်သည့် မော်စီ၏ တုတ်ချက်က အရပ်ငါးပေလေးလက်မသာသာ လေးဂွကိုင်လူငယ်၏ ပုခုံးကို ဖြတ်ရိုက်ချလိုက်သဖြင့် လေးဂွပြုတ်ကျသွားသည်။

“ဟေ့..ဖာဂေါင်းကြီး”

အစောပိုင်းက မီးခွက်ကိုင်ထားသူ လူငယ်က နောက်ကျောကို လက်ဖြင့်ပုတ်လိုက်သဖြင့် မော်စီက လှည့်ရိုက်ရန် ပြင်လိုက်သည်။

လူငယ်က မော်စီ၏ ပါးကို ခုန်လျက် လှမ်းရိုက်လိုက်သည်။

ပါးပြင်တစ်ဖက် ပူခနဲဖြစ်သွားချိန်တွင် တုတ်ကို လွှဲရိုက်လိုက်သဖြင့် လူငယ်၏ ညာဘက်မေးရိုးကို ဒုတ်ခနဲ ထိသွား၏။

လူငယ်က အတင်းဝင်လုံးပြီး မော်စီ၏ ပါးကို ဘယ်ပြန်ညာပြန်ဖိပွတ်ဆွဲတော့သည်။

မီးမသေသေးသည့် ရေနံဆီ မီးခွက်၏ အလင်းရောင်အောက်တွင် မော်စီ၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းရဲကုန်သည်။

လေးဂွကိုင်လူငယ်က လေးဂွကို ကောက်ယူပြီး လဲနေသည့် မော်စီ၏ ရင်ဘတ်ကို တဗုတ်ဗုတ်ဖြင့် ပစ်သည်။

အခြေအနေက မဟန်။

ထိုအချိန်တွင် ရှဲတမတ်မော်ဒယ်မလေး က အော်ဟစ်သဖြင့် မော်စီတို့အုပ်စုမှ လူမိုက်များရောက်လာကြသည်။

“ပြေး…ကြေးမုံ..ပြေးကွ”

ကြေးမုံက သူ့လက်ကြားတွင် ညှပ်ထားသော ဘရိတ်ဓါးအပိုင်းလေးကို လွှင့်ပစ်ကာ ပြေးရန်ပြင်သည်။

လေးဂွကိုင်ထားသည့် ဧရာကလည်း နာကြင်လွန်းသဖြင့် သွေးရူးသွေးတန်းအော်နေသည့် မော်စီ၏ ကိုယ်လုံးကြီးကို ခွကျော်လျက်ပြေးရန်ပြင်သည်။

ရေနံဆီမီးခွက်မှ မီးစသည်လည်း ဂုန်နီအိတ်အကာအရံကို တအိအိစွဲလောင်နေချေပြီ။

ကြေးမုံက ‌ပန်းဆိုးတန်းဘက်သို့ အတင်းပြေးထွက်သည်။

ဧရာက အနောက်မှ လိုက်ပြေးသည်။

သို့သော် သူတို့ နောက်ကျသွားလေပြီ။

တုတ်၊ ဓါးများကိုယ်စီကိုင်ထားသည့်လူတစ်အုပ်က ရှေ့မှ စီးလျက် သူတို့ကို ဝိုင်းရိုက်ကြတော့၏။

………………………………..

အဖြစ်အပျက်ကား ပန်းဆိုးတန်း ရှဲတမတ်တန်းကို ခေတ္တမျှ အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။

ရှဲတမတ်ဆိုသည်ကား ရန်ကုန်မြို့၏ အမှောင်လောကထဲမှ ထူးဆန်းသည့် လိင်ဖျော်ဖြေရေးလုပ်ငန်းတစ်ခု။

လမ်းကြိုလမ်းကြားမှောင်ရိပ်ကျနေရာများတွင် အကာအရံများကာရံထား၏။

ထိုအကာအရံအနောက် အမှောင်အတိထဲတွင် အဝတ်အစားမပါ ကိုယ်လုံးတီး အမျိုးသမီးငယ်တစ်ယောက် ထိုင်နေသည်။

အမျိုးသမီးငယ်၏ ဝတ်လစ်စလစ်ခန္ဓာကို ကြည့်ချင်သူများက လမ်းပေါ်တွင် “ရှဲ တစ်မတ်” ဟု အော်ကာ ဆွယ်သူများ နှင့် ချိတ်ဆက်ပါ။

ထိုရှဲတမတ်အဆွယ်ဆရာက ကိုယ်လုံးဗလာတီး နတ်သမီးရှိရာ လမ်းပြပါလိမ့်မည်။

နတ်သမီးရှေ့ ဂုန်နီအိတ်ကန်လန့်ကာတွင် စောင့်နေသည့် လူမိုက်ကို ငွေတစ်မတ်ပေးပြီးသည်နှင့် မီးခြံဆံတစ်ချောင်း နှင့် မီးခြစ်ဖာအခွံလွတ်တစ်ခုရလိမ့်မည်။

ဂုန်နီအိတ်နောက်ဝင်လိုက်ပြီးပါက မီးခြစ်ဆံတစ်ထောက်စာ ရှဲတစ်မတ်မော်ဒယ်၏ ဗလာကျင်းအလှကို ခံစားကြရမည်ဖြစ်သည်။

ထိုနှယ့် ရှဲတစ်မတ်စျေးကွက်သည် ရန်ကုန်၏ ညများ၊ ရန်ကုန်၏ လမ်းမများတွင် တွင်ကျယ်သည့်စျေးကွက်တစ်ခု။

ထိုစျေးကွက်ကို ချုပ်ကိုင်ထားသူများကတော့………..။

………………………………..

“ကိုကျော်ဝင်းကြီး..အဲ့ဒါ….ကျွန်တော့် ကျောင်းသားလေးတွေပါ..ကျွန်တော် တောင်းပန်ပါတယ်”

ပန်းဆိုးတန်း၊ ရောင်စိန်ကဖေး အပေါက်ဝရှိစားပွဲတွင် ခြေထောက်ချိတ်လျက်ထိုင်နေသော ကျော်ဝင်းကြီး အား ဆံပင်လိမ်ကောက်ကောက်၊ ဘောင်းဘီရှည်ဝတ်ထားသည့်လူက ဒူးထောက်မတတ် တောင်းပန်နေသည်။

“မင်းကောင်တွေလုပ်တာ…ငါ ရဲနဲ့ ရှင်းခဲ့ရပြီကွ…မော်စီမျက်နှာလည်း စုတ်ပြတ်သွားတယ်..အဲ့ဒါ ဘယ်ကကောင်တွေလဲ”

“ကျွန်တော့်ဆီ ပညာသင်နေတဲ့ ရှေ့ကျားလေးတွေပါ..ကိုကြီးကျော်ဝင်းရယ်..ကလေးတွေပါဗျာ..ကျွန်တော်တောင်းပန်ပါတယ်”

ကျော်ဝင်းကြီးက ဒူးယားစိမ်း စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်တေ့လိုက်သည်။

“ငါလည်းမတတ်နိုင်တော့ဘူး..ကြယ်နီရ…မိုးကျော်တို့က ဒီနှစ်ကောင်ကို ကြံတောထဲ သွားသတ်ပြီး မြုပ်မလို့လုပ်နေပြီကွ”

“ဟာ..မလုပ်ပါနဲ့ဗျာ… တစ်ယောက်က စမ်းချောင်းကပါ..သံတံတားမပု ‌မြေးလေးပါ…နောက်တစ်ယောက်က ကြံတောထဲက ကောင်လေးပါ..ကျွန်တော်ကြည့်ထိန်းပါ့မယ်”

“ဘာ..မပုမြေး..ဟုတ်လား..မပုမှာ သမီးရှိတယ်မကြားမိပါဘူးကွ”

“မပု ဆီမှာ နေတဲ့ မမြင့်ဝင်း သားလေးပါ”

“မမြင့်ဝင်းဆိုတာ ဟိုဆိုဖီယာလောရင့် လား”

“ဟုတ်ပါတယ်..ကိုကြီးကျော်ဝင်း”

ကျော်ဝင်းကြီး မျက်နှာက ပြုံးဖြီးဖြီး။

“အင်း..အပြုအစုကောင်းတဲ့ဇယ်ကြီးပဲ…အေးလေ..မင်းကျောင်းသားတွေဆိုတော့လည်း..ဒီတခါတော့ ငါရှော်ပေးလိုက်မယ်…ဟိုမှာ.ရပ်ထားတဲ့ သုံးဘီးပေါ်မှာ မိုးကျော်ရှိတယ်..မင်းကောင်တွေလည်း အဲ့ဒီနောက်ခန်းမှာတင်ထားတယ်”

ကြယ်နီက လက်ဖက်ရည်ဆိုင်၏ ခပ်လှမ်းလှမ်းရှိ မီးတိုင်အောက်တွင် ရပ်ထားသော သုံးဘီးဆီသို့ ပြေးသည်။

သုံးဘီးဘေးတွင် ရပ်နေသော ဘောင်းဘီရှည်၊ အင်္ကျီအကြပ်ဖြင့် မိုးကျော် ကို ရိုရိုကျိုးကျိုးဖြင့် စကားသွားပြော၏။

မိုးကျော်က ရောင်စိန်ရှေ့တွင် ထိုင်နေသော ကျော်ဝင်းကြီး ထံ လှမ်းကြည့်လိုက်သည်။

ကျော်ဝင်းကြီးကခေါင်ညိမ့်ပြလိုက်၏။

မိုးကျော်က သုံးဘီးကားနောက်တွင် တင်ထားသော ဂုန်နီအိတ်နှစ်ထုတ်ကို မေးငေါ့ပြကာ ရောင်စိန်ကဖေးဘက်သို့ ပြန်လျှောက်သွား၏။

သုံးဘီးကားနောက်တွင် လူးလွန့်လျက်ရှိသော ဂုန်နီအိတ်နှစ်လုံး။

ကြယ်နီက ဘောင်းဘီရှေ့အိတ်ကပ်ကြားတွင် ညှပ်ထားသော ဘလိတ်ဓါးပြားကလေးကို ထုတ်ကာ ဂုန်နီအိတ်များ ထိပ်တွင် ချည်ထားသော ကြိုးများကို ဖြတ်လိုက်သည်။

ဂုန်နီအိတ်အတွင်းမှ ကြေးမုံ နှင့် ဧရာ တို့ လက်ပြန်ကြိုးတုပ်လျက်သားထွက်လာသည်။

မျက်နှာတွင်လည်း ဒဏ်ရာများကိုယ်စီနှင့်။

မျက်လုံးများက ပြူးကြောင်ကြောင်။

“မအေဘေးလေးတွေ…..ထကြ”

………………………………..

အပြန်လမ်း။

“မင်းတို့ကောင်တွေကွာ..မသာပေါ်တော့မလို့…ကုလားလေး ကို မင်းတို့ကျေးဇူးတင်..ဒီကောင်က လူအုပ်စု အုပ်စုမို့ ဝင်ကြည့်ရင်း မင်းတို့မှန်းသိလို့ ငါ့ဆီ ပြေးလာပြောလို့သာ.အချိန်မှီတာ..နို့မဟုတ်..လူမသိ သူမသိ မြေမြုပ်ခံရတော့မှာ..”

ကြယ်နီက ကြိမ်းသည်။

“နေပါဦး..မင်းတို့ကို မီးခြစ်ဆံနဲ့ ကြည့်ခိုင်းတာ ဘယ်က မီးခွက်က ပါလာတာလဲ”

“အိမ်က ယူလာတာပေါ့ဗျ..ရေနံဆီ တမတ်ဖိုးတောင် ထည့်လာသေးတယ်”

ကြေးမုံက ပြောသည်။

“စောက်ကလေးတွေ….ပေါက်ပေါက်ရှာရှာလုပ်ချက်ကွာ”

“ဟုတ်တယ်လေ..ကိုကြယ်နီရာ..ရှဲတမတ်ဆိုပြီး ခဏလေးကြည့်ရတာအားမရဘူးဗျ..ဒါကြောင့် မီးခွက်ကြိုယူသွားပြီး မီးညှိ့ပြီး အားရပါးရကြည့်ပစ်တာလေဗျာ..ဘာဖြစ်လဲ”

“ဟုတ်ပဗျာ…အားပါးပါး.ခုထိ..မျက်စိထဲကကို မထွက်တော့ဘူး”

ကြယ်နီက ဧရာ ကို နားရင်းအုပ်လိုက်သည်။

“အေး..ကံကောင်းလို့ မြေကြီးထဲ မရောက်တာကို မျက်စိထဲက မထွက်လုပ်နေ.ဟတ်လား.ငါလိုးမ နှာဘူးလေးတွေ”

“ခင်ဗျားကရော နှာဘူးမဟုတ်လို့ ဂန်ဒူးလား..ကိုကြယ်နီရာ”

“ဟ..ဘူးတာတော့ ဘူးတာပေါ့ကွ..ဒါနဲ့ မင်းတို့က စမ်းချောင်းထဲမှာ ရှဲတမတ်ဇယ်တွေ ဒီ‌လောက်ပေါတာ ဘာလို့ ပန်းဆိုးတန်းကို ကျော်ပြီး သွားရတာလဲ”

“ကိုကြယ်နီကလည်းဗျာ…စမ်းချောင်းထဲက ရှဲတမတ်ဇယ်တွေက ကျွန်တော့်ကို အကုန်သိနေကြတာ..မမြင့်ဝင်းသား ဆိုပြီး ဒေါ်ပုကြီးကို ပြန်တိုင်ကြမှာဗျ..ပြီးတော့ အဲ့ဟာမကြီးတွေက ကျွန်တော် နဲ့ အကုန်ဓာတ်သိတွေချည်း”

“အေး..အဲ့ဒါနဲ့ပဲ..မင်းတို့က တကယ့်မီးစကို သွားဆွဲတယ်ပေါ့”

“နေပါဦးဗျ..အဲ့ဒီလူတွေက ဘယ်သူတွေမို့လဲ”

“မင်းအမေလင်တွေက ကျော်ဝင်းကြီးနဲ့ မိုးကျော် ကွ…ပန်းဆိုးတန်း ရှဲတမတ်လိုင်းက သူတို့ စောင့်‌ရှောက်မှုအောက်မှာရှိတာ.. မင်းတို့ကွာ..မီးမွှေးတဲ့ကောင်တွေ”

“သြော်..အဲ့ဒါ ကျော်ဝင်းကြီးဆိုတာလား..ကျွန်တော်တို့ကို ကြိုးတုတ်ပြီး ကွဲအောင်ချတဲ့ကောင်က မိုးကျော်ပေါ့”

“အေး..ဟုတ်တယ်…လက်ပြတ်မိုး‌ကျော်က.မင်းတို့ကို မြေသွားမြုပ်တော့မလို့လုပ်နေပြီ..ငါရောက်လာတာ..ကံကောင်းတယ်မှတ်”

“ကျော်ဝင်းကြီး…မိုးကျော်”

ကြေးမုံက ခပ်တိုးတိုးရေရွတ်လိုက်သည်။

………………………………..

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်နယ်များ၏ ဖက်ဒရယ်အခွင့်အရေးတောင်းဆိုမှု အပေါ် အကြောင်းပြကာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းက ရွေးကောက်ခံ ပထစအစိုးရထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူလိုက်သည်။

ဝန်ကြီးချုပ်ဦးနု အပါအဝင် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးလိုက်သည်။

၁၉၆၂ ခုနှစ် မတ်လ ၉ ရက်နေ့တွင် အာဏာသိမ်း တော်လှန်ရေးကောင်စီစစ်အစိုးရက သွင်းကုန်စနစ်သစ်ကို (၂)နှစ် ရပ်ဆိုင်းကြောင်းထုတ်ပြန်သည်။

၁၉၆၂ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်မြို့တွင်း ဝင်လာသော စစ်ကားများ

ဧပြီလ ၃၀ ရက်နေ့ ရတနာပုံရေတပ်စခန်းတွင်ကျင်းပသည့်တော်လှန်ရေးကောင်စီတပ်မှူးများအစည်းအဝေးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ကို ကြေငြာခဲ့သည်။

ထိုနေ့တွင်ပင် “ဗမာပြည်စာနယ်ဇင်း”ကောင်စီကိုဖွဲ့စည်းခဲ့ပြီး တော်လှန်‌ရေးကောင်စီက မြန်မာနိုင်ငံ၏ လွတ်လပ်ဖွံ့ဖြိုးနေသော စာနယ်ဇင်းလောကကို စတင်ချုပ်ကိုင်ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းတော်လှန်ရေးကောင်စီသည် အာဏာသိမ်းသိမ်းပြီးချင်းပင် တက္ကသိုလ်ကျောင်းသားများ၏ ဆန့်ကျင်ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျောင်းသားဆန္ဒပြမှုများအား ပစ်ခတ်နှိမ်နင်းခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုက်လ ၈ ရက်နေ့ နံနက် ၃ နာရီခွဲတွင် တော်လှန်ရေးကောင်စီအစိုးရက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦ အား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်တော့သည်။

စီးပွားရေးဘက်တွင်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်အရ နိုင်ငံခြားသားလုပ်ငန်းရှင်များကို သွင်းကုန်လိုင်စင်ထုတ်မေပေးတော့ပဲ နိုင်ငံသားများကိုသာထုတ်ပေးမည့်စနစ်သို့ ပြောင်းလဲသည်။

သို့သော် မြန်မာလုပ်ငန်းရှင်များမှာ နိုင်ငံခြားကုမ္ပဏီများနှင့် အဆက်အသွယ်ကောင်းကောင်းမရှိချေ။

ထို့ကြောင့် သွင်းကုန်လိုင်စင်ရသည့် စစ်တပ်နှင့်နီးစပ်သောလုပ်ငန်းရှင်များမှာ သွင်းကုန်လိုင်စင်များကို နိုင်ငံခြားသားများထံ လက်သိပ်ထိုးရောင်းချကြရပြန်သည်။

ဗမာလုပ်ငန်းရှင်များကို အမြတ်ငွေပေးကာ ဝယ်ယူခဲ့ရသည့် သွင်းကုန်လိုင်စင်အတွက် နိုင်ငံခြားသားလုပ်ငန်းရှင်များမှ ကုန်ပစ္စည်းများကို အမြတ်များစွာတင်ပြီး ရောင်းချကြပြန်သည်။

ထို့နောက် “လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ခြင်း ဥပဒေ” ကို ပြဌာန်းပြီး ပြည်သူများပိုင်ဆိုင်သည့် ပုဂ္ဂလိဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စျေးဆိုင်များကို စစ်အင်အားဖြင့် အတင်းအဓမ္မသိမ်းယူကြသည်။

ကောက်ပဲသီးနှံရောင်းဝယ်ရေးကိုပါ စစ်တပ်က ထိန်းချုပ်လိုက်သဖြင့် လယ်သမားများ အခက်တွေ့ကြရသည်။

မဆလအစိုးရ၏ စီမံကိန်းများမှာ မစတင်မှီတွင်ပင် ပြည်သူပိုင်သိမ်းခြင်းကို ဦးဆောင်သည့် စစ်ဘက်အရာရှိများ၏ အကျင့်ပျက်ခြစားမှု၊ လုပ်ငန်းဆိုင်ရာမကျွမ်းကျင်မှုတို့ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ပေ။

ပါလီမန်ဒီမိုကရေစီခေတ်တွင် ဖွံ့ဖြိုးလာနေဆဲဖြစ်သော စျေးကွက်စီးပွားရေးစနစ်မှာ ရုတ်တရက်ရပ်တန့်ပစ်လိုက်ရခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးမှာနေ့ချင်းညချင်း ချွတ်ခြုံကျသွားသည်။

စစ်တပ်နှင့်နီးစပ်သောလုပ်ငန်းရှင်များမှာ ပိုမိုကြွယ်ဝလာကြပြီး ပြည်သူလူထုမှာမူ အခြေခံသွင်းကုန်များကိုပင် စျေးကြီးပေးဝယ်ယူခဲ့ကြရသည်။

ဂျုံ၊ နို့ဆီ၊ နို့မှုန့် စသော သွင်းကုန်များနှင့် အထည်လိပ်ကုန်အမျိုးမျိုးသည် ရှားပါးစပြုလာခဲ့သည်။

ပြည်သူလူထုသည်လည်း စားဝတ်နေရေးကြပ်တည်းစပြုလာပြီး စစ်အုပ်ချုပ်ရေးအောက်တွင် ဒုစရိုက်မှုလုပ်ငန်းများ အားကောင်းလာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအတွင်းတွင်လည်း မငြိမ်သက်သေးပဲနေရာလုပွဲများ ဖြစ်ပေါ်နေသဖြင့် အခြေခံအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် လာဘ်ပေးလာဘ်ယူမှုများစွာရှိခဲ့သည်။

ကုန်ပစ္စည်းတင်သွင်းခွင်များကို ကြပ်မတ်ပိတ်ပင်လိုက်သဖြင့် တရားမဝင် မှောင်ခိုစျေးကွက်များကား တစ်ခုပြီး တစ်ခု စတင် ကြီးထွားလာနေခဲ့သည်။

ထို့ကြောင့် အဓိကမြို့တော်ဖြစ်သော ရန်ကုန်သည် အမှောင်ခေတ်ဆီသို့ ဦးတည်နေပြီဖြစ်သည်။

ထိုကာလ ရန်ကုန်မြို့လယ်ခေါင်ရှိ အမှောင်လောကကို ကြီးစိုးထားသည့် လူမိုက်ကြီးများထဲတွင် ကျော်ဝင်းနှင့် မိုးကျော် ပါဝင်သည်။

သူတို့ကားနာမည်ကျော် ပန်းဆိုးတန်းအုပ်စု၏ ခေါင်းဆောင်များဖြစ်ကြသည်။

ရှဲတမတ်လိုင်း၊ ပြည့်တန်ဆာလိုင်း၊ ခါးလိုင်း၊ အရက်ပုန်း၊ မူးယစ်ဆေးဝါး စသည့် ဒုစရိုက်သမားတိုင်း၊ ဒုစရိုက်လုပ်ငန်းများသည် သူတို့၏ စောင့်ရှောက်မှုအောက်တွင်လှုပ်ရှားကြရသည်။

ပန်ဆိုးတန်းအုပ်စုကို ကျော်ဝင်းကြီး၊ မိုးကျော်တို့ က ဦးဆောင်ပြီး အီဆာ၊ အီဆတ်၊ အလီ ဟူသည့် လက်ရဲဇက်ရဲလူမိုက်များက ဝန်းရံထားသည်။
ဆေးရုံကြီးဝန်းအုပ်စုကို ပီတာကြီး က ခေါင်းဆောင်ပြီး အဘူး၊ ကာစင် ညီအစ်ကိုက ဝန်းရံထားသည်။

ဆေးရုံကြီးဝန်းအုပ်စုမှာ ဗိုလ်ချုပ်စျေးနှင့် လဟာပြင်စျေးကို အခြေပြုပြီး မှောင်ခိုပစ္စည်းစျေး၊ သူခိုးစျေး လောင်းကစား ကိစ္စများ ကိုချုပ်ကိုင်ထားသည်။

………………………………..

ညကားမှောင်ပြီ။

ကြည်မြင်တိုင်ရှိ ဗားဂရာအနောက်ဘက်ရှိ အရက်ဆိုင်တဲတန်းဆီသို့ ကိုကြယ်နီနှင့် ကြေးမုံ တို့ လှမ်းလာခဲ့ကြသည်။

ဧရာကတော့ သူ၏ မွေးစားမိဘများရှိရာ ကြံတောသုဿာန်ထဲသို့ ပြန်သွားပြီဖြစ်သည်။

“ဘီအီးဒီစီ တစ်ပိုင်းနဲ့ ပဲခြမ်းသုပ်တစ်ပွဲ မကရင်မ”

“ဘီအီးက ကုန်ပြီ…ဆတ်ချိုနု နဲ့ ချက်ကြီး တော့ ရဦးမယ်”

“ဒါဆိုလည်း ချက်ကြီးတစ်ပိုင်း ပဲ ယူခဲ့ဗျာ”

မကရင်မက ချက်အရက်တစ်ပိုင်းနှင့် ပုလင်းညိုဖင်ပြတ်ဖန်ခွက် နှစ်ခွက်လာချပေးသည်။

ကိုကြယ်နီက ဖန်ခွက်ထဲသို့ ချက်အရက်ကို ငှဲ့ထည့်လိုက်သည်။

ရေနံဆီမီးခွက်အလင်းရောင်အောက်မှ ဒဏ်ရာဗလပွနှင့် ကြေးမုံ၏ မျက်နှာကို ကြည့်ပြီး
“ကြေးမုံ.မင်းစောက်ခွက်တစ်ခုလုံးလည်း ဖူးနေတာပဲ.မင်းအမေ မေးရင် ငါဘယ်လိုပြောရမှန်းတောင်မသိဘူး”

“အမေက ဒီအချိန် သူ့အလုပ်နဲ့သူ မအားပါဘူးဗျာ..ဒါနဲ့ ကိုကြယ်နီ ရော ဒီအချိန် အင်းစိန်ပြန်လို့ မှီပါ့မလား”

“မပုကြီးဘိမှာပဲ အိပ်လိုက်တော့မယ်လေကွာ”

“ခင်ဗျားကြီးကလည်း…ဒါပဲ”

ကြေးမုံက ကြယ်နီကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

“ကဲ..ကြေးမုံ..ဒဏ်ရာတွေ နာနေတယ်မဟုတ်လား..တစ်ခွက်လောက်တော့ ချလိုက်ကွာ”

ကြယ်နီက ဖန်ခွက်နောက်တစ်ခုထဲ အရက်ကို ငှဲ့ကာ ကြေးမုံဆီသို့တိုးပေးလိုက်သည်။

ကြေးမုံက ဖန်ခွက်ထဲမှ အရက်ကို ရေဘူးထဲမှ ရေဖြင့် ရောလိုက်ပြီး ဂွတ်ခနဲ မော့လိုက်၏။

“ငါတစ်ခု ပြောမယ် ကြေးမုံ..မင်းနောက်ကို ခါးလောကထဲ ဝင်မယ်ဆို..ကျော်ဝင်းကြီးတို့နဲ့ သွားမငြိပါစေနဲ့ကွာ.. ငါတို့ ခါးတွေလောကကို နောက်ကွယ်က ကိုင်ထားတာလည်း ကျော်ဝင်းကြီးတို့ပဲကွ…ငါတို့ နှိုက်ရပါ ပစ္စည်းတွေ ဖျောချင်ရင် သူတို့ဆီမှာ ဖျောရတယ်..သူတို့မသိပဲ တစ်ခြားသွားဖျောလို့ မရဘူး…ငါတို့ ငွေလိုရင်လည်း သူတို့ပဲ ကြိုတင်ငွေထုတ်ထားပေးတာကွ…သူတို့ကို ဘာမှ ကျော်လုပ်လို့မရဘူး..အဲ့ဒါကို မင်းမှတ်ထား”

“ကိုကြယ်နီ..ဒီကောင်ကြီးတွေကို အတော်ကြောက်တာပဲနော်”

“‌ဟေ့ကောင်…ဒီနေ့တောင် မင်းတို့ကို ဂုန်နီအိတ်ထဲထည့်ပြီး‌ မြေမြုပ်တော့မှာ…မင်းကရော မကြောက်လို့လား”

ကြေးမုံက ပဲခြမ်းသုပ်တစ်ဇွန်းကို ခပ်စားလိုက်သည်။

“ကြောက်တာပေါ့ဗျာ…ကျွန်တော်က သေမှာမပြောနဲ့..ကိုယ့်အသားနာမှာတောင် အရမ်းကြောက်တာ..ဒီတော့”

“ဒီတော့ ဘာဖြစ်လဲဟ..ငါပြောသလို ဒီလူတွေအနှောင့်အယှက်ဖြစ်အောင်မနေနဲ့ပေါ့..အဲ့ဒီလိုနေသမျှ ငါတို့ဘေးကင်းမှာပဲ”

“မဟုတ်ဘူးဗျ..ကိုယ်ကြောက်ရမယ့်အရာတွေကို ဒီလောကမှာ မထားတာအကောင်းဆုံးပဲ..မဟုတ်လား..ကိုကြယ်နီရဲ့”

“မင်းဟာ ဘာစကားလဲဟ”

“ကျွန်တော်ကြီးလာရင် ကျော်ဝင်းကြီးကို သတ်မယ်..ဒါမှ သူ့ကို မကြောက်ရတော့မှာ”

ကြယ်နီ၏ သောက်လက်စ အရက်ခွက်ပင် ဂလုခနဲဖြစ်အောင် သီးသွားသည်။

“ဟာ..ဒီကောင်..ရှူးတိုးတိုး..ဟ…ငါလခွီး..မင်းငါ့ကိုပါ ခေါင်းပြတ်အောင်လုပ်နေပြီ..”

ကြယ်နီနှင့် ကြေးမုံတို့ အရက်ပုန်းဆိုင်မှ ထပြီး သံတံတားလမ်းဘက်ရှိရာသို့ လျှောက်လာကြသည်။

ကြေးမုံနေထိုင်ရာ သံတံတားလမ်းနှင့် ဇလွန်လမ်းကြားရှိ သံတံတားမပု၏ အိမ်မဲကြီးကား ထိုအချိန်မှ လူအဝင်အထွက်စတင်စည်ကားနေတော့သည်။

ကြေးမုံက အိမ်မဲကြီးနောက်မှ သူတို့သားအမိအနေထိုင်ရာ ဝါးတန်းလျားလေးဆီ ဝင်သွားသည်။

အမေက ဒီအချိန် အိမ်မဲကြီးဘက်မှာ သူ့ဖောက်သည်တွေနဲ့ အလုပ်လုပ်နေရောမည်။

ကြယ်နီက မပု ထိုင်နေသည့် ပက်လက်ကုလားထိုင်ဆီသို့ လျှောက်သွား၏။

ရေနံဆီမီးအိမ်၏ အလင်းရောင်တွင် မပု၏ လက်ပင်းမှ ရွှေဆွဲကြိုးတုတ်တုတ်ကြီးက ပိုလင်းနေသယောင်။

“မပု..ဆိုဖီယာလော့ရင်ကြီး အားလားဗျ..ကျွန်တော်ဝင်ချင်လို့”

ထိုအသံကြောင့် နောက်ဖေးသို့ လှမ်းနေသော ကြေးမုံ တုန့်ခနဲ ရပ်သွားသည်။

ဆိုဖီယာလောရင့် ဆိုသည်က သူ့အမေ မမြင့်ဝင်း၏ ပြည့်တန်ဆာလောကတွင် အမည်တွင်သော နာမည်မှန်း သူသိသည်။

ကိုကြယ်နီက သူ့အမေနှင့်။

နောက်သို့ လှည့်ကြည့်နေသော ကြေးမုံကို သံတံတားမပုက သတိထားမိသွား၏။

“ဟဲ့ကောင်…ဟိုမှာ ကလေးကြည့်နေတယ်..နင်တော်တော် စည်းမရှိတဲ့ကောင်ပဲ…အဲ့ဒါ နင်ပညာသင်ပေးနေတဲ့ နင့်တပည့်ရဲ့ မအေ မဟုတ်ဘူးလား…မရဘူး..အပု နဲ့ ခင်သန်း နှစ်ယောက်ပဲရမယ်”

ထိုအခါမှ ကြယ်နီက နောက်သို့ လှည့်ကြည့်လိုက်သည်။

ကြေးမုံက အံကို ကြိတ်လျက် သူ့ကို ကျောခိုင်းသွားပြီဖြစ်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း (၂) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>