ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

0
3255

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီးတွင် စစ်ကောင်စီတပ်ကင်းစခန်းကို ရေးဘီလူးအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ‌နံနက် ၁၀ နာရီခွဲဝန်းကျင်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

“ပစ်ခတ်မှုဖြစ်တာကတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ PDF အဖွဲ့နဲ့ ဖြစ်ကြတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်ဆေးတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့ကမူ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီးက ပစ်ခတ်မှုတွင် လက်ဦးမှုရယူ၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ရွာဟောင်းအနီးမှာ တိုက်ပွဲခဏဖြစ်တယ်။ ကျွန်တော်တို့ လက်ဦးမှုရတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။

စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းလုပ်နေသည့်အပြင် စစ်ကောင်စီ သတင်းပေးနေသူတို့ ပိုင်ဆိုင်သည့် ကုန်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းပြင် ကျောက်မိချောင်းရွာနှင့် ကျုံလောင်းရွာဟောင်းကြားရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်ကိုလည်း ၄၀ မမဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့သည် ပွင့်လင်းရာသီကာလတွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်သောကြောင့် ပြည်သူများ အသွားအလာ သတိရှိကြရန်၊ စစ်ကောင်စီနှင့် ပတ်သက်သူတို့ အနီးအနားမနေကြရန် ပြီးခဲ့သည့်ရက်ပိုင်းက သတိပေးချက် ထုတ်ပြန်ထားသည်။